ISP China Desk
နိုင်ငံရေးစနစ်၊ စီမံအုပ်ချုပ်မှုယန္တရား၏ စွမ်းဆောင်ရည်နှင့် ကပ်ရောဂါထိန်းချုပ်ရေးအပေါ်သက်ရောက်မှု

၂၀၂၀ နှစ်ဦးပိုင်း ကစပြီး  ကမ္ဘာတဝှမ်းမှာ ပြန့်နှံ့လာတဲ့ COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဘေးကို နိုင်ငံအသီးသီးဟာ မိမိနိုင်ငံရဲ့အခြေအနေအရ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ကိုင်တွယ်ဖြေရှင်း ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ဇန်နဝါရီ နှောင်းပိုင်းမှာ ရောဂါ စတင်ဖြစ်ပွားရာ ၀ူဟန်မြို့နဲ့ ဟူပေပြည်နယ်အတွင်းမှာ ရှိတဲ့ အခြားမြို့ကြီးတွေကို အသွားအလာ ပိတ်ဆို့ ကန့်သတ်တာတွေ၊ ရုံးတွေ၊ ကျောင်းတွေကို ပိတ်ပစ်တာတွေ၊ ပြည်သူလူထုကို အိမ်ထဲကနေ အိမ်ပြင် မထွက်စေဖို့ အမိန့်ထုတ်ပြန်ခဲ့တာတွေ၊ ဆေးရုံ မလုံလောက်မှုကို ဖြေရှင်းဖို့အတွက် ဆေးရုံအသစ်တွေကို ရက်ပိုင်းအတွင်း တည်ဆောက်ခဲ့တာတွေ၊ ရောဂါ ကူးစက်မှုတွေနဲ့ ကူးစက်ခံရနိုင်ခြေရှိတဲ့ သူတွေကို နည်းပညာကိုသုံးပြီး ခြေရာခံတာတွေ စတာတွေတဲ့ တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေကို ချမှတ် ဆောင်ရွက်လာပါတယ်။  တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ ​စံနှုန်းအသစ်တွေ ဖြစ်စေခဲ့ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့ပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်ပြီး အာဏာရှင် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ တသွေး တသံတမိန့်နဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒီမိုကရေစီ ရင့်သန်နေတဲ့ နိုင်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ရောဂါ ကူးစက်ပြန့်ပွားမှုရဲ့ ဗဟိုချက်တွေ ဖြစ်လာတာတွေကြောင့် ဒီကပ်ဘေးကို ရင်ဆိုင် ကျော်လွှားဖို့ရာ အာဏာရှင်စနစ်ဟာ ဒီမိုကရေစီစနစ်ထက် ပိုပြီး ထိရောက်မှုရှိ သလားဆိုတဲ့ မေးခွန်းတချို့လည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင် လျှောက်လမ်းနေတဲ့ နိုင်ငံ တနိုင်ငံအတွက်လည်း အရေးကြီးတဲ့ မေးခွန်း တခုဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေဟာ မြန်မာနိုင်ငံ အနေနဲ့ ကပ်ဘေးကို ဘယ်လို မူဝါဒတွေနဲ့ ရင်ဆိုင်မလဲ ဆိုတဲ့အပေါ်မှာ များစွာသက်ရောက်မှာ ဖြစ်သလို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဆယ်စုနှစ်ပေါင်းများစွာ တောင့်တခဲ့တဲ့ လက်ရှိ ဆောင်ရွက်နေဆဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ်မှာပါ ကြီးမားတဲ့ လွှမ်းမိုးမှုတွေရှိမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေ ကပ်ဘေးကို ထိရောက်စွာထိန်းချုပ်နိုင်လား

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ဟာ အုပ်ချုပ်မှုစနစ် မတူညီပေမဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ နောက်ခံတွေ တူညီသလို ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကို အပြင်းအထန် ရင်ဆိုင်ခဲ့ကြရတဲ့ အတွေ့အကြုံတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံနဲ့ ဒေသတွေကို နှိုင်းယှဉ် လေ့လာခြင်းက မတူညီတဲ့ အစိုးရတွေရဲ့ အုပ်ချုပ်မှုစနစ်ဟာ ကပ်ရောဂါကို ကိုင်တွယ်ရာမှာ ဘယ်လို သက်ရောက်မှုတွေ ရှိသလဲဆိုတဲ့ ဆက်စပ်မှုကို ပိုမိုနားလည်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ် ပြည်မကြီးနဲ့ မိုင်ပေါင်း ၈၀ ကျော်သာ ကွာဝေးပြီး ကူးလူး ဆက်ဆံမှုလည်း များစွာရှိတာကြောင့် တရုတ်ပြည်မကြီး ပြင်ပမှာ ဒီကူးစက်ရောဂါကို အဆိုးဆုံး ခံရနိုင်တဲ့ ဒေသတခု ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဧပြီလ ၇ ရက်နေ့အထိ ထိုင်ဝမ်ဟာ လူပေါင်း လေးသောင်းကျော်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အတည်ပြု လူနာ ၃၇၉ ဦးနဲ့ သေဆုံးသူ ၅ ဦးသာ ရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေးကို အအောင်မြင်ဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ ဥပမာတခု ဖြစ်ပါတယ်။ အလားတူပဲ ဟောင်ကောင်ဟာလည်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို နေ့စဉ် နယ်စပ် ဖြတ်ကျော် သွားလာမှုတွေရော၊ လေကြောင်းဆက်သွယ်မှုတွေပါ များစွာရှိတဲ့ ဒေသဖြစ်ပါတယ်။ ဒါပေမဲ့ ဧပြီလ ၇ ရက်နေ့အထိ လူပေါင်း ကိုးသောင်းကျော် ဆေးစစ်ခဲ့တဲ့ အထဲမှာ အတည်ပြုလူနာ ၉၃၆ ဦးနဲ့ သေဆုံးသူ ၅ ဦးသာ ရှိနေပါသေးတယ်။

အထက်က ဒေသနှစ်ခုစလုံးဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြပေမဲ့ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ စံပြုလောက်တဲ့ အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။ ဒါအပြင် တရုတ်နိုင်ငံနဲ့ နီးစပ်ပြီး လူဦးရေ သိပ်သည်းဆလည်း များတဲ့ တောင်ကိုရီးယား၊ ဂျပန် အစရှိတဲ့ အရှေ့အာရှနိုင်ငံတွေ အပါအဝင် တခြားဒီမိုကရေ စီနိုင်ငံတွေမှာလည်း လက်ရှိ အခြေအနေအထိ ရောဂါ ကူးစက်ပြန့်ပွားမှုကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တာကို တွေ့ရပါတယ်။ ဒီအချက်တွေဟာ မိုကရေစီနိုင်ငံတွေဟာလည်း ကပ်ရောဂါကို ထိရောက်စွာ ကိုင်တွယ်နိုင်တယ် ဆိုတာကို ပြသနေပါတယ်/

ဒါအပြင် ရောဂါ ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး ကနဦး ကိုင်တွယ်ပုံတွေကို လေ့လာတဲ့ အခါမှာတော့ အာဏာရှင်စနစ်ရဲ့ အကန့်အသတ်တွေကို တွေ့ရပါတယ်။ တရုတ် ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့ဟာ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံ၊ ကွမ်တုံးမြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့  SARS ရောဂါ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အလားတူ ရောဂါမျိုးကို ကာကွယ်ဖို့  ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနရဲ့ စောလျင်စွာ ကြိုတင် အသိပေးနိုင်ရေး စနစ်တခုကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ အထက်လူကြီးရဲ့ အတည်ပြု ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ခွင့် မရှိတာ၊ သတင်းအချက်အလက်တွေကို ပြင်ပကို ထုတ်ဖော်ပြောခွင့် မရှိတာတွေကြောင့် အခု ဖြစ်ပွားနေတဲ့ ကပ်ရောဂါမှာ ဒီစနစ်က အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါအပြင် ထူးဆန်းတဲ့ နမိုးနီးယားရောဂါ ပြန့်နှံနေပါတယ်လို့ သူ့ရဲ့ အသိုင်းအဝိုင်းအတွင်းမှာ ပြောဆိုခဲ့တဲ့ ဆရာဝန် လီဝင်လျန် (ကိုရိုရာဗိုင်းရစ် ရောဂါကူးစက်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့သူ)ဟာ ကောလာဟလဖြန့်မှုနဲ့ ရဲစခန်းမှာ ခံဝန်လက်မှတ် ထိုးခဲ့ရပါတယ်။ ဒီလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ သတင်း လွတ်လပ်ခွင့်တွေမှာ အကန့်အသတ်တွေ ရှိနေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ငွေကြေး အကုန်အကျခံ ကြိုတင် ပြင်ဆင်မှုတွေ ရှိနေခဲ့ပေမဲ့ လိုအပ်တဲ့ တုံ့ပြန်မှုတွေကို လျင်မြန်စွာ ဆောင်ရွက်ပြီး လက်ဦးမှု ရယူနိုင်မယ့် အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရူံး ခဲ့ရပါတယ်။ နိုဝင်ဘာလလယ် လောက်ကတည်းက စတင် ပြန့်ပွားနေပြီ ဖြစ်ပေမဲ့ ဒီဇင်ဘာလကုန်မှသာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO)ကို အကြောင်းကြားခဲ့ပြီး၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာမှ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကို စတင်ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ၀ူဟန့်မြို့ကနေ လူဦးရေ ၅ သန်းဝန်းကျင် ထွက်ခွာသွားခဲ့ပြီး ဖြစ်တာ​ကြောင့် အခါနှောင်းသွားခဲ့ပြီး တရုတ်ပြည်တွင်းမှာရော ပြည်ပမှာပါ ကူးစက်ပြန့်ပွားခဲ့ပါတယ်။

ထိုင်ဝမ်ဟာလည်း ၂၀၀၃ ခုနှစ် SARS ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်းမှာ ကပ်ရောဂါ ကွပ်ကဲရေး ဗဟိုဌာကို တည်ထောင်ခဲ့ပါတယ်။ ဒီဌာနဟာ တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတယ်လို့ သိရတဲ့ ဒီဇင်ဘာလကတည်းက သတိထား လေ့လာမှုတွေ၊ ကြိုတင် ပြင်ဆင်မှုတွေကို ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။။ ဇန်နဝါရီလ ၂၀ ရက်မတိုင်မီကပဲ နယ်စပ်တွေ ထိန်းချုပ်ရေး၊ ကျောင်းတွေ၊ အလုပ်တွေနဲ့ စပ်လျဉ်းတဲ့ မူဝါဒတွေ၊ ပြည်သူ့ဆက်ဆံရေး အစီအစဉ်တွေ၊ ကျမ်းမာရေးနဲ့ဆိုင်တဲ့ အရင်းအမြစ်တွေကို စိစစ် သုံးသပ်တာတွေ စတဲ့ အချက်ပေါင်း ၁၂၄ ချက်ကို ညှိနှိုင်း ဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနဲ့ ဒီရောဂါပိုးဟာ လူတဦးတနေတဦးကို ကူးစက်နိုင်တယ်လို့ အတည်မပြုခင်ကတည်းက ထိုင်ဝမ်မှာ ၀ူဟန်ကလာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးတာတွေ စတင် ပြုလုပ်ခဲ့တာတွေဟာ  ရောဂါကို ထိန်းချုပ်နိုင်မှုမှာ အထောက်အပံ့ ဖြစ်စေခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ အာဏာရှင် နှစ်နိုင်ငံကို နှိုင်းယှဉ်ကြည့်ရင်  ဒီမိုကရေစီနိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်တွေ၊ အပြန်အလှန်ထိန်းကျောင်းမှုတွေ ရှိတာကြောင့်  ကပ်ရောဂါကို ကိုင်တွယ်ရာမှာ အာဏာရှင် နိုင်ငံတွေထက် ပိုမို ထိရောက်မှုရှိစေတယ်လို့လည်း ပညာရှင်တချို့က သုံးသပ်ပါတယ် [1]

ရောဂါထိန်းချုပ်ရေး အောင်မြင်မှုရဲ့ ထောက်တိုင်သုံးခု

ဒီမိုကရေစီ နိုင်ငံတွေရော အာဏာရှင်နိုင်ငံတွေ အတွက်ပါ ရောဂါထိန်းချုပ်မှု အောင်မြင်ရေးမှာ အရေပါတဲ့ ထောက်တိုင်သုံးခုရှိပါတယ်။

အဲ့ဒီသုံးခုဟာ

၁။ နိုင်ငံတနိုင်ငံရဲ့  အုပ်ချုပ်မှု ယန္တရားခိုင်မာမှုနဲ့ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် (State Capacity)၊
၂။ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ခေါင်းဆောင်တွေက အချိန်နဲ့ တပြေးညီချမှတ်နိုင်မှု (Leader’s response)
(ဒီနေရာမှာ နိုင်ငံရေးစနစ်ဟာ ခေါင်းဆောင်တွေရဲ့ ဆုံဖြတ်ချက်ချမှတ်နိုင်မှုကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတဲ့ အသေးစိတ်ကျတဲ သုတေသနတွေတော့ လိုအပ်နေပါသေးတယ်)နဲ့
၃။ ပြည်သူလူထုရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းပြီး ပူးပေါင်းစေဝင်မှု (Social buy in)တို့ ဖြစ်ပါတယ်။ [2]

နိုင်ငံတနိုင်ငံဟာ ဘယ်လို အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသလဲ ဆိုတာထက် အထက်ပါ အချက်သုံးချက်နဲ့ ဘယ်လောက် ပြည့်မီသလဲ ဆိုတဲ့အချက်ကပဲ ၎င်းနိုင်ငံရဲ့ ရောဂါ ကာကွယ်ရေးမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို များစွာ သက်ရောက် လွှမ်းမိုးနိုင်ပါတယ်။

အထက်ပါ ထောက်တိုင် သုံးခုစလုံးနဲ့ ပြည့်စုံတဲ့ နိုင်ငံတွေဟာ အာဏာရှင်နိုင်ငံ ဖြစ်စေ၊ ဒီမိုကရေစီနိုင်ငံ ဖြစ်စေ ရောဂါထိန်းချုပ်မှုမှာ အောင်မြင်လေ့ရှိပြီး  ထောက်တိုင်တခု သို့မဟုတ် တခုထက်ပိုပြီး အားနည်းတဲ့ နိုင်ငံတွေဟာ ရောဂါ ကာကွယ် ထိန်းချုပ်ရေးမှာ ထိရောက်မှု အားနည်းတာကို တွေ့ရပါတယ်။

ဥပမာ အာဏာရှင်စနစ်ကို ကျင့်သုံးတာချင်းတူပေမဲ့ စင်ကာပူနိုင်ငံဟာ ထောက်တိုင် သုံးခုလုံး အားကောင်းတာကြောင့် အောင်မြင်တဲ့ နိုင်ငံဖြစ်ပြီး အီရန်နိုင်ငံဟာ ထောက်တိုင် သုံးခုစလုံး အားနည်းတာကြောင့် ရောဂါကိုထိန်းချုပ်နိုင်မှုမှာ အကန့်အသတ်တွေ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာတော့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ချမှု နှောင့်နှေးတာတွေ၊ ပြည်သူလူထုရဲ့ စိတ်လိုလက်ရ ပူးပေါင်းပါဝင်စေမှုမှာ အားနည်းချက်တွေ ရှိ​ပေမဲ့လည်း နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တရားမှာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်တာကြောင့် အစပိုင်းမှာ ရှိခဲ့တဲ့ ရောဂါကူးစက်မှုနှုန်း မြင့်မားနေမှုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တဖက်မှာလည်း ဒီမိုကရေစီစနစ် ကျင့်သုံးတာချင်းတူပေမဲ့ အထက်ပါ ထောက်တိုင် သုံးရပ်စလုံးမှာ အားကောင်းတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်တို့ဟာ ရောဂါထိန်းချုပ်မှုမှာ အောင်မြင်ခဲ့ပြီး အီတလီ၊ အမေရိကန်တို့မှာတော့ ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှု နှောင့်နှေးခဲ့တာရယ်၊ အစပိုင်းမှာ လူထုပါဝင်မှု မရှိခဲ့တာတွေရယ်ကြောင့် မအောင်မမြင် ဖြစ်ခဲ့တယ်ဆိုတာကို ဥပမာအဖြစ်တွေ့နိုင်ပါတယ်။

ဒါကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေဟာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရာမှာ အောင်မြင် အထိရောက်ဆုံးဖြစ်ပြီး စွမ်းဆောင်ရည် နည်းပြီး အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဟာ အားအနည်းဆုံး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာ ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့  ကပ်ရောဂါ ကာကွယ်ရေးမှာ အာဏာရှင် စနစ်လောက် ထိရောက်မှု မရှိဘူးဆိုတဲ့ အနုမာနကို ပံ့ပိုးမှု ရှိမနေဘူးလို့ ပဏာမအားဖြင့် သုံးသပ်တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး တိကျတဲ့ ဆက်စပ်မှုနဲ့ သုံးသပ်မှုတွေ ဆောင်ရွက်နိုင်ဖို့ ပိုမိုအသေးစိတ်တဲ့ သုတေသနတွေ ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

နိဂုံးနဲ့ အကြံပြုချက်

လက်ရှိ အချိန်အထိ လေ့လာ တွေ့ရှိချက်တွေအရ ကပ်ရောဂါ ထိန်းချုပ်မှုတွေမှာ ဒီမိုကရေစီ စနစ်ကြောင့် ထိရောက်မှု အားနည်းတယ် ဆိုတာကို ဖော်ပြနေတဲ့ တိကျတဲ့ သုတေသန အထောက်အထားတွေ မတွေ့ရသေးသလို အာဏာရှင် စနစ်ကြောင့် အောင်မြင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေတွေလည်း မရှိသေးပါဘူး။ ကပ်ရောဂါကို ဘယ်လောက် အောင်မြင်စွာ ကိုင်တွယ်နိုင်သလဲ ဆိုတာဟာ အဲဒီနိုင်ငံရဲ့ အုပ်ချုပ်ပုံ စနစ်ထက် နိုင်ငံတွေရဲ့ စွမ်းဆောင်ရည်၊ ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုနဲ့ ပြည်သူလူထုရဲ့ စိတ်လိုလက်ရ ပူးပေါင်းပါဝင်မှုတွေ အပေါ်မှာ များစွာ မှီတည်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ရောဂါဘေးကို ကိုင်တွယ် ဖြေရှင်းရာမှာ အာဏာရှင် ကျော့ကွင်းကို ရှောင်ရှားကာ အရည်အသွေးမြင့်တဲ့ အစိုးရ၊ စွမ်းဆောင်ရည် မြင့်မားတဲ့ နိုင်ငံတော် ယန္တရားတွေနဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကို ပိုမိုအားကောင်းစေပြီး တဖက်မှာလည်း ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဆက်လက် ရှင်သန်စေခြင်းကပဲ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်မယ်လို့ သုံးသပ်ရပါတယ်။

[1] Busby, 2020.

[2] Gladstein (2020)

ခင်ခင်ကျော်ကြီး

စာကိုး

Barron, Laingee. (2020). What we can learn from Singapore, Taiwan and Hong Kong about Handling Coronavirus. Time. March 13.

Berengaut. Ariana A. (2020). Democracies are better at Fighting Outbreaks. The Atalantic. February 24.

Bieber, Florian. (2020). How to Prevent the Coronavirus from Eroding Democracies. Foreign Policy. March 30.

Busby, Josh. (2020). State, Regime, Government, and Society in COVID-19 Response: Establishing Baseline Expectations. Duck of Minerva. March 17.

Gladstein, Alex. (2020). Why Authoritarianism is Bad for Public Health. (Video Interview). March 17.

Guo, Rui. (2020). Coronavirus: Why did China’s multi million dollar early warning system fail. South China Morning Post. March 13.

Josephine, Ma and Zhuang, Pinghui. (2020). 2 million left Wuhan before lockdown, 1000 new coronavirus cases expected in city. South China Morning Post. January 26.

Palacio, Ana. (2020). Can Liberal Democracy Survive COVID-19. Project Syndicate. April 3.


Khin Khin Kyaw Kyee

Khin Khin Kyaw is the Deputy Director for Research program and also the head of ISP’s China Desk. Khin Khin Master’s Degree in International Studies from the School of Oriental and African Studies, University of London. Prior to joining ISP, she worked as program coordinator for Institute for Political and Civic Engagement, Center administrator for International Law Development Organization (Rule of Law Centre Project) and independent researcher specializing in China-Myanmar relations.