ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍဦးခိုင်ဝင်းအား မေးမြန်းခြင်းဦးခိုင်ဝင်းသည် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။) မေး။ ၂၀၁၈ ခုနှစ် နှစ်ပိုင်းကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး စစ်ပွဲတွေကအစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာ များလာခြင်းဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ဖြေ။ တကယ်တော့ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲလို့ ဆိုရာမှာလည်း ကုန်သွယ်ရေးစစ်ပွဲထက်ပိုတယ်။ Technology War (နည်းပညာပါ ပြိုင်ဆိုင်မှု) ဖြစ်လာကြတယ်။ ကုန်သွယ်ရေးလို့ပြောရင် အမေရိကန်က သူတို့ဘက်က အမြဲ Deficit (လိုငွေပြတာ) ဖြစ်နေတယ်။ တရုတ်က အမြဲပိုပြီးပို့တယ်လို့ ပြောတယ်။ အဲဒါကို စီးပွားရေး ပညာရှင်တွေက လက်မခံကြဘူး။ နည်းပညာစစ်ပွဲလို့ အချို့က သုံးသပ်ကြတယ်။ Intellectual Property Rights (အသိဉာဏ် မူပိုင်ခွင့် ပစ္စည်း)တွေပါ တရုတ်ကို ခိုးတယ်။ Cyber Attack (ဆိုင်ဘာ တိုက်ခိုက်မှု)တွေ လုပ်တယ်။ အဲဒါတွေ သုံးပြီး Intellectual Property (အသိဉာဏ်မူပိုင်ခွင့်) ကို ချိုးဖောက်တယ်။ အဲဒီလိုမျိုး ပြောကြတယ်။ မှန်သင့်သလောက်လည်း မှန်တယ်။ဒါပေမဲ့ တကယ့်တကယ်တော့ နောက်ပိုင်းမှာ Data က အရေးကြီးလာပါတယ်။ တရုတ်က Technology Research and Development (နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးမှု)ကို အားပေးတယ်။ ကမ္ဘာပေါ်က ကုမ္ပဏီတွေကို ကြည့်တဲ့အခါ တကယ်နည်းပညာအဆင့်မြင့်တဲ့ ၁၀ ခု လောက်မှာ တရုတ်ကလည်း တော်တော်များများ တွေ့ရတယ်။ Tencent တို့၊ Alibaba တို့၊ Think Tank တို့မှာ သူဟာ ရှေ့ကိုရောက်တယ်။ Right Sharing ကားကုမ္ပဏီ DD တို့၊ Platform Economy မှာလည်း သူဟာ တော်တော်လေးကို ရှေ့ရောက်လာတယ်။ Huawei ဆိုရင် 5G Network တွေ လုပ်တယ်။ စီးပွားရေးအရရော စိန်ခေါ်မှု တွေရှိလာတာက အမေရိကန်ကုမ္ပဏီကြီးတွေ ကိုယ်တိုင်ကိုက စိုးရိမ်ပူပန်လာတာ ဖြစ်နိုင်တယ်။တရုတ်ရဲ့ သဘောသဘာဝကလည်း ဘာဖြစ်နေလဲဆိုတော့ တရုတ်ရဲ့ အစိုးရက တပါတီအာဏာရှင်စနစ် ဖြစ်နေတယ်။ တရုတ်နဲ့ မဆက်ဆံ လို့ကလည်း မရဘူး။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ ဥရောပသမဂ္ဂ ဆိုရင် EU-China Strategy (ဥရောပ-တရုတ် မဟာဗျူဟာ) ဆိုပြီး စာတမ်းတွေ ပြန်ပြီးထုတ်တယ်။ အမေရိကန်ကလည်း National Security Strategy အမျိုးသားလုံခြုံရေး မဟာဗျူဟာ ၂၀၁၇၊ ၂၀၁၈ ဆိုပြီး ထုတ်ကြတယ်။ ဘာတွေ့ရလဲဆိုတော့ တရုတ်အပေါ်မှာ အားပြိုင်မှုတွေ ရှိလာတယ်။ဒေသတွင်းနိုင်ငံတွေ စင်ကာပူ အပါအဝင်၊ ဂျပန်တို့ကလည်း ဘယ်ဘက်ကိုမှ လိုက်ချင်တဲ့ ဆန္ဒမျိုးမရှိဘူး။ တကယ်တမ်းပြန်ကြည့်ရင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း တရုတ်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုအပေါ်မှာ အများကြီး မူတည်တယ်။ တရုတ်က သိပ်ကျသွားလို့လည်း မရဘူး။ အမေရိကန်ဘက် လိုက်မလား၊ တရုတ်ဘက် လိုက်မလား၊ ဘယ်ဘက်လိုက်မလဲဆိုတဲ့ ရွေးချယ်မှုမျိုးကို ဘယ်သူမှ လက်မခံကြဘူး။ဒေသတွင်းနိုင်ငံတွေမှာလည်း တရုတ်အပေါ် စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတရှီကျင့်ဖျင် လက်ထက်မှာ အရှေ့ တောင်အာရှက တောင်တရုတ်ပင်လယ်မှာ ကျွန်းတွေ တည်ဆောက်တာ ဖြစ်လာတယ်။ ဖိလစ်ပိုင်နဲ့ နယ်နိမိတ်သတ်မှတ်တဲ့ အငြင်းပွားမှုတွေ ဖြစ်တယ်။ ဂျပန်နဲ့လည်းဖြစ်တယ်။ အင်ဒိုနီးရှားနဲ့လည်း ဖြစ်လာတယ်။ ဗီယက်နမ်နဲ့လည်း ဖြစ်တယ်။ အမျိုးမျိုးပြန်ပြီးတော့ စဉ်းစားသုံးသပ်စရာ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အချက်အချာတော့ကျတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာ ဆက်ထားတဲ့နေရာမှာရှိတယ်။ နယ်နိမိတ်မှာလည်း တရုတ်နဲ့နယ်နိမိတ်မှာ မိုင်တွေအများကြီး ထိစပ်နေတယ်။ လက်ရှိမှာလည်း စီးပွားရေးမှာ၊ ကုန်သွယ်မှုတွေမှာ အများကြီး ထိစပ်နေတယ်။ FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု)မှာလည်း စင်ကာပူပြီးရင် တရုတ်က အများဆုံးဖြစ်နေတယ်။ ကျန်တဲ့ စီမံကိန်းတွေလည်း အများကြီး ရှိနေတယ်။ အများကြီးတော့ သတိထားပြီး ဆက်ဆံရမယ်ပေါ့။ တရုတ်နဲ့လည်း မိတ်ပျက်လို့မဖြစ်ဘူး။ ကျန်တဲ့နိုင်ငံတွေနဲ့ကလည်း တတ်နိုင်သမျှ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားဖို့လိုတယ်။ မေး။ တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အကောင်အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျစတဲ့ နိုင်ငံတွေကလည်း လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင်ပြုမှုတရပ် ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ဒီ အင်ဒို-ပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လို အနေအထား ရှိပါသလဲ။ ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ပိုမိုမြင့်တက်လာစေပါသလား။ ဘေးကျပ်နံကျပ် ပို ဖြစ်လာစေပါသလား။ ဖြေ။ အရင်တုန်းက တရုတ်ပြည်က Low Profile (ခပ်ငြိမ်ငြိမ်) နေတာ။ အရင်တုန်းက တိန့်ရှောင်ဖိန်ပြောတဲ့စကားလို လက်သည်းဝှက်ထားပြီး နေခဲ့ကြတယ်။ အခုက တရုတ်က အင်အားကြီးလာတယ်။အခုတော့ အင်ဒို-ပစိဖိတ်ဆိုပြီး တရုတ်ကိုတန်ပြန်ဖို့ လုပ်ကြတယ်လို့ တချို့က မြင်တယ်။ တရုတ်က အနီးအနားရှိ တောင်တရုတ်ပင်လယ်တင် မဟုတ်တော့ဘဲ ဩစတြေးလျနား ပါပူဝါနယူးဂီနီအထိ ချဲ့ထွင်ဖို့ လုပ် နေတယ်။ အမေရိကန်တို့ဘက်ကလည်း သူတို့မဟာဗျူဟာအရ တောင်တရုတ်ပင်လယ်က ပထမစည်းပေါ့။ သူ့ရဲ့ အမှတ်(၇)ရေတပ် လည်း အဲဒီမှာရှိတယ်။ အဲဒီကဆုတ်ရင်တောင် ပစိဖိတ်သမုဒ္ဒရာကိုတော့ လက်လွှတ်ဆုံးရှုံးလို့ မရဘူးပေါ့။ ဂျပန်ဆိုလည်း သမိုင်းကြောင်းအရ တရုတ်နဲ့ ပြဿနာတွေရှိခဲ့တယ်။ အဲဒီအတွက် လုံခြုံရေးအတွက် တန်ပြန်ဖို့ သူတို့ ပြင်ဆင်လာကြတာပေါ့။ ထရမ့်လက်ထက်မှာ သူက ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကို ဖြတ်ပစ်ပြီး Isolationist policy (အထီးကျန်နေရေး မူဝါဒ)ကို သုံးတယ်။ ဥခွံထဲပြန်ဝင်တဲ့ စကားပေါ့။ အဲဒီ နိုင်ငံခြားရေးပေါ်လစီကို ပြန်သုံးပြီး America First (အမေရိကန် ပထမ)ကို လုပ်လိုက်တော့ တရုတ်က တက်လာတယ်လို့ တချို့က သုံး သပ်ကြတယ်။ အဲဒါကြောင့် အာရှတိုက်မှာဆိုလည်း အမေရိကန်ရဲ့ ဩဇာအာဏာ ကျလာတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြကြတယ်။ ဘယ်လိုပဲပြောပြောပေါ့။ ဂျပန်တို့ တောင်ကိုရီးယားတို့က Smart Power (စမတ်ပါဝါ) ကို ပြန်သုံးတယ်။ Trans-Pacific Partnership (ပစိဖိတ်သမုဒ္ဒရာကျော် မိတ်ဖက်ဖွဲ့ရေး)ကိုလည်း အပျက်မခံဘဲ ဂျပန်က ဆက်ဦးဆောင်တယ်။ အခြေခံ အဆောက်အဦတွေ တည်ဆောက်တယ်။တရုတ် BRI ရဲ့ ထူးခြားချက်က Hardware (အမာထည်)ပိုင်းကို အသားပေးတာ တွေ့ရတယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်)က ထုတ်တဲ့ အစီရင်ခံစာအရလည်း အာရှတိုက်မှာ အခြေခံအဆောက်အဦ လိုအပ်ချက် ၁ ဒသမ ၇ ထရီလီယံလောက် လိုတယ်။ ၂၀၃၀ အထိဆိုရင် ၂၆ ထရီလီယံလောက် အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု လိုအပ်မယ်လို့ သူတို့က ခန့်မှန်းထားတယ်။ မြန်မာနိုင်ငံဆိုရင်လည်း ပိုတောင်လိုဦးမယ်။ ဒီလို ဖြည့်ပေးမယ့်လူကို ပြည်သူတွေအပါအဝင် အားလုံးက ကြိုက်ကြတာပေါ့။အဲဒီနေရာကို တရုတ်ကို ယှဉ်နိုင်တာဆိုလို့ အာရှတိုက်မှာဆိုရင် ဂျပန် ပဲရှိတယ်။ ဂျပန်နဲ့ တရုတ် ကွာခြားချက်က သူက Quietly လုပ်တယ်။ အရှေ့တောင်အာရှမှာ ဂျပန်ကအဓိကပဲ။ တရုတ်က BRI လုပ်နေချိန်မှာ ဂျပန်က အရှေ့အနောက်စင်္ကြံဆိုတာ စတယ်။ တကယ့် Connectivity (ဆက်သွယ်မှုအားကောင်းရေး)ကို အာရှတိုက်မှာ ဂျပန်က အဓိက အာရုံထားတယ်။ အိန္ဒိယနဲ့လည်း ဆက်ဆံရေးကို တိုးမြှင့်လာတယ်။ အရှေ့တောင်အာရှမှာလည်း အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု တွေမှာ ပိုပြီး လုပ်လာတာ တွေ့ရတယ်။ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုက ပိုမြင့်တက်လာတယ်လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း လိုအပ်ချက်တွေက များနေတယ်။ ဒါကြောင့် တခြားကရင်းနှီးမြှုပ်နှံမှု မရှိရင်တော့ ဒီဘက်က တရုတ်ကိုပဲ လက်ခံရမယ်။ အဲဒီတော့ တခြားနိုင်ငံတွေအနေနဲ့ အကူအညီတွေရော ရင်းနှီးမြှုပ်နှံမှုတွေလာရင် လုပ်ရမှာပဲ။ ပထဝီအနေအထားအရလည်း မြန်မာက တရုတ်နဲ့အိန္ဒိယ နှစ်နိုင်ငံကြားမှာ ရှိတယ်။ အနောက်နဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ သင့်မြတ်အောင် ဆက်ဆံရမယ်။မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုက ပိုမြင့်တက်လာတယ်လို့ မြင်ပါတယ်။ ကိုယ့်နိုင်ငံမှာလည်း လိုအပ်ချက်တွေက များနေတယ်။ ဒါကြောင့် တခြားက ရင်းနှီးမြှုပ်နှံမှု မရှိရင်တော့ ဒီဘက်က တရုတ်ကိုပဲ လက်ခံရမယ်။ အဲဒီတော့ တခြားနိုင်ငံတွေအနေနဲ့ အကူအညီတွေရော ရင်းနှီးမြှုပ်နှံမှုတွေလာရင် လုပ်ရမှာပဲ။မေး။ တရုတ်၊ အမေရိကန်နဲ့ အခြားဒေသတွင်း အင်အားကြီးနိုင်ငံတွေအကြား ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေကို မြန်မာနိုင်ငံဟာ ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။ ဖြေ။ အပေါ်ယံကြည့်မယ်ဆိုရင်တော့ NLD အစိုးရဟာ ရွေးချယ်စရာမရှိလို့ တရုတ်နဲ့ပိုနီးစပ်သွားတယ်လို့ ပြောတဲ့လူတွေလည်း ရှိတာပေါ့။ ရခိုင် အရေးနဲ့ပတ်သက်လို့ ICJ က မြန်မာနိုင်ငံအပေါ် အထီးကျန်အောင် လုပ်တယ်။ သှူမှာ ရွေးချယ်စရာမရှိဘူး။ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှု နည်းသွားတယ်။ ဒါက မှန်သင့်သလောက် မှန်သော်လည်း လက်တွေ့မှာ ပြန်ကြည့်မယ်ဆိုရင်တော့ ဘက်ညီတယ်လို့ ပြောရမှာပဲ။ တတ်နိုင်သမျှ ဘာကို ထိန်းကျောင်းနေလဲဆိုတော့ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံမယ်၊ ကိုယ့်တိုင်းပြည် အကျိုးရှိဖို့ပဲ အဓိကကျတယ်ဆိုတဲ့ မူဝါဒ ထားတယ်။တရုတ်နဲ့က ဒီလောက်ကြီးမဟုတ်ဘဲ NLDအစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည်ဖော်မှုများတာက ဂျပန်နဲ့ ပိုများတယ်။ သီလဝါ လုပ်တယ်။ တောင်ကိုရီးယားနဲ့ဆိုလည်း များတယ်။ ဥပမာ- လှည်းကူး မှာလုပ်တဲ့ တောင်ကိုရီးယားအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန (Ministry of Construction) နဲ့ ပေါင်းပြီးတော့ မြို့သစ်စီမံကိန်းတွေ၊ စက်မှုဇုန်တွေ၊ ဒလတံတားစီမံကိန်းတွေ လုပ်ကြတယ်။ ကိုယ်နဲ့ ဆက်ဆံလို့ရသမျှ လူတွေနဲ့ အကုန်လုံး တတ်နိုင်သမျှလုပ်တယ်။ပြန်ပြီးကြည့်မယ်ဆိုရင် ဘယ်လိုဆက်ဆံနေလဲဆိုတော့ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်လာတာ တွေ့ရတယ်။ BRI Steering Committee မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာရှိတယ်။ (National Priority) နိုင်ငံတော်ရဲ့ ဦးစားပေးဖြစ်ရမယ်။ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါမှာလည်း သူပြောတယ်။ အားလုံးက Rules & Regulation (ဥပဒေစည်းမျဉ်း)က နိုင်ငံရဲ့ ဥပဒေတွေအတိုင်း၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေပါ ထည့်ပြောတာပေါ့။ မေး။ ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင် များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန် ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းနိုင်မယ့် အခြေအနေမျိုး ရှိနေပါသလား။ဖြေ။ တရုတ်ရဲ့ ဩဇာအာဏာလွှမ်းမိုးမှုဟာ စစ်အစိုးရလက်ထက်မှာ အကြီးဆုံးပဲ။ တကယ်တော့ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှသာ ပြောင်းသွားတာပေါ့နော်။ ဒါတောင်မှ အဲဒီအချိန်မှာ ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက် လိုင်းတွေ၊ လက်ပံတောင်း အဲဒါတွေက စစ်အစိုးရမဆင်းခင် လုပ်သွားတာ။ ဦးသိန်းစိန်ခေတ် မြစ်ဆုံ ရပ်လိုက်ပြီးနောက်ပိုင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကျသွားတယ်။ ကျသွားပြီးတော့မှ ပြန်ပြီးတော့ တက်လာတယ်။ ကျောက်ဖြူကလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ တင်ဒါခေါပြီး ရသွားပြီးတော့ ဆင်းခါနီးမှာ လက်မှတ်ထိုးသွားတာ။ တရုတ်က မြန်မာနိုင်ငံအတွက် အဓိက Player တော့ အခုထက်ထိ ဖြစ် နေတာပဲ။ပထမမေးခွန်းနဲ့လည်း ဆက်စပ်တယ်။ လွတ်လပ်ပြီး တက်ကြွတဲ့ဝါဒက ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ။ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ အင်အားကြီးနိုင်ငံလည်းဖြစ်တယ်။ ကုန်သွယ်တဲ့ပမာဏလည်း များတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကိုလည်း သူ ဘယ်လိုပဲ ငြင်းငြင်းပေါ့။ သမ္မတရှီကျင့်ဖျင်က လက်နက်မထောက်ပံ့ပါဘူးပဲ ပြောပြော။ ဘယ်သူမှ မယုံကြဘူး။ သူ တိုက်ရိုက် မထောက်ပံ့တောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ သူ ခွင့်ပြုထားလို့ပေါ့။ ကိုယ့်အချင်းချင်း စည်းလုံးနေမယ်၊ သဘောထားတွေ တူနေမယ်ဆိုရင် တရုတ်အပေါ် အားကိုးစရာ မလိုတော့ဘူး။ တရုတ်က ဝင်ပြီးပါမှ၊ သူ့ရဲ့ အာဏာနဲ့လုပ်မှ ငြိမ်းချမ်းရေးရမယ်ဆိုရင် ဒါက ရေရှည်အတွက်တော့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်နိုင်ချင်မှဖြစ်နိုင်မယ်။မန္တလေးကို ကြည့်လိုက်ပေါ့။ သူတို့ဆီက ရွှေ့ပြောင်းတွေ ဝင်လာတယ် ပြည်တွင်းကမှ မဟုတ်တာ။ စီးပွားရေးတွေ လွှမ်းမိုးတယ်။ မြေတွေ ဝယ်တယ် တည်ဆောက်ကြတယ်။ အဲဒီအပေါ်မှာ လူတွေဟာ အများ ကြီးအဆိုးမြင်တယ်။ အဲဒီအပေါ်မှာ ရိုက်ခတ်မှုတွေက အခုလာမယ့် တရုတ်စီမံကိန်းတွေအပေါ် ကျလာတယ်။ ဒါကလည်း နှစ်ဖက်စလုံးရဲ့ အုပ်ချုပ်စီမံမှုတွေ တချိန်က မကောင်းခဲ့လို့ပါ။ တရုတ်အနေနဲ့ ပြန် စဉ်းစားဖို့လိုတာက မြန်မာနိုင်ငံ အပါအဝင် တခြား BRI စီမံကိန်းတွေ မှာ သူတို့ တကယ်အကျိုးရှိပါ့မလား ဆိုတာကိုပဲ။ တချို့ပညာရှင်တွေ ပြောတာက Debt Trap (ကြွေးမြီထောင်ချောက်) ဆိုတဲ့ဟာက တခြား နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ပြန်ဖြစ်မယ်ဆိုတာ။အရေးကြီးတယ်လို့ထင်တာက တရုတ်ပြည်မှာလည်း အစိုးရက တရပ်တည်းရှိတာ မဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေကလည်း အများကြီး ကွဲနေတယ်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ (SOEs) တွေရဲ့ အကျိုးစီးပွားနဲ့ တရုတ်ဗဟိုအစိုးရရဲ့ အကျိုးစီးပွားကလည်း တူတာ မဟုတ်ဘူး။ တရုတ်ပြည်ကိုယ်တိုင်က တကယ်တော့ Governance (အုပ်ချုပ်မှုစနစ်) ကောင်းတဲ့နိုင်ငံ မဟုတ်ဘူး။ အဂတိလိုက်စားမှု (Corruption) ကလည်း များတဲ့နိုင်ငံဖြစ်တော့ သက်ဆိုင်တဲ့ အကျိုးစီးပွားတွေကလည်း များတယ်။ မေး။ ဒီ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကြောင်းအချက် အခြေအနေတွေကို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လိုပြင်ဆင်မှုမျိုးတွေက အထောက်အကူ ပြုစေနိုင်ပါသလဲ။ဖြေ။ အင်အားကြီးတွေပြိုင်ဆိုင်မှု (Great Power Rivalry) မှာတော့ ဘက်မလိုက်ချင်ဘူး။ နှစ်ယောက် အားပြိုင်မှုတွေကနေ အကျိုးအမြတ် အများဆုံးရအောင် လိုချင်တယ်။ တတ်နိုင်သမျှ ဖြစ်နိုင်တဲ့ အန္တရာယ် ဖြစ်နိုင်တဲ့ဟာတွေကို လျှော့ချမယ်။ အဲဒါ ချဉ်းကပ်မှု အကောင်းဆုံး လို့ပဲ ထင်တယ်။ ဘယ်လိုလုပ်မလဲဆိုရင်တော့ Hedge (အကာအကွယ်ယူ) လုပ်ရမယ်။ အဓိကကတော့ မြန်မာအတွက် အာဆီယံနိုင်ငံဖြစ်တယ်။ အာဆီယံကလည်း ဘာပဲပြောပြော ဒေသတွင်းမှာ အရေးပါတော့ အာဆီယံကို Hedge (အကာအကွယ်ယူ) လုပ်ဖို့ လိုတယ်။ ဒါ့အပြင် အာဆီယံထက် အင်အားရှိတဲ့ နိုင်ငံတွေ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့နဲ့လည်း Hedge (အကာအကွယ်ယူ) လုပ်ဖို့လိုတယ်။ ဒါက အာဆီယံ +၃ တို့ +၅ တို့ လုပ်နေတာပဲ။ နောက်ထပ်ပြီးတော့ အာဆီယံနဲ့ အီးယူနဲ့ ဆက်ဆံရေးရှိတယ်။ ဥရောပသမဂ္ဂ ကိုလည်း Hedge (အကာအကွယ်ယူ) လုပ်ဖို့လိုတယ်။ အမေရိကန် ကတော့ ဝေးပေမယ့် သူကလည်း အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှု (Great Power Rivalry) မှာ ပါတော့ တဆင့်အနေနဲ့ ရောက်လာပြီး ဒီမှာ ရှုပ်နိုင်တဲ့ အနေအထား။ ဆိုတော့ အဲလိုမဖြစ်အောင်တော့ တတ် နိုင်သမျှ သတိထားရမယ့် အချက်တွေပါ။ကိုယ့်မှာလည်း မဟာမိတ်တွေ ရှိဖို့လိုတယ်။ တရုတ်က ကျနော်တို့နိုင်ငံ ကို အထောက်အပံ့ ဖြစ်စေနိုင်တဲ့ဟာက Labour intensive industries (လုပ်အားအခြေပြု လုပ်ငန်း)တွေပဲ။ ကျနော်တို့နိုင်ငံဆီ အဲဒါတွေ ဝင်လာမယ်ဆိုရင်လည်း ကိုယ်တွေနိုင်ငံမှာက ဘာမှမရှိဘူး။ ပျမ်းမျှ ကျောင်းနေမှုတောင် လေးတန်းပဲရှိတာ။ လူတွေက ဘာမှ Skill (ကျွမ်းကျင်မှု) လည်း မရှိတော့ အဲဒီလိုလူတွေ၊ လယ်ယာကဏ္ဍမှာ ပိုနေတဲ့ လူတွေကို ပေးနိုင်တာက Labour intensive (လုပ်အားအခြေပြု) လုပ်ငန်းတွေပဲရှိတယ်။ ဘာက အရေးကြီးပြန်လဲ ဆိုတော့ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ဖို့က အရေးကြီးတယ်။ မြန်ဆန်ပြီးတော့ စနစ် တကျ လုပ်တတ်ဖို့ကတော့ တကယ် လိုတယ်။ အဲဒီ ပြဿနာတွေအတွက် နိုင်ငံတော်ကလည်း မူဝါဒ ချမှတ်ပြီး တဦးချင်းစွမ်းရည်တွေ တက်လာအောင် လုပ်ဖို့လိုတယ်။Categories: Bilateral Relations Diplomacy Economy Politics Social Geopolitics Interviews တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံအနေဖြင့် သတိပြုရမည့် အချက်များတရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ တတိယပတ် (အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ) China Desk AdminISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။