ISP China Desk

စာတမ်းအမည် – China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

ရေးသားသူ

ထုတ်ဝေသည့်အဖွဲ့ – Transnational Institute

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇူလိုင်

စာတမ်းအပြည်အစုံ China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ၌ အစိုးရသစ်ပေါ်ပေါက်လာခြင်းနှင့်အတူ လူမှုနိုင်ငံရေးအခင်းအကျင်း ပြောင်းလဲလာသည်။ ယင်းက တရုတ်-မြန်မာဆက်ဆံရေး၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် သိသာထင်ရှားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။ ယခင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အသာစီးရနေရာမှ အမေရိကန်နှင့် ဂျပန်တို့ပါဝင်သော နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် လွှမ်းမိုးရန်ကြိုးပမ်းလာသောအခါ တရုတ်အနေနှင့် မြန်မာနိုင်ငံအပေါ် အလွှာစုံအခင်းအကျင်းနှင့် ဆက်ဆံလာရတော့သည်။

မြန်မာ့အပြောင်းအလဲများကို အသိအမှတ်ပြုသောအားဖြင့် တရုတ်အနေနှင့်  အရေးပါသော ခြေလှမ်းများကို လှမ်းလာခဲ့သည်။ ယခင်တပ်မတော်အစိုးရလက်ထက်က အစိုးရချင်းဆက်ဆံရေးကိုသာ အမှီပြုခဲ့ရာမှ ယခုအခါတွင် ၎င်း၏အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေး၊ လူ့အဖွဲ့အစည်းတို့နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်ဆံလာခဲ့သည်။ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်နှင့် ချိတ်ဆက်ရန် ရည်ရွယ်သော ယူနန်ပေါင်းကူး မဟာဗျူဟာမှ ပိုမိုရည်ရွယ်ချက်ကြီးမားသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်းဖြင့် အစားထိုးလာသည်။ ၎င်းစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို အနောက်ဖက်ရှိ အာရှ-ဥရောပ၊ အာဖရိကနိုင်ငံများနှင့် ကုန်းလမ်း၊ ရေလမ်းမှတို့တဆင့် ချိတ်ဆက်လိုခြင်းဖြစ်သည်။

အစိုးရအပြောင်းအလဲ၊ တိုင်းရင်းသားပဋိပက္ခနှင့် ၂၀၁၅ ခုနှစ်၊ ကိုးကန့် အရေးအခင်းတို့က နိုင်ငံရေးအရဆက်နွှယ်မှု၊ နယ်စပ်ဒေသတည်ငြိမ်မှု၊ လူမျိုးရေးတင်းမာမှုများ၊ တရုတ်နိုင်ငံသားတို့၏ လုံခြုံရေးနှင့် မြန်မာပြည်တွင်းရှိ ပိုင်ဆိုင်မှုတို့အပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။ ထိုစိန်ခေါ်ချက်များနှင့် တချိန်တည်းတွင်ပင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ဝေဖန်ဆန့်ကျင်မှုများ ခံနေရသည်။ ယခင်တပ်မတော်အစိုးရလက်ထက်က သဘောတူညီထားခဲ့သည့် စီမံကိန်းကြီးများမှာ အထူးအားဖြင့် ကန့်ကွက်ခံနေရသည်။ ကျွန်းသစ်နှင့် ကျောက်စိမ်းကဲ့သို့ သဘာဝသယံဇာတများကို တရားမဝင်မြောက်များစွာ ကုန်သွယ်နေခြင်းကြောင့် ဒေသခံပြည်သူများအတွက် အကျိုးအမြတ်ရရှိခြင်းမရှိဘဲ ၎င်းတို့၏လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်းများသာ ဖြစ်ပေါ်နေရာ ယင်းတို့အပေါ် မကျေနပ်မှုများ ပျံ့နှံ့လျက်ရှိသည်။

တရုတ်နိုင်ငံအနေနှင့် ၎င်း၏အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးကို ဦးစားပေးသည်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန်လုပ်ဆောင်ခြင်းနှင့် ငြိမ်းချမ်းရေးကို ကူညီလျက်ရှိပြီး  တချိန်တည်းမှာပင် တရုတ်အာဏာပိုင်တို့က လက်ရှိအုပ်ချုပ်ရေးစနစ် ရေရှည်တည်တံ့ခြင်းနှင့် တရုတ်နိုင်ငံအပေါ်သက်ရောက်လာနိုင်သည့် အကျိုးဆက်ကို စောင့်ကြည့်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်၏အခန်းကဏ္ဍသည် တရုတ်၏မဟာဗျူဟာစဥ်းစားချက်ထဲတွင် ခေါင်းခဲစရာတခု ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ မတ်လတွင် အရပ်သားဦးဆောင်သည့် NLD အစိုးရပေါ်ပေါက်လာသည့်အခါ ယင်းကိစ္စအပေါ် တရုတ်နိုင်ငံကို စိုးရိမ်ဝေဝါးမှုများ မြင့်တက်စေခဲ့သည်။

နှစ်နိုင်ငံ ကပ်လျက်တည်ရှိမှုနှင့် မပြေလည်မှုများရှိခဲ့သော သမိုင်းကြောင်းအရ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ရန်မှာ သာတူညီမျှမှုရှိခြင်းနှင့် အပြန်အလှန်လေးစားမှုရှိခြင်းတို့အပေါ် အခြေခံရန် အရေးကြီးသည်။ နှစ်နိုင်ငံလုံးမှ လူထုအကြံဉာဏ်၊ သက်ဆိုင်ရာဒေသခံ၊ အဖွဲ့အစည်းများနှင့် ထိတွေ့ခြင်းကို အားပေးသင့်သည်။ တရုတ်၏ အဓိကအာရုံစိုက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုထက် ၎င်း၏ ကိုယ်တိုင်အတွေ့အကြုံများအပေါ်အခြေခံသော စီးပွားရေးပြောင်းလဲမှုဖြစ်သည်။ တရုတ်အာဏာပိုင်များ နားလည်ရန်လိုအပ်သည်မှာ မြန်မာနိုင်ငံ စိန်ခေါ်မှုများ၏ အရင်းခံမှာ နိုင်ငံရေးဖြစ်ကြောင်း၊ ဝေဖန်မှုများသည် မသိနားမလည်၍၊ တရုတ်မုန်းတီးမှုအပေါ်အခြေခံ၍ မဟုတ်ကြောင်း၊ ဒေသခံပြည်သူလူထုအတွက် အကျိုးရှိစေသော ကောင်းမွန်သည့် စီမံကိန်များသည် ကြိုဆိုခံရမည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ ဦးစားပေးချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို လျစ်လျူရှုသော စီမံကိန်းဆိုးများအနေနှင့် ကြိုဆိုခံရလိမ့်မည်မဟုတ်ကြောင်း သိရှိရန်လိုအပ်ပါသည်။