စာတမ်းခေါင်းစဉ် – ပဋိပက္ခပွားစေသော မီးလျှံများ (ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြုပ်နှံမှုများ)ရေးသားသူ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)ထုတ်ဝေသည့်အဖွဲ့ – ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ ဇူလိုင်လစာတမ်းအပြည့်အစုံရယူရန် – ပဋိပက္ခပွားစေသော မီးလျှံများ- ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့FUELLING CONFLICT (INVESTMENT EXACERBATING TURMOIL IN WESTERN BURMA)ပဋိပက္ခပွားစေသော မီးလျှံများရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ (အစီရင်ခံစာ မိတ်ဆက်)ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးကြီးမားသော စီမံကိန်းများ ဖော်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသော အခန်းကဏ္ဍတွင် ရှိနေသည်။ နှစ်စဉ် နိုင်ငံ့ဘဏ္ဍာ လိုငွေပြနေသော မြန်မာနိုင်ငံတွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမ္မတဦးသိန်းစိန်၏ အသွင်ကူး ပြောင်းမှုကာလမှ စတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွင်တွင်ကျယ်ကျယ်ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေတို့ကို ပြဌာန်းခဲ့သည်။ သို့သော် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော စီမံကိန်းကြီးများကြောင့် ဒေသခံများ၏ အဓိက လုပ်ကိုင်စားသောက်ရာ လယ်မြေယာမြေ ဆုံးရှုံးခြင်းများ၊ နေ့စဉ်လူမှုစီးပွားဘ၀များကို ထိခိုက်မှုခြင်းများ ဖြစ်လာရာ ထိုမှတဆင့် ပဋိပက္ခများဖြစ်ပေါ်လာစေရန် ဦးတည်နေသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ ထိုသို့ ကြီးမားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ ရခိုင်ဒေသတွင် ရင်ဆိုင်နေရသော သယံဇာတ ခွဲဝေမှုဆိုင်ရာ ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် တန်းတူညီမျှမှု နိုင်ငံရေး ပဋိပက္ခများအကြောင်းကို ရေးသားဖော်ပြထားသော အစီရင်ခံစာတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။ပဋိပက္ခပွားစေသော မီးလျှံများ(ရခိုင့်ဘ၀များကို တောက်လောင်နေသော ရင်းနှီးမြှုပ်နှံမှုများ) အစီရင်ခံစာကို ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) က ပြုစုရေးသားကာ ၂၀၂၀ ဇူလိုင်လတွင် ထုတ်ဝေခဲ့သည်။ ယခု အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းအရင်းများ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုများ၏ မြေယာနှင့် သဘာ၀သယံဇာတဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေသော အကြောင်းအရင်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတွင် ပြည်ထောင်စုအစိုးရထံ ဗဟိုချုပ်ကိုင်မှုအာဏာ လွန်ကဲစွာအသားပေးထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဒေသတွင်းပဋိပက္ခ မီးတောက်ကို ပိုမိုတောက်လောင်စေသော အကြောင်းအချက်များ၊ ရခိုင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမျာ၏ မြေယာနှင့် သဘာ၀သယံဇာတများအပေါ် ရခိုင်ပြည်သူလူထု၏ ရပ်တည်ချက် သဘောထားအမြင်ကို တင်ပြထားပြီး မြေယာနှင့် သဘာဝသယံဇာတ ပဋိပက္ခများတွင် ဆန္ဒထုတ်ဖော်ခဲ့သော တက်ကြွလှုပ်ရှားသူများအကြောင်းနှင့် အကြံပြုချက်များကဏ္ဍတို့ ပါဝင်သည်။ယခု အစီရင်ခံစာကို မိတ်ဆက်ရာတွင် အပိုင်းသုံးပိုင်း ခွဲလိုပါသည်။ ပထမဦးစွာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးရလဒ်များကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ ကျေးရွာ ၁၀ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး အနည်းဆုံး အရပ်သား ၂၅၇ ဦးကျော် သေဆုံးကာ ၅၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀၀ ကျော်မှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရသော ရွာသားများမှာ ၂၅၀၀၀၀ ကျော်အထိရှိပြီး အနည်းဆုံး ၁၅၆၀၀၀ ဦးမှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကျရောက်စဉ် ကာလအတွင်း လူဦးရေ ပြွတ်သိပ်စွာ နေထိုင်ကြရသည့် IDPs စခန်းများနှင့် စစ်ဘေးရှောင် စခန်းများတွင် ရောဂါဖြစ်ပွားလာပါက လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်မှုများ ရှိသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများမှာ မြင့်တက်လာသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ပိတ်ပင်ထားမှုများမှာ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ကြိုးပမ်းရာ၌ ကြီးစွာသော အခက်အခဲကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တစိတ်တဒေသလည်းဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ရေနံတင်သင်္ဘော ခြောက်စီးအထိ ဆိုက်ကပ်နေခြင်းနှင့် တရုတ်နိုင်ငံသား အလုပ်သမား ၄၀၀ ရှိသော ရေနက်ဆိပ်ကမ်းတွင် ဒေသခံအမျိုးသမီးများမှာ ကပ်ရောဂါကာလ၌လည်း အလုပ်ဆင်းကြရဆဲ ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများအပြင် အဆိုပါဆိပ်ကမ်းတွင် မှောင်ခိုပြည့်တန်ဆာစျေးကွက် ရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မည်ကို စိုးရိမ်ပူပန်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော ဦးဆောင်သူများကို ဒေသပိုင်အာဏာပိုင်များက တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။ဒုတိယပိုင်းအနေဖြင့် သယံဇာတခွဲဝေမှုဆိုင်ရာ ပဋိပက္ခမီးများ၊ တန်းတူညီမျှမှုနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခမီးတောက်များကို သတ္တုချကြည့်ပါက လက်ရှိ ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုပဋိပက္ခမီးတောက်များကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ၂၁ ရာစုတွင် အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသော ခါးပတ်တကွင်းလမ်းတစင်း စီမံကိန်းထဲတွင် ပါဝင်နေသော ရခိုင်ပြည်နယ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်မှီ၍ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၏ ထိုသို့သော လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် အိန္ဒိယနိုင်ငံမှ ဆောင်ရွက်နေသော ကုလားတန်မြစ်စီမံကိန်းကြောင့် ရခိုင်ဒေသသည် အိန္ဒိယ၏ ကုန်သွယ်ရေးဗဟိုချက်လည်း ဖြစ်လာမည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။ သဘာ၀သယံဇာတနှင့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် ပင်လယ်ထွက်ပေါက်ရှိသော ရခိုင်ပြည်နယ်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများမှ လုပ်ဆောင်နေသော ရင်းနှီးမြှုပ်နှံမှုအကြီးစား စီမံကိန်းများ၏ အချက်အလက်များကို အစီရင်ခံစာတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ရခိုင်ပြည်နယ်သည် နိုင်ငံတော်အခွန်ဘဏ္ဍာငွေ၏ အရင်းအမြစ်များဖြစ်သော ရေနံနှင့် သဘာ၀ဓာတ်ငွေ့ကဲ့သို့ စွမ်းအင်ပေါကြွယ်ဝသော်လည်း ပြည်နယ်အစိုးရတွင် သဘာဝသယံဇာတ အရင်းအမြစ်များအပေါ် ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ပြည်နယ်ဖွံ့ဖြိုးရေး အစီအမံများကို လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအရ အာဏာခွဲဝေကာ လုပ်ပိုင်ခွင့် ပေးမထားသော ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးသည့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် မညီမျှမှုများကို ဖြစ်ပေါ်စေကာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခမီးတောက်ကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။တတိယအပိုင်းအနေဖြင့် အစီရင်ခံစာပါ အကြံပြုချက်များကို အကျဉ်းချုံး ဖော်ပြပါမည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရထံသို့ အကြံပြုချက် ခြောက်ချက်၊ နိုင်ငံတကာအစိုးရများထံသို့ အကြံပြုချက် သုံးချက်နှင့် နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများထံသို့ အကြံပြုချက် တချက်တို့ကို တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ အစိုးရအား ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရန်နှင့် ကပ်ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းသို့ တရုတ်ရေနံတင်သင်္ဘောများ၊ အလုပ်သမားများ ဝင်ရောက်ခြင်းကို ရပ်ဆိုင်းထားရန်၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပဋိပက္ခဖြစ်ပွားရသော အခြေခံရင်းမြစ်ကို ဦးတည်သည့် နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြုလွှတ်တော်များ အတည်ပြု အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တဝှမ်းလုံးမှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့် စွဲဆိုထားသောအမှုများကို ချက်ခြင်းရုတ်သိမ်းပေးရန်၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက်ထားမှုကို ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။နိုင်ငံတကာအစိုးရများအား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန်နှင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်မြောက်ရေးတွင် ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်ရန်၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ကာ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားနယ်မြေများအတွက် ပမာဏများပြားသော ဖွံ့ဖြိုးတိုးတက်ရေးအကူညီနှင့် ထောက်ပံ့ငွေ၊ ချေးငွေများအား ဗဟိုအစိုးရထံသို့ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားရန်။ ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိနှင့် အသစ်ဖော်ဆောင်မည့် စီမံကိန်းများအား ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေပြု လွှတ်တော်မပေါ် ပေါက်မချင်း ရပ်ဆိုင်းထားရန် တိုက်တွန်းထားသည်။နိုင်ငံတကာစီးပွားရေးကော်ပိုရေးရှင်းကြီးများနှင့် ရှယ်ယာပါဝင်သူ ကုမ္ပဏီများအား တိုင်းရင်းသားပြည်နယ်များတွင် လက်ရှိနှင့် လုပ်ဆောင်ရန်စီစဉ်ထားသော ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် စီမံကိန်းများအား အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် လွှတ်တော် မပေါ်ပေါက်မချင်း ရပ်ဆိုင်းထားခြင်းအားဖြင့် ဒေသအာဏာပိုင်များ၊ ပြည်သူများနှင့် ရေရှည်လက်တွဲနိုင်မည့် ဆက်ဆံရေးကို ထူထောင်ရန် ဟူ၍ အကြံပြုထားသည်။နိဂုံးချုပ်အနေဖြင့် ယခုအစီရင်ခံစာကို အနှစ်ချုပ်ကြည့်ပါက ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြုပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားပါက ပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု နိုင်ငံခြား အစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား အကြံပြုတိုက်တွန်းထားသည်။အစီရင်ခံစာအနှစ်ချုပ်မူရင်းCOVID-19 ကပ်ရောဂါဆိုး၏ အကျပ်အတည်းကို တွေ့ကြုံခံစားနေကြရသည့် ကာလအတွင်း မြန်မာပြည် အနောက်ဘက်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် မကြုံစဖူးအနေအထားသို့ အရှိန်မြှင့်တင်လျက် ရှိနေသည်ဖြစ်ရာ မြန်မာအစိုးအရနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်မှ ကြွယ်ဝ လှသည့် သဘာဝသယံဇာတများအား အတင်းအဓမ္မ တူးဖော်ထုတ်ယူနေမှုများကို အဆောတလျင် ချက်ချင်းရပ်တန့် ပစ်ရန် လိုအပ်နေသည်။ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဘဲ ယင်းကဲ့သို့ တူးဖော်ထုတ်ယူမှုများသည် ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို မီးထိုးပေးရာ ရောက်သည်သာမက ဒေသတွင်းပြည်သူလူထုကို ခိုကိုးရာမဲ့ဘဝသို့ ထပ်မံတွန်းပို့ပေး နေသည်။ဌာနေပြည်သူများ၏ သဘောတူလက်ခံမှုကို မရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်မှု၊ စစ်တွေနှင့် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်နေသော ကုန်သွယ်ရေးစင်္ကြံများ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် စီမံကိန်းများအား ပြီးမြောက်အောင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသော လက်သည်များမှာ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများဖြစ်သည်။ဒေသတွင်းပြည်သူများသည် ယင်းစီမံကိန်းများမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိသည့်အပြင် ၎င်းတို့၏ မြေယာများ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကို ဆုံးရှုံးကြရပြီး သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေခဲ့သည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 အား ကြံ့ကြံ့ခံ ဖြတ်သန်းကျော်လွှား နိုင်စွမ်းကို ဆိုးဆိုးဝါးဝါး ကျဆင်းစေသည်။ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့်အပြင် Covid-19 ကြောင့် မြန်မာပြည်၏ အခြားသော နယ်စပ်အဝင်ဂိတ်များအား ပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း ကျောက်ဖြူမှ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောကြီးများ အဆက်မပြတ် ဆိုက်ရောက်ကာ တရုတ်ပြည်သို့ ပို့ဆောင်မည့်ရေနံများအား ကုန်ချ နေခဲ့သည်။ ယင်းတွင် Covid-19 ဆိုင်ရာ ကျန်းမာရေး ကာကွယ်စောက်ရှောက်မှု လုပ်ငန်းစဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်ခြင်း ရှိ၊ မရှိကို မသိရသည့်အတွက် အနီးဝန်းကျင်မှ ပြည်သူလူထုမှာ ရောဂါကူးစက်ခံရမည်ကို အထူးပင် စိုးရိမ်ကြောက်ရွံ့လျက် ရှိနေကြသည်။ရခိုင်ပြည်နယ်မှ သဘာဝသယံဇာတများအား ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ တူးဖော်ထုတ်ယူနေကြခြင်းတွင် အနောက်နိုင်ငံများမှ ရေနံကော်ပိုရေးရှင်းများသည် ပူးပေါင်းပါဝင်လျက်ရှိသည်။ ရခိုင်ကမ်းရိုးတန်းမှ သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ကြခြင်း၌ ၂၀၁၄ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ပါဝင် ရင်းနှီးမြှုပ်နှံ ခဲ့ကြသည်။ Australia Wood- side Energy နှင့် French Total ရေနံကုမ္ပဏီများသည် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အသစ်တွေ့ရှိသော သဘာဝဓာတ်ငွေ့သိုက်များမှ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အမေရိကန်ဒေါ်လာ ဘီလီယံချီသော သဘောတူညီချက်များကို ဆွေးနွေးလုပ်ဆောင်လျက်ရှိသည်။ မကြာသေးမီ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။၎င်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများနှင့် အများပြည်သူ သိရှိအောင် ထုတ်ပြန်ထားခြင်းမရှိသည့် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတို့သည် နေပြည်တော်အစိုးရ၏ တပြည်ထောင် ဗဟိုချုပ်ကိုင်စိုးမိုးမှုဥပဒေ စည်းမျဉ်းများကို အမှီသဟဲပြုကာ မိမိနိုင်ငံသားများအား တိုက်နေသည့် စစ်ပွဲကို ထောက်ပံ့နေလျက်ရှိသည်။ရခိုင့်တပ်တော်(AA)အား အပြုတ်တိုက်ရေးဟူသည့် မြန်မာအစိုးရ၏ မဟာဗျူဟာသည် မရှုမလှ ကျရှုံး လျက်ရှိကြောင်း သိသိသာသာ ထင်ရှားလာခဲ့သည်။ သို့ဖြစ်ရာ ယခုကာလသည် နိုင်ငံခြားအစိုးရများ၊ စီးပွားရေး ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများသည် ၎င်းတို့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒများကို ပြန်လည်သုံးသပ်ပြီး ရခိုင်ပြည်သူပြည်သားများ၏ ဆုံးရှုံးနစ်နာရမှုများကို အလေးဂရုပြု စဉ်းစားကြသင့်သည့် အချိန်အခါပင်ဖြစ်သည်။ဤအစီရင်ခံစာတွင် – ရခိုင်ပြည်နယ်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ဆုံးအခြေအနေများ၊ ဒေသတွင်း ပြည်သူများ၏ မြေယာနှင့် ရပိုင်ခွင့်များကို ကာကွယ်နိုင်ရန် ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်ရမှုများ၊ ပြည်တွင်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် အဓိကသော့ချက်တခုဖြစ်သည့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် သဘာဝသယံဇာတများအား မည်သို့ကိုင်တွယ် စီမံခန့်ခွဲကြမည်နည်း ဟူသော အဖြေထုတ်မှုများအတွက် နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ကြသူများ၏ အဆိုပြုချက်များကို ဖော်ပြထားသည်။ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေများတွင် ထိုးစစ်ဆင်နွှဲနေမှုများအား ချက်ချင်းရပ်တန့်ပြီး တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးမှုများကို စတင်အကောင်အထည်ဖော်ရန် မြန်မာအစိုးရအား တိုက်တွန်းသည်။လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်စေရန်အတွက် ရခိုင်ပြည်နယ်နှင့် တိုင်းရင်းသားနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများအားလုံးကို အနာဂတ် တွင်ဖြစ်ပေါ်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုလွှတ်တော်များ အတည်ပြု ပြဌာန်း အသက်ဝင်သည်အထိ ဆိုင်းငံ့ထားရန် နိုင်ငံခြားအစိုးရများနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား တိုက်တွန်းသည်။အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်းရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) သည် ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို စောင့်ကြည့်လာနေသော အဖွဲ့ဖြစ်သည်။ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့သည် ဗမာသဘာဝပတ်ဝန်းကျင်အလုပ်ဖွဲ့ (Burma Environmental Working Group) နှင့် Oil Watch South East Asia (Oil Watch SEA) တို့၏ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် မြန်မာ တနိုင်ငံလုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးအတွက် ဖက်ဒရယ်ဆိုင်ရာ သဘာဝသယံဇာတစီမံကိန်း စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသော အဖွဲ့လည်း ဖြစ်သည်။ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများကို www.oilwatcharakan.org တွင် ရယူနိုင်ပါသည်။အင်္ဂလိပ်ဘာသာhttps://www.oilwatcharakan.org/fuelling-conflict-investment-exacerbating-turmoil-in-western-burma/မြန်မာဘာသာhttps://www.docdroid.net/ti9iD5h/arakan-oil-watch-fuelling-conflict-briefer-report-in-burmese-pdf#page=3ဇေရှိုင်းဗိုလ်Categories: BRI Economic Armed Conflict CMEC တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များမြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ