ISP China Desk
China Railway Construction Corporation Limited - CRCC Photo - CRCC Facebook Page

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် အခြေစိုက်ပြီး ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီကြီး ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ တွင်လည်း ပါဝင်သည့် CRCC ကို တရုတ်နိုင်ငံတော်ကောင်စီ၏ နိုင်ငံပိုင်ပစ္စည်းများ ကြီးကြပ်ရေးနှင့် စီမံအုပ်ချုပ်ရေး ကော်မရှင်က တိုက်ရိုက်အုပ်ချုပ်သည်။ ၂၀၀၈ ခုနှစ်တွင် CRCC သည် ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့အိတ်ချိန်းတို့တွင် မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ၏ ပင်မရင်းနှီးမြှုပ်နှံငွေမှာ ယွမ် ၁၃.၅၈ ဘီလီယံရှိကြောင်းဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် CRCC ကုမ္ပဏီသည် မြန်မာရွှေယင်း ကုမ္ပဏီနှင့် ပူးပေါင်းကာ ရန်ကုန်မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ်ကို လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြီးစီးပြီးနောက်ပိုင်း အစိုးရ အကူးအပြောင်းကာလမတိုင်မီ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ တင်ဒါအောင်မြင်မှုကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိဘဲ နောက်ဆုံးအဆင့်ထိ ရောက်ရှိသူ လေးဦးကိုသာ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ တင်ဒါအောင်မြင်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အမှတ်ပေးစနစ်ကို သိရှိရမှု မရှိခြင်း၊ သက်ဆိုင်ရာ ကော်မတီအတွင်း ပါဝင်သူများပင် တင်ဒါအောင်မြင်သူကို သိရှိရမှု မရှိခြင်းတို့ကြောင့် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

တင်ဒါခေါ်ယူစဉ်က ငွေကျပ် ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ သန်း) ကုန်ကျနိုင်သည်ဟု အစိုးရမှ ခန့်မှန်းခဲ့ပြီး ခေတ်မီ မီးပွိုင့်အချက်ပြစနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၁၈ ဒသမ ၉၃၈ ဘီလီယံဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ လုပ်ငန်းများကို ခြောက်လအချိန်အတွင်း အပြီး ဆောင်ရွက်ရမည်ဟု သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ မေ ၁၅ ရက်အထိ သက်တမ်းတိုးပေးခဲ့သည်။ သတ်မှတ်ကာလအတွင်း ပြီးစီးမှု မရှိသောကြောင့် တရက်လျှင် ဒဏ်ကြေး ကျပ်တသိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ ပေးဆောင်ခဲ့ရပြီး ဒဏ်ကြေး ကျပ် ၂၁ သန်း ပေးဆောင်ပြီးနောက် ဆက်လက်ပေးဆောင်ခြင်း မရှိတော့ဘဲ လုပ်ငန်းများလည်း ပြီးစီးမှုမရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စတင် တင်ဒါခေါ်ယူစဉ်က ၎င်းစနစ်သည် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပေးနိုင်မည်ဟု ဆိုသည်။ သို့သော် ကင်မရာအလုံး ၆၀၀၊ မီးပွိုင့် ၁၅၄ ခု၊ ထိန်းချုပ်ရေးစင်တာ တခု ပါဝင်သော အဆိုပါ စနစ်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှ စတင်ကာ အသုံးပြုနေပြီဟု ဆိုသော်လည်း သိသာထင်ရှားသည့် ယာဉ်ကြောရှင်းလင်းမှုကို မြင်တွေ့ရခြင်း မရှိပါ။ ၂၀၁၉ ခုနှစ်၊ မေလအတွင်းက စမ်းသပ်လည်ပတ်ခဲ့ရာ ယာဉ်ကြောကျပ်တည်းမှုသည် အတိုင်းအတာတခု အထိအောင် ဆိုးရွားလာသည့်အတွက် ရပ်ဆိုင်းခဲ့ရသည်ဟု ယာဉ်ကြောထိန်းချုပ်ရေး ဗဟိုဌာန၊ နည်းပညာ အရည်အသွေး စစ်ဆေးမှု ကော်မတီ အတွင်းရေးမှူးက ပြောကြားခဲ့သည်။ နည်းပညာ Update မဖြစ်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အငြင်းပွားမှုများလည်း ရှိခဲ့သည့် အတွက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း Third Party ခေါ်ယူ၍ အရည်အသွေးပိုင်းကို စစ်ဆေးခဲ့ရသည်။

CRCC အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် ရုံးခွဲဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်သော အချက်အလက်များ တွေ့ရှိရခြင်း မရှိသော်လည်း CRCC မှ တာဝန်ရှိသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)မှ တာဝန်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် တွေ့ဆုံခဲ့သည်။ CRCC ၏ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသော ဝက်ဘ်ဆိုက်တွင် တရုတ်ပြည်တွင်း၊ ပြည်ပ လုပ်ငန်းဆောင်ရွက်ချက်များကို ဖော်ပြထားသော်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ တစုံတရာ ဖော်ပြထားသည်ကိုလည်း တွေ့ရှိရခြင်း မရှိပေ။

၂၀၁၉ ခုနှစ်တွင် CRCC နှင့် လုပ်ငန်းခွဲများဖြစ်သော China Railway 23rd Bureau Group Co., Ltd. (CR23)၊ China Railway Construction Corporation (International) Limited (CRCC International)တို့ကို ဂျော်ဂျီယာနိုင်ငံရှိ အရှေ့-အနောက် အဝေးပြေးစင်္ကြံ ဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ဆိုရာတွင် မလျော်ကန်သော ကိစ္စရပ်များ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က နှစ်နှစ်ကြာ ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။