ISP China Desk

စာတမ်းအမည် – On the Road to Kyauk Phyu

ရေးသားသူ – Felix Sternagel

ထုတ်ဝေသည့်အဖွဲ့ – Heinrich Boll Stiftung

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ အောက်တိုဘာ

စာတမ်းအပြည့်အစုံOn the Road to Kyauk Phyu

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့် လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့် အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။ ထိုပိုက်လိုင်းလမ်းကြောင်းအတိုင်း မီးရထားလမ်းဖောက်လုပ်ရန်ကိုလည်း စီစဉ်ထားသည်။

ကျောက်ဖြူတွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သော အထူးစီးပွားရေးဇုန်ဆောက်လုပ်ရန် နှစ်နိုင်ငံအကြား သဘောတူညီမှုရထားပြီးဖြစ်သည်။ ဤအစီရင်ခံစာသည် ထိုစီမံကိန်းများနှင့် စပ်လျဉ်းသော အောက်ပါမေးခွန်းများကို အဖြေရှာနိုင်ရန်ဖြစ်သည်။

၁။ ဒေသအဆင့်တွင် ဒေသခံပြည်သူများက စီမံကိန်းများကို မည်သို့မြင်သနည်းနှင့် မည်သို့သော လိုလားတောင်းဆိုချက်များရှိကြသနည်း။

၂။ နိုင်ငံအဆင့်တွင်  မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရန်နှင့် ကြွေးမြီ၀န်မပိစေရန် စီမံကိန်းများကို မည်သို့အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသနည်း။

၃။ ပထဝီနိုင်ငံရေးအဆင့်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မည်သည့်အကျိုးစီးပွားများ ရှိသနည်းနှင့် ထိုအကျိုးစီးပွားများသည် စီမံကိန်းကို မည်သို့ ပုံပေါ်လာစေသနည်း။

၁။ ဒေသအဆင့်

ကျောက်ဖြူသည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။ ယင်းဒေသရှိ လူငယ်များသည် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ရေကြည်ရာမြက်နုရာရှာဖွေရန် မိမိတို့နေရပ်ကိုစွန့်ခွာလာကြသည်။ ဒေသခံပြည်သူများနှင့် ဆွေးနွေးရာတွင် ကျောက်ဖြူမြို့နေလူတန်းစားများသည် ပိုမိုသော အလုပ်အကိုင်အခွင့်အလမ်းများကို မျှော်လင့်ကာ အထူးစီးပွားရေးဇုန်စီမံကိန်းကို ကြိုဆိုကြသည်။

သို့သော် ကျေးလက်နေလူတန်းစားများကမှု မိမိတို့၏မြေယာများသိမ်းဆည်းခံရမည့်အရေးနှင့် အထူးစီပွားရေးဇုန်ကြောင့် ပေါ်ထွက်လာမည့် အလုပ်အကိုင်များတွင် ဝင်ရောက်ဆောင်ရွက်ရန် မိမိတို့၌ လိုအပ်သောအရည်အချင်းများ ပြည့်မီခြင်းမရှိ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။ သို့ဖြစ်ရာ မိမိတို့၏ မြေယာများအတွက် သင့်တင့်သော လျော်ကြေးငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ပြင်ဆင်ပေးသည့် သင်တန်းများကို လိုလားကြသည်။

ထိုတောင်းဆိုလိုလားချက်များသည် ရန်ကုန်တွင်အကောင်အထည်ဖော်လျက်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်မှရရှိသည့် အတွေ့အကြုံများနှင့်လည်း ကိုက်ညီသည်။ မြေယာများအတွက် လျော်ကြေးငွေများထုတ်ပေးခဲ့သော်လည်း ရွေ့ပြောင်းခံရသူများသည် အထူးစီးပွားရေးဇုန်အတွင်းသော်လည်းကောင်း၊ အခြားနေရာများတွင်သော်လည်းကောင်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိခြင်းကြောင့် လူမှုဘဝပျက်စီးဆုံးရှုံးမှုများနှင့် ကြွေးမြီနွံနစ်ခြင်းများဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ စီစဉ်အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် ဒေသခံများ၏ပါဝင်မှုများ ပိုမိုရှိလာစေရန် လိုအပ်သည်။

၂။ နိုင်ငံအဆင့်

ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ရာတွင် မြန်မာအစိုးရသည် ငွေကြေးပမာဏအမြောက်အမြား ထည့်ဝင်ရန်လိုအပ်သည်ဖြစ်ရာ ချေးငွေများကို ပြန်မဆပ်နိုင်ပါက သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းကဲ့သို့ပင် တရုတ်နိုင်ငံအား ၀ကွက်အပ်လိုက်ရမည်ကို စိုးရိမ်မှုများရှိကြသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှထည့်၀င်ရမည့် ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်ကို တစုံတရာ လျော့ချနိုင်ခဲ့သော်လည်း ကမ္ဘာတဝန်းရှိ အထူးစီးပွားရေးဇုန်များအား လေ့လာဆန်းစစ်ချက်များအရ အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်မှုစေရန် ထိုဇုန်များကို နိုင်ငံ၏စီးပွားရေးနှင့် ချိတ်ဆက်ပေါင်းစည်းနိုင်ရန်လိုအပ်သည် ဟုထောက်ပြခဲ့ကြသည်။

ထိုသို့ပြုလုပ်နိုင်ရန်  မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်ရန်လိုအပ်သည်။ ထို့အပြင် အထူးစီးပွားရေးဇုန်သည် အထည်ချုပ်စက်ရုံကဲ့သို့သော လုပ်ငန်းများကို ဆွဲဆောင်နိုင်မည်ဖြစ်သော်လည်း ထိုလုပ်ငန်းများသည် လူမှုနှင့် သဘာ၀၀န်းကျင် ထိခိုက်မှုများရှိနေသလို ထိုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အချိန်တခုလိုအပ်မည်ဖြစ်သည်။

၃။ ပထဝီဗျူဟာအဆင့်

ရခိုင်ပြည်နယ်အရေးခင်းကြောင့် မြန်မာနှင့် အနောက်နိုင်ငံတို့အကြား ဆက်ဆံရေး ခွာပြဲနေချိန်တွင်  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနည်းစုသော နိုင်ငံရေးမဟာမိတ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ 

တရုတ်သည် ယခုဆက်ဆံရေးအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရန် ကြိုးပမ်းလာနိုင်သည်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံသည် ကျောက်ဖြူစက်မှုဇုန်ကို အဆောတလျင် တည်ဆောက်ရန် စီးပွားရေးစေ့ဆော်မှုများစွာ ရှိဟန်မတူသော်လည်း ရေနက်ဆိပ်ကမ်းနှင့် ရထားလမ်းများဆောက်လုပ်ရန် တွန်းအားတခုဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း ကျောက်ဖြူဒေသအား အာရုံစိုက်လာမှုများကိုအသုံးချပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ သို့သော် အားလုံးအကျုံးဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများဖြစ်စေရန် စီမံကိန်းများအား စီစဉ်ရေးဆွဲအကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူလူထု၏ပါဝင်မှုသည် အရေးကြီးသည်။