ISP China Desk

စာတမ်းခေါင်းစဉ် – ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း (အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ)

ရေးသားသူ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်အဖွဲ့ – သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

ထုတ်ဝေသည့်ခုနှစ် – ၂၀၂၀၊ မတ်

စာတမ်းအပြည့်အစုံရယူရန်ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း- သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့

အစီရင်ခံစာ အကျဥ်းချုပ်

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများသည်လည်း တွဲလျက် ဖြစ်ပေါ်လာလေ့ရှိပေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ ရန်ကုန်တိုင်းဒေသကြီး အနောက်ဘက်ရှိ မြို့နယ်များတွင် တိုင်းအစိုးရမှ ဖွဲ့စည်းတည်ထောင်ထားသော The New Yangon City Development Company နှင့် တရုတ်နိုင်ငံမှ China Communication Construction Company (CCCC) တို့က Public private partnerships (PPP) စနစ်ဖြင့် မြို့သစ်စီမံကိန်းတခုကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ယခုအစီရင်ခံစာသည် အန္တရာယ်များနှင့်ပြည့်နှက်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းအ‌ချက်အလက်များကို ခြုံငုံ သုံးသပ်ထားခြင်းဖြစ်သည်။ အစီရင်ခံစာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ(PPP) ၏ သတိပြုရမည့် အန္တရာယ်များကို အမျိုးအစား ငါးခု ခွဲခြမ်းစိတ်ဖြာထားသည်။ ၄င်းတို့မှာ

၁။ ဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေး၊

၂။ လည်ပတ်မှုနှင့် ထိန်းသိမ်းမှု၊

၃။ ဘဏ္ဍာရေးနှင့် စီးပွားရေး၊

၄။ ဥပဒေရေးရာ စည်းမျဉ်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့်

၅။ နိုင်ငံရေး တို့ဖြစ်သည်။

ယခုအစီရင်ခံစာတွင် ရန်ကုန်မြို့သစ်စီမံကိန်း၏ မြေမျက်နှာသွင်ပြင်သည် ရေကြီးမှုကို ဖြစ်စေနိုင်သော‌ကြောင့် မြင့်မားများပြားလှသော အဆောက်အအုံများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်၀န်းကျင်ဆိုင်ရာအန္တရာယ်များ စသည့် ဖြစ်နိုင်ခြေများကို တွေ့ရှိနိုင်သည်။ ထို့အပြင် ရေပေးဝေရေးနှင့်ပတ်သက်၍ မသေချာ မရေရာမှုများ၊ စီမံကိန်း ဆောင်ရွက်မည့် CCCC ကုမ္ပဏီ၏ ဂုဏ်သိက္ခာညံ့ဖျင်းခြင်းနှင့် စီမံကိန်းအတွက် များစွာသော သွင်းကုန်များ လိုအပ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် တရုတ်အလုပ်သမားများ များပြားလာနိုင်သည့်အန္တရာယ်များလည်း ပိုမိုဆိုးရွားစေနိုင်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ စွန့်စားရမှုများကို လျှော့ချရန်အတွက် စီမံကိန်းနှင့် သက်ဆိုင်သော အမျိုးမျိုးသော ကြီးကြပ်ရေးအဖွဲ့များ၏ တာဝန်များ၊ အခန်းကဏ္ဍများကို မြန်မာအစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် ပိုမို ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းပြတ်သားစွာ ပြဌာန်းပေးရန် လိုအပ်သည်။

PPP စနစ်ဖြင့် အကောင်အထည်ဖော်နေသော ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရအနေနှင့် စီမံကိန်းစာချုပ်၊ စီမံကိန်းအစီအစဉ်များနှင့် သဘောတူညီချက်များကို အများပြည်သူ စိစစ်သိရှိနိုင်စေရန်အတွက် အစိုးရက ပွင့်လင်းမြင်သာစွာဖြင့် စီမံကိန်းအချက်အလက်များထုတ်ပြန်ထားသော စီမံကိန်းဘဏ်ဒေတာဘေ့စ်တွင် ထည့်သွင်းဖော်ပြသင့်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ပါလီမန်၏ အတည်ပြုချက်အောက်တွင်ရှိသင့်သည်။ နိဂုံးချုပ်အနေနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော ဖွံ့ဖြိုးမှုလုပ်ငန်းများကို ထောက်ပံ့ဆောင်ရွက်နေသော ဘဏ်များသည် ရန်ကုန်မြို့သစ်စီမံကိန်းတွင် အခန်းကဏ္ဍတခုမှ ပါ၀င်ဆောင်ရွက်သင့်သည်။