ISP China Desk
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ - ဦးခင်မောင်လင်းအား မေးမြန်းခြင်း

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

ဦးခင်မောင်လင်းအား မေးမြန်းခြင်း

ဦးခင်မောင်လင်းသည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ၏ တွဲဖက်အတွင်းရေးမှူး- ၁ ဖြစ်သည်။

 

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

 

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ တွေကအစ တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှုတွေအထိ  ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ်မှာ ဘယ်လိုသက်ရောက်မှု တွေရှိနိုင်ပါသလဲ။

ဖြေ။      သက်ရောက်မှုတွေက Negative ရော Positive ရော ရှိတယ်။ Positive Effect အနေနဲ့ကတော့ Trade War Impact ကြောင့် အာဆီယံနိုင်ငံတွေဆီကို တရုတ်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ ပြောင်းရွှေ့မှုတွေ ရှိလာတယ်။ နည်းပညာပိုင်းအရ ထိုင်းတို့၊ စင်ကာပူတို့လို နိုင်ငံတွေမှာ ရှိတဲ့ Tech ကုမ္ပဏီတွေက အကျိုးအမြတ် ရသွားကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ နည်းပညာ၊ Infrastructure, Doing business ပိုင်းတွေ အားနည်းတော့ ဒီလိုအခွင့်အရေးတွေ ရှိတာတောင် မဖမ်းဆုပ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။

Negative Effect အနေနဲ့ကတော့ Trade War ကြောင့် ငွေကြေး မတည်ငြိမ်မှုတွေ ဖြစ်တယ်။ ငွေကြေးမတည်ငြိမ်မှုတွေကြောင့် သွင်းကုန်၊ ထုတ်ကုန်တွေ လည်ပတ်တဲ့အခါ အရှုံးအမြတ်တွေက ခန့်မှန်းမရ ဖြစ်လာတယ်။ ဒါကြောင့် အာဆီယံနိုင်ငံများအတွင်း ကုန်သွယ်မှုတွေပါ မတည်ငြိမ်ဘူး။

နောက်တချက်က Trade War Impact ကြောင့် ကုန်သွယ်မှုလမ်းကြောင်းတွေ ပြောင်းတယ်။ စက်ရုံတွေ ရွှေ့သလိုပေါ့။ တရုတ်အနေနဲ့ အမေရိကန်နဲ့ တိုက်ရိုက်ကုန်သွယ်တဲ့အခါ အခွန်အခတွေ များတာကြောင့် အမေရိကန်နဲ့အဆင်ပြေတဲ့ အာဆီယံနိုင်ငံတွေ အဓိကအားဖြင့် ဗီယက်နမ်လိုနိုင်ငံမျိုးတွေကတဆင့် အမေရိကန်ကိုပို့တယ်။ ဒီလို Supply Chain တွေ ရွှေ့တာကို အမေရိကန်ဘက်က သိတဲ့အခါ အာဆီယံဒေသအတွင်း အချို့နိုင်ငံတွေအပေါ်မှာ ဖိအားပေးမှုတွေရှိလာတယ်။

 

မိမိအမြင်ကိုပြောရမယ်ဆိုရင် BRI က လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ပြီး Indo-Pacific strategy ကတော့ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်မှန်းဦးတည်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုရဲ့ ဦးတည်ချက်က မတူဘူး။ မြန်မာနိုင်ငံက ဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့  Geopolitic အရေးပါမှုက ပိုပြီးမြင့်တက်လာစေနိုင်တယ်။

မေး။      တရုတ်နိုင်ငံရဲ့ BRI နဲ့ အမေရိကန်နိုင်ငံတွေရဲ့ Indo-Pacific strategy တွေရဲ့ကြားထဲ မြန်မာပြည်ရဲ့အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှု ပိုမိုမြင့်တက်စေသလား၊ ဘေးကျပ်နံကျပ်ဖြစ်စေလား။

ဖြေ။      မိမိအမြင်ကိုပြောရမယ်ဆိုရင် BRI က လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ပြီး Indo-Pacific strategy ကတော့ နိုင်ငံရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်မှန်းဦးတည်ပါတယ်။ ဒါကြောင့် ဒီနှစ်ခုရဲ့ ဦးတည်ချက်က မတူဘူး။ မြန်မာနိုင်ငံက ဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့  Geopolitic အရေးပါမှုက ပိုပြီးမြင့်တက်လာစေနိုင်တယ်။ မိမိနိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်ရန် သတိထားဖို့တော့ လိုပါတယ်။ မြန်မာပြည်ရဲ့ ပထဝီအနေအထားဟာ အင်အားကြီးနိုင်ငံတွေအတွက်သာမက အာရှပစိဖိတ်ဒေသတခုလုံး အတွက်ပါ အရေးပါတဲ့နေရာမှာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်ခုကြားမှာ မိမိနိုင်ငံအကျိုးအတွက် လက်တွေ့ကျစွာ ရပ်တည်နိုင်ရင်တော့ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ဘေးကျပ်နံကျပ်မဖြစ်အောင်  အမြော်အမြင်ရှိစွာနဲ့ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ် ပါးနပ်မှုရှိပြီး သက်ဆိုင်ရာနိုင်ငံများနဲ့ အဆင်ပြေစွာပေါင်းသင်းဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။

 

မေး။      တရုတ်-အမေရိကန် အားပြိုင်မှုတွေအကြား မြန်မာက ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ။      မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရကတည်းက ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးရမှာ ဖြစ်ပါတယ်။ အချိန်အခါနဲ့ အခြေအနေကွာဟစဉ် ပြောင်းလဲလျက်ရှိနေသော်လည်း မြန်မာနိုင်ငံ အစဉ်တစိုက် ကျင့်သုံးခဲ့တဲ့ လွတ်လပ်သော နိုင်ငံခြားရေးဝါဒ၊ နိုင်ငံအားလုံးနဲ့ မိတ်ဖက်မပျက်ဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရာမှာ ကောင်းမွန်ရေး၊ အခြားနိုင်ငံများနဲ့ ဆက်ဆံရေးမှာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်နှင့် အညီ ကျင့်သုံးနေထိုင်ရေးဆိုတဲ့ အခြေခံမူကြီးများကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးပြီး မိမိနိုင်ငံအပေါ် အထင်သေးမခံရအောင် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သူများ မစော်ကားရဲတဲ့ နိုင်ငံမျိုးဖြစ်အောင် ကြိုးစားတည်ဆောက်ကြဖို့ လိုပါတယ်။

 

မေး။      ၂၀၁၇ နောက်ပိုင်းကစပြီးတော့  အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ အပြစ်တင်တာမျိုး၊ ဖယ်ကြဉ်တာမျိုး လုပ်လာတယ်။ တဖက်မှာ တရုတ်ကလည်း သူ့ BRI ကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ ရှိလာတဲ့အခါကျတော့ တရုတ်နဲ့ ပိုပြီး နီးကပ်လာတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှမတူအောင်ကို များလာခဲ့ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့တယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ်တဲ့ အခြေအနေ ရောက်သွားနိုင်တဲ့ တရုတ်ရဲ့လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနမျိုး ရှိပါသေးသလား။

ဖြေ။      တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများပြားလာတယ် ဆိုတဲ့အမြင်ဟာ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့အမြင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိရောက်သော စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေး၊ စက်မှုနဲ့ အဆင့်မြင့်နည်းပညာများ တိုးတက်အောင် အားပေးမှု၊ တမျိုးသားလုံး အလုပ်ကြိုးစားလုပ်ကိုင်ပြီး ခေါင်းဆောင်များကောင်းတဲ့အတွက် နှစ်ပေါင်း ၄၀ အတွင်း ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးတယ်ဆိုတာလည်း စီးပွားရေးအခြေအနေအရလို့ပြောရင် ပိုမှန်ပါမယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးအင်အားကြီးလာတာနဲ့အမျှ အခြားအာဆီယံနိုင်ငံများနဲ့လည်း အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု များပြားစွာ ပြုလုပ်ထားလို့ စီးပွားရေးအရ လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးဟာလည်း ဆက်နွှယ်မှုရှိတာကြောင့် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေဟာ စည်းလုံးညီညွတ် အင်အားတောင့်တင်းတဲ့ အာဆီယံအသိုက်အဝန်းကို အောင်မြင်အောင် ထူထောင်နိုင်ဖို့ လိုပါတယ်။ မိမိအမြင်အရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လွှမ်းမိုးမှုရှိတယ်လို့ မယူဆပါဘူး။ မြန်မာနိုင်ငံရေးသမားတွေဟာ စားတတ်ဖားတတ်ဖို့ထက် ပါးနပ်ဖို့ ပိုပြီး အရေးတကြီးလိုပါတယ်။ လွတ်လပ်ရေးရပြီးခါစနဲ့  ဘက်မလိုက်လှုပ်ရှားမှု ခေတ် အစပျိုးချိန်က ရှိခဲ့တဲ့ တကယ်ချစ်ကြည်ရင်းနှီး အကျွမ်းတဝင်ရှိပြီး နားလည်မှု၊ အပြန်အလှန် ကူညီရိုင်းပင်းမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုရှိတဲ့ မြန်မာ-တရုတ်ဆက်ဆံရေးမျိုးကို ယခုလိုအချိန်မှာ ပြန်လည်ပျိုးထောင် တည်ဆောက်ဖို့လိုပါတယ်။

အခု မိမိတို့ကျင့်သုံးနေတာ ကျဉ်းမြောင်းတဲ့ နိုင်ငံခြားရေးမူဝါဒ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ယခင်က ဒုက္ခရောက်တဲ့နိုင်ငံများကို စားနပ်ရိက္ခာ ပေးပို့ကူညီခြင်း၊ ကုလသမဂ္ဂနဲ့ ဘက်မလိုက်အဖွဲ့မှာ တက်ကြွစွာပါဝင်လှုပ်ရှားခြင်း။ မိတ်ဆွေနိုင်ငံ ပေါများခြင်းတို့ကြောင့် နိုင်ငံခြားဆက်ဆံရေးမှာ အောင်မြင်ခဲ့သလို အောင်မြင်သော ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ခဲ့ရင် နိုင်ငံခြားဆက်ဆံရေးမှာလည်း ယခင်ကလို အောင်မြင်အောင် ကြိုးစားရပါမယ်။ အဲဒါကိုမျှော်မှန်းပြီး အခုကတည်းက ပညာရေး မြင့်မားပြီး အရည်အချင်းပြည့်ဝသော ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ သံတမန်များ၊ အစရှိသူတွေ မွေးထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုလို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ ပြုလုပ်နေတဲ့ကာလမှာ မြန်မာနိုင်ငံအပေါ် အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ အထင်အမြင် လွဲမှားမှုများကြောင့် နိုင်ငံခြားရေးမူဝါဒ ကျဉ်းမြောင်းတယ်လို့ တချို့က မှားယွင်းစွာ ယူဆကြခြင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိနဲ့ အနာဂတ်မှာလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ဆက်လက်စွဲကိုင်ပြီး ဆက်လက် ကျင့်သုံးသွားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ယဉ်ကျေးပျူငှာခင်မင်ဖော်ရွေတတ်မှု၊ ငြိမ်းချမ်းစွာ အေးအေးချမ်းချမ်း နေထိုင်လိုမှု၊ မေတ္တာတရားထားရှိနိုင်မှု စတဲ့ ကောင်းတဲ့အစဉ်အလာတွေကို ကမ္ဘာက ပိုပြီး သိအောင်လုပ်ကြဖို့ လိုအပ်ပါတယ်။

 

နိုင်ငံအချင်းချင်း ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုသုံးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း Common Sense  ရှိသူတိုင်းက လက်ခံကြမှာပါ။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းအားဖြင့် ဘယ်တော့မှ ငြိမ်းချမ်းမှုကို မရနိုင်ပါ။ နိုင်ငံအများအပြားဟာ မိမိတို့ နိုင်ငံအသီးသီးရှိ သုတေသီ အဖွဲ့အစည်းများရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အကြံပြုချက်များကို အလေးထားပြီး ပြည်တွင်း၊ ပြည်ပမူဝါဒများ ချမှတ်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။

မေး။      ဒီလို ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို ဘယ်လို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လို ပြင်ဆင်ရမလဲ။

ဖြေ။      ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးဓနဥစ္စာစီးပွားနဲ့ နိုင်ငံရေးဩဇာ မကျဆင်းအောင် တိုးသထက်တိုးဖို့သာ လုပ်ဆောင် ကြမှာ သဘာဝပါပဲ။ အဲဒီလိုလုပ်တဲ့အတွက်လည်း ပထဝီနိုင်ငံရေး အခင်းအကျင်းတွေ၊ နိုင်ငံရေး စီးပွားရေး အခြေအနေတွေ ပြောင်းလဲနေပြီး အများအားဖြင့် စိန်ခေါ်မှုအသစ်တွေ၊ ပြဿနာပဋိပက္ခတွေ၊ အငြင်းပွားမှု၊ မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေ ဒီနေ့ကမ္ဘာမှာ နေ့စဉ်ကြုံတွေ့နေကြရပါတယ်။

ဒီလို ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရှောင်ပြေးဖို့တော့ မကြိုးစားပါနဲ့။ လက်တွေ့ကျမှာ မဟုတ်ပါ။ အချို့ပြဿနာတွေကို ဉာဏ်အမြော်အမြင်နဲ့ ကြိုတင်တွေးဆပြီး ရှောင်နိုင်အောင်၊ သက်သာအောင်၊ မီးမလောင်ခင်ကတား ဆိုသလို ရှောင်လွှဲနိုင်ကောင်းပေမယ့် ပြဿနာ တခုပြီးတခု တက်နေတဲ့ ဒီနေ့ကမ္ဘာမှာ ဘယ်ပုံဘယ်နည်း ဘယ်သူနဲ့ ပူးပေါင်းဖြေရှင်းကြမလဲ ဆိုတာကိုသာ စဉ်းစားကြရပါမယ်။

နိုင်ငံအချင်းချင်း ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုသုံးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း Common Sense  ရှိသူတိုင်းက လက်ခံကြမှာပါ။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းအားဖြင့် ဘယ်တော့မှ ငြိမ်းချမ်းမှုကို မရနိုင်ပါ။ နိုင်ငံအများအပြားဟာ မိမိတို့ နိုင်ငံအသီးသီးရှိ သုတေသီ အဖွဲ့အစည်းများရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အကြံပြုချက်များကို အလေးထားပြီး ပြည်တွင်း၊ ပြည်ပမူဝါဒများ ချမှတ်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ တရုတ်သမ္မတရှီ ဟာဆိုရင် သုတေသီအဖွဲ့များရဲ့ အကြံဉာဏ် ကို တန်ဖိုးထားသူတဦး ဖြစ်ကြောင်းသိရပါတယ်။ ကဏ္ဍအလိုက် ကျွမ်းကျင်ပြီး ဉာဏ်အမြော်အမြင်ရှိတဲ့ ပညာရှင်များရဲ့  နိုင်ငံနဲ့ ပြည်သူများ အကျိုးအတွက် ဘက်မလိုက်သော၊ မျှတသော၊ အမှန်အတိုင်း ဝေဖန် အကြံပြုချက်များကို မူဝါဒများချမှတ်ရာမှာ ထည့်သွင်းစဉ်းစားတယ်ဆိုရင် အမှားနည်းပြီး မလိုလားအပ်သော ပြဿနာများကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားဩဇာ သက်ရောက်မှုမရှိ လွတ်လပ်သော ကိုယ်ကျိုးမဖက် ပြည်သူနဲ့နိုင်ငံဘက်က ရပ်တည်ပြီး အမှန်အတိုင်း ပွင့်လင်းစွာ အကြံပြုတဲ့ သုတေသီအဖွဲ့များရဲ့ အကြံဉာဏ်များကိုရယူပြီး ဆောင်ရွက်သင့်ပါ တယ်။ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အလျောက် အာဆီယံရဲ့ စည်းလုံးညီညွတ်သောအင်အားကို တည်ဆောက်ကာ ဩဇာရှိ ထိရောက်သော အာဆီယံမိသားစု အသိုက်အဝန်းအဖြစ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် ကဏ္ဍအားလုံးမှာ ပြင်ပ အင်အားကြီး နိုင်ငံများရဲ့ ချယ်လှယ်ချင်တိုင်းမရတဲ့ အင်အားကောင်းသော ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးတခုအဖြစ် ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်လှုပ်ရှားသင့်ပါတယ်။ ဒေသရေးကိစ္စရပ်များဟာ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားပုံကို သတိမူပြီး ဥမကွဲ သိုက်မပျက် ညီညွတ်စွာနဲ့ ပြဿနာများ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြဖို့ လိုပါတယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။