ISP China Desk

စာတမ်းခေါင်းစဉ် – တရုတ်၏ BRI စီမံကိန်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ

ရေးသားသူ – Stephen Crowther

ထုတ်ဝေသည့်အဖွဲ့ – Institute for Security & Development Policy

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ ဧပြီ

စာတမ်းအပြည့်အစုံရယူရန်Legal Constraints of China’s BRI : The Case of Myanmar

တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း(BRI) စီမံကိန်းကြီးဟာ နိုင်ငံပေါင်း ၇၀ ကျော်ပါဝင်ပြီး ကမ္ဘာ့လူဦး‌ရေ ၆၅ ရာခိုင်နှုန်းကို ခြုံငုံမိကာ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီရဲ့ သုံးပုံ တပုံခန့်ကို ကိုယ်စားပြုပါတယ်။ စီမံကိန်း တခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ(ဘီလီယံ ၁၀၀၀) ခန့် ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့တွဲစပ်ပြီး ဒီစီမံကိန်းကြီးအတွက်  ရင်းနှီးမြှုပ်နှံမှု အများအပြား တည်ရှိနေပါတယ်။ စီမံကိန်းကြီးတွေဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့အပြင် မြေယာ သိမ်းဆည်းမှု၊ လူမှုဝန်းကျင်နဲ့ သဘာ၀ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု များပြားတာကြောင့် အငြင်းပွားစရာတွေလည်း ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံနှစ်နိုင်ငံ အငြင်းပွားတဲ့အခါ ခိုင်မာတဲ့ ဥပဒေကြောင်းအရ ရပ်တည်ဖြေရှင်းဖို့ လိုပါတယ်။ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ပတ်သက်လို့ ပထဝီနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သမားရိုးကျ နိုင်ငံရေး ရှုထောင့်တွေကနေ သုတေသနစာတမ်းတွေ၊ သုံးသပ်ချက်တွေနဲ့ အကြံပြုချက်များစွာ ရှိပြီး ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ရှုထောင့်သုံးသပ်ချက်တွေကနေ ကွဲထွက်ပြီး စီမံကိန်းအတွက် အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့ ဖြစ်စဉ်တွေကို ဥပဒေကြောင်းအရ သုံးသပ်ထားတဲ့ စိတ်ဝင်စားဖွယ် သုတေသန စာတမ်းတစောင်ကို မိတ်ဆက်ပေးလိုပါတယ်။

Stephen Crowther ရေးသားပြီး Institute for Security & Development Policy ကထုတ်ဝေတဲ့ Legal Constraints of China’s BRI : The Case of Myanmar (တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ) သုတေသနစာတမ်းဟာ ဒေသန္တရအဆင့်မှာ ဖြစ်ပွားနေတဲ့ (မြေဟာ အငြင်းပွားမှုတွေ၊ ပွင့်လင်းမြင်သာမှုမရှိမှုတွေနဲ့  ပြည်သူလူထုနဲ့ ဆက်ဆံရေးအားနည်းချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့) ဥပဒေကြောင်းဆိုင်ရာ ပြဿနာတွေကို ထောက်ပြပြီး အဲဒါကို ဖြေရှင်းဖို့ မူဘောင်တခု လိုအပ်နေကြောင်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။

စာတမ်းမှာ တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို ​ရှောင်ရှားဖို့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုအပေါ်မှာ အခြေခံပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အဆိုပြုချက် ပေါ်ပေါက်လာမှုနဲ့ စတင်ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ဒုတိယပိုင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေးကို စာတမ်းရှင်က အကြမ်းဖျင်း သုံးသပ်ပြထားပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်ကစလို့ အနှစ် ၄၀ ကာလအတွင်းမှာ ပြည်တွင်း တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နှစ်နိုင်ငံလုံးမှာ တူညီတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ် ဆင်နွှဲနေရတဲ့ မြန်မာပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး ဆင်းရဲတဲ့ ယူနန်ပြည်နယ် တခုတည်းရဲ့ ဂျီဒီပီနဲ့ ပျမ်းမျှဝင်ငွေဟာ မြန်မာတနိုင်ငံလုံးထက် သာလွန်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း တရုတ်နဲ့ ဝေးကွာပြီး အနောက်ကမ္ဘာနဲ့ နီးစပ်လာမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ဘင်္ဂါလီ(မူရင်း-ရိုဟင်ဂျာ) အရေးအခင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်မျှော်ရတဲ့ အခြေအနေကို ရောက်သွားတယ်လို့ စာတမ်းရှင်ကဆိုပါတယ်။

မြန်မာပြည်တွင်း ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းမှာ ဥပဒေကြောင်းအရ  ဖြေရှင်းရနိုင်တဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံတွေကို စာတမ်းရှင်က တတိယပိုင်းမှာ ဆန်းစစ်ထားပါတယ်။ ပထမတခုကတော့ စီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှုအားနည်းမှုဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သဘောတူလက်မှတ်ထိုးထားတဲ့ နားလည်မှုစာချွန်လွှာတွေကို ပြည်သူလူထုထံ ချပြခြင်း မရှိတာကြောင့် ဥပဒေကြောင်းအရ စိုးရိမ်စရာ၊ အငြင်းပွားစရာတွေ ရှိ၊ မရှိဆိုတာကို သုံးသပ်နိုင်မှု အားနည်းပါတယ်။ စီမံကိန်းအရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် ၄၀ ခန့်ရှိမယ်လို့ ခန့်မှန်းကြပေမဲ့ သုံးခုကိုသာ မြန်မာအစိုးရက လူသိရှင်ကြား ထုတ်ဖော်အတည်ပြုထားတယ်လို့ ဆိုပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြန်မာဘာသာနဲ့ ရရှိနိုင်တဲ့ အခွင့်အလမ်းနည်းပါးတာကြောင့် ဒေသခံတွေအနေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးဆက်ကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ နောက်တချက်ကတော့ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ လူထုဆက်ဆံဆက်သွယ်ရေး အားနည်းတာကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကိုလည်း ဥပမာတွေနဲ့ ထောက်ပြထားပါတယ်။ မြစ်ဆုံဆည် စီမံကိန်းမှာ ပြည်သူလူထုနဲ့ ညှိနှိုင်းဆွေးနွေးတာ၊ ဒေသခံတွေရဲ့ အသံတွေကို ထည့်သွင်းစဉ်းစားမှု အားနည်းခဲ့တာတွေကြောင့် စီမံကိန်း ရပ်နားခဲ့ရတာ၊ စီမံကိန်းအတွက် မြေယာသိမ်းဆည်းမှုတွေ ပြုလုပ်ရာမှာ ဥပဒေအရ အထောက်အထားမရှိပေမဲ့ မိရိုးဖလာမြေယာပိုင်ဆိုင်မှုတွေ ရှိနေတာတွေကြောင့်လည်း စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ဥပဒေကြောင်းအရ ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာဆိုရင်လည်း ဒေသခံ နှစ်သောင်းခန့်ဟာ မိရိုးဖလာ လုပ်ကိုင်စားသောက်ခဲ့ကြပေမဲ့ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထားမပြသနိုင်တဲ့အတွက် မြေယာလျော်ကြေးငွေရရှိဖို့ မဖြစ်နိုင်ဘူးလို့ စာတမ်းရှင်က ထောက်ပြထားပါတယ်။

စတုတ္ထပိုင်းမှာတော့ မြန်မာပြည်တွင်း ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သုံးသပ်ထားပါတယ်။ ပထမတချက်က ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ပြည်ထောင်စုအစိုးရ၊ ဒေသန္တရအစိုးရ၊ နိုင်ငံတော်ပိုင် ကုမ္ပဏီတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ စတဲ့ တရုတ်နိုင်ငံသားတွေရော မြန်မာနိုင်ငံသားတွေပါ  ပါဝင်ပတ်သက်နေတာကြောင့်  ဘယ်ဥပဒေအောက်မှာ အကျုံးဝင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိမနေဘူးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် အငြင်းပွားမှုတွေ ပေါ်ပေါက်တဲ့အခါမှာ တရားရုံးမှာ ဖြေရှင်းမှာလား၊ အနုညာတ စီရင်ဆုံးဖြတ်မှာလား ဒါမှမဟုတ် ကြားဝင်စေ့စပ် ညှိနှိုင်းမှာလား စတဲ့ တိကျတဲ့ ယန္တရားတွေကို သဘောတူညီထားဖို့လိုတယ်လို့ဆိုပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် မရှိခြင်းကြောင့် ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်မှာတော့ နိုင်ငံအချင်းချင်းကြားမှာ အငြင်းပွားမှုတွေပေါ်ပေါက်လာရင် အနုညာတ အထူးခုံရုံး ဖွဲ့စည်းပြီး ဖြေရှင်းမယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူနဲ့ အစိုးရကြားမှာဖြစ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ဥပဒေတွေနဲ့ နိုင်ငံတကာ ဥပဒေတချို့ ရှိနေတာကိုလည်း ထောက်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနဲ့ တရုတ်ကြား ဖြစ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုတခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ရတဲ့  မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ကုမ္ပဏီက မြန်မာနိုင်ငံကို တရားစွဲဆိုနိုင်သော်လည်း တရုတ်အစိုးရရဲ့ နိုင်ငံရေးအရ စဉ်းစားချက်တွေကြောင့် တရားမစွဲခဲ့တာကိုကြည့်ရင် နိုင်ံငံရေးစဉ်းစားချက်တွေဟာ ဥပဒေရဲ့ အသက်ဝင်မှုကို လျော့ပါးစေနိုင်တယ်လို့ စာတမ်းရှင်က ထောက်ပြပါတယ်။

နောက်ဆုံးပိုင်းမှာတော့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဘယ်မှာဖြေရှင်းမလဲဆိုတာ စာတမ်းရှင်က အဖြေရှာထားတာပါ။ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်း အငြင်းပွားမှုတွေ ဖြေရှင်းဖို့အတွက် ဘေဂျင်းအစိုးရက တရုတ်အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး တရားရုံးများ(Chinese International Commercial Courts – CICC)ကို ၂၀၁၈ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအထဲမှာ ရပ်ဝန်း(Belt)နဲ့ ပတ်သက်တဲ့ ကုန်းလမ်းစီမံကိန်းတွေအတွက် ရှီအန်း ပြည်နယ်နဲ့ လမ်းကြောင်း(Road)နဲ့ ပတ်သက်တဲ့ ရေလမ်းကြောင်းစီမံကိန်းတွေအတွက် ကွမ်ကျိုး ပြည်နယ်တွေက တရားရုံး နှစ်ခု ပါဝင်ပါတယ်။ အရေးအကြီးဆုံးအချက်နဲ့ အခြားသော အပြည်ပြည်ဆိုင်ရာ တရားရုံးတွေနဲ့ မတူညီတဲ့အချက်က CICC မှာ တရုတ်တရားသူကြီးတွေသာ ပါဝင်ပြီး တရုတ်ဘာသာစကားကိုသာ အသုံးပြုတာကြောင့် ဒီတရားရုံးတွေရဲ့ တရားမျှတစွာ ရပ်တည်ဆုံးဖြတ်နိုင်မှုမှာ မေးခွန်းထုတ်စရာရှိပါတယ်။  ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်း အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ တရုတ်လွှမ်းမိုးတဲ့ တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ ဖော်ဆောင်ထားတဲ့ မူဘောင်ဟာ မြန်မာနိုင်ငံအတွက် သိသိသာသာ အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီခုံရုံးတွေဟာ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေမှာ ရွေးချယ်စရာတခု ဖြစ်လာမလားဆိုတာကတော့ ဘေဂျင်းဟာ မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံတွေပါ ဒီတရားရုံးတွေကို အသုံးပြုဖို့ ဘယ်လောက်တိုက်တွန်းနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်ပါတယ်လို့ စာတမ်းရှင်က သုံးသပ်ထားပါတယ်။ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်း အငြင်းပွားမှုတွေအတွက် တရုတ်နိုင်ငံက ဖွဲ့စည်းထားတဲ့ ခုံရုံးတွေအပြင် အခြားရွေးချယ်စရာဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင် စတဲ့ Third Party တွေလည်းရှိသေးတယ်လို့ ထောက်ပြထားပါတယ်။                        

မိတ်ဆက်ကို နိဂုံးချုပ် ခြုံငုံဖော်ပြရရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းဖို့နဲ့ မြန်မာ့အကျိုးစီးပွားအသာရစေဖို့ မြန်မာနိုင်ငံအနေနဲ့ ဥပဒေရေးရာအရ ခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ နိုင်ငံတခုတည်းက ရင်းနှီးမြှုပ်နှံမှုတွေကို မှီခိုအားထားနေခြင်းဟာ ရေရှည်မှာ အချုပ်အခြာအာဏာနဲ့ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမယ့် အန္တရာယ်ကလည်း ကြီးမားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ တင်ဒါတွေ ခေါ်ယူရာမှာလည်း တနိုင်ငံထဲကို ဦးစားပေးတာထက် နိုင်ငံစုံ ညီမျှတဲ့ ကစားကွင်းမျိုး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တင်ဒါခေါ်ယူခြင်းမျိုး ဖြစ်သင့်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေလုပ်ဆောင်တာ ဖြစ်လို့ ဒေသခံမြန်မာတိုင်းရင်းသားတွေလည်း ထိခိုက်နစ်နာခြင်းမရှိရအောင် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ဆောင်မယ်ဆိုရင် တရုတ်ရဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ တစိတ်တပိုင်း အထောက်အကူဖြစ်စေပါလိမ့်မယ်လို့ အကြံပြုသုံးသပ်ထားတာတွေ့ရပါတယ်။

သုတေသနစာတမ်း မူရင်းအနှစ်ချုပ်

  • တရုတ်၏ ကမ္ဘာလွှမ်းခြုံ ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်းကြီးကြောင့် များစွာသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။
  • ၎င်းစီမံကိန်းကြီး၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပေါ်ပေါက်လာသော ဥပဒေကြောင်း ဂယက်များမှာ အာရုံစိုက်ခံရမှု အနည်းဆုံးဖြစ်သည်။
  • ဘေဂျင်း၏ ပံ့ပိုးမှု အရရှိဆုံး နိုင်ငံများထဲတွင် ပါဝင်သော မြန်မာပြည်၌ ဥပဒေကြောင်းဆိုင်ရာ ပြဿနာများမှာ ဒေသန္တရအဆင့်တွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ အကြောင်းရင်းမှာ မြေယာ အငြင်းပွားခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် လူထု ဆက်ဆံဆက်သွယ်ရေး အားနည်းသောကြောင့် ဖြစ်သည်။
  • အကယ်၍ စီမံကိန်းနှင့် သက်ဆိုင်သော ကိစ္စများကို အလွယ်တကူ မဖြေရှင်းနိုင်လျှင် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ပုံစံအချို့ လိုအပ်ပါလိမ့်မည်။ အဆိုပါ ပုံစံတို့တွင် မြောက်မြားစွာသော  တိုင်းနှင့် ပြည်နယ်များ၊ ကုမ္ပဏီများနှင့် သက်ဆိုင်သူ တယောက်ချင်းစီတို့ ပါဝင်ရပါမည်။
  • မြောက်မြားစွာသော နည်းလမ်းများတွင် အနုညာတခုံရုံးဖြင့် ဆုံးဖြတ်ခြင်း၊ ဖျန်ဖြေခြင်း၊ ရင်ကြားစေ့ပေးခြင်းတို့ ပါဝင်ပါသည်။ သို့သော်လည်း အငြင်းပွားမှုများကို ဆုံးဖြတ်ရန် မူဘောင်ကို အပြည့်အဝအကောင်အထည်ဖော်ထားခြင်း မရှိသေးပါ။
  • အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အထက်ပါ လေဟာနယ်က တရုတ်၏ နိုင်ငံရပ်ခြား ပါဝင်ပတ်သက်မှုများအပေါ် မသေချာ မရေရာမှုများကိုသာ တိုးပွားစေပါသည်။

သန့်အောင်ပိုင်