ISP China Desk
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး - ပိုနေမြဲကျားနေမြဲမူဝါဒ အလုပ်ဖြစ်နိုင်မည်လား

နိဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်  ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တာကြောင့် နောက်ထပ်ငါးနှစ်စာ အစိုးရသက်တမ်းကို ထပ်မံ တာဝန်ယူမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံ ခြားဆက်ဆံရေးကို ဆက်လက်ဦးဆောင် မောင်းနှင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ NLD ပါတီ အနိုင်ရခဲ့တုန်းက မြန်မာ့ နိုင်ငံခြားဆက်ဆံရေးအခင်းအကျင်း ပိုမိုအားကောင်းနိုင်တယ် ဆိုတဲ့ ခန့်မှန်း မျှော်လင့်ခဲ့ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ ရိုဟင်ဂျာအရေး ဖြစ်ပွား ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဒါ့အပြင် အတိုက်အခံပါတီဘ၀တုန်းက ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း လူ့အခွင့်အရေးဝေဖန်မှုတွေကြောင့် ပြန်လည်အေးစက်လာခဲ့ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို ပိုမို အားကိုးခဲ့တာ တွေ့ရပါတယ်။

ဒီဆောင်းပါးမှာ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားဆက်ဆံရေးကို အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ လာမယ့် ငါးနှစ်တာကာလမှာ NLD အစိုးရဟာ ယခင်ငါးနှစ်တုန်းက ကျင့်သုံးခဲ့တဲ့ လက်ရှိ နိုင်ငံခြားရေးမူဝါဒကို ပဲ ဆက်လက် ကိုင်စွဲသွားမယ့်ပုံရှိပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာအရေး နိုင်ငံတကာဖိအားတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်နိုင်တဲ့ အနေအထားရှိမနေပါဘူး။ တဖက်မှာလည်း အမေရိကန်နိုင်ငံရဲ့ ၂၀၂၀ အလွန် အစိုးရသစ်လက်ထက် နိုင်ငံခြားရေးမူဝါဒမှာ လစ်ဘရယ်နှုန်းစံတွေ၊ နိုင်ငံတကာစနစ်တွေဟာ ရှေ့တန်း ရောက်လာဖို့ များတာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့ ဆက်ဆံရေးဟာလည်း ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် အစိုးရဒုတိယသက်တမ်းနိုင်ငံခြားဆက်ဆံရေးမှာ ရိုဟင်ဂျာအရေးကို ပြင်းပြင်းထန်ထန် မဝေဖန်၊ ဖိအားမပေးတဲ့ တရုတ်နဲ့အခြားဒေသတွေဟာ ပိုမိုအရေးပါလာဖွယ်ရာရှိပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက ပျားရည်ဆမ်းကာလကို ကျော်လွန်ခဲ့ပုံရပြီး ပြီးခဲ့တဲ့ငါးနှစ်ကထက် ပိုမို သက်ရောက်မှုကြီးမယ့် ဖိအားတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါအပြင် ကိုဗစ် ကပ်ရောဂါဘေး နောက်ဆက်တွဲ စီးပွားရေး သက်ရောက်မှုတွေကလည်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ တွန်းအားတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အစိုးရသစ်ဟာ မြန်မာနိုင်ငံ  ပြီးခဲ့တဲ့ ငါးနှစ်တာကာလ နိုင်ငံခြားဆက်ဆံရေးကို  ခြေခြေမြစ်မြစ်ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်ရပါတော့မယ်။ ပိုမိုတက်ကြွပြီး လက်ဦးမှုရယူတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံခြားဆက်ဆံရေး အကျပ်အတည်း ဝဲဂယက်ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ရပါတယ်။

 

မီးစင်ကြည့်က နိုင်ငံခြားရေး မူဝါဒ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို ဖွဲ့စည်းချိန်မှာ  ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဩဇာတိက္ကမ ကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး ကမ္ဘာမှာ ပိုမိုဖြန့်ကျက်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။။ ဒါပေမဲ့ လက်တွေ့မှာတော့ အစိုးရသစ်တက်ပြီး မကြာခင်မှာပဲ ပေါ်ပေါက်ခဲ့တဲ့ ရိုဟင်ဂျာ အရေးကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအေးစက်ခဲ့ရပြီး နိုင်ငံခြားရေးကိစ္စရပ်တွေမှာ ဒေသတွင်း နိုင်ငံတွေကို ပိုမိုအားပြုခဲ့ရပါတယ်။

နိုင်ငံအလိုက်ပြန်ကြည့်ရင် တရုတ်နိုင်ငံကို လေးကြိမ်နဲ့ အများဆုံး သွားရောက်ခဲ့ပြီး ဂျပန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံကို သုံးကြိမ်စီ၊ အိန္ဒိယနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးအခြေအနေကို ပေါ်လွင်စေပါတယ်။ အစိုးရအဖြစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ကနေဒါနဲ့ အခြား အနောက်ဥရောပနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်တွေအားလုံးဟာ အစိုးရသစ်ရဲ့ ပထမနှစ် သက်တမ်းအတွင်းသာ ဖြစ်ပါတယ်။  ရိုဟင်ဂျာကိစ္စအရှိန်ရပြီးတဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် နောက်ပိုင်းမှာ အနောက်နိုင်ငံတွေကို သွားရောက်ခြင်း မရှိတော့ပါဘူး။ (၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နယ်သာလန်နိုင်ငံကို သွားခဲ့ပေမဲ့ ဒါဟာလည်း နိုင်ငံတကာခုံရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်တွေကို ဖြေရှင်းဖို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်)။ တခြားသွားရောက်ခဲ့တဲ့ ခရီးစဉ် ၂၄ ခုမှာ အများစုက အာဆီယံနဲ့ ဒေသတွင်းက အခြားနိုင်ငံတွေကို ဖြစ်ပါတယ်။ နိုင်ငံအလိုက်ပြန်ကြည့်ရင် တရုတ်နိုင်ငံကို လေးကြိမ်နဲ့ အများဆုံး သွားရောက်ခဲ့ပြီး ဂျပန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံကို သုံးကြိမ်စီ၊ အိန္ဒိယနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။

ဒါကြောင့် နောင်လာမယ့် နှစ်တွေမှာလည်း ရိုဟင်ဂျာ အရေးနိုင်ငံတကာဖိအားတွေရဲ့ အကျိုးဆက်ကြောင့် ပေါ် ပေါက်လာတဲ့ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် အားပြုသော နိုင်ငံခြားရေးမူဝါဒဟာ ကြီးကြီးမားမား ပြောင်း လဲမယ့်ပုံ မရှိဘူးလို့ ပဏာမသုံးသပ်ရပါတယ်။ အခုချိန်မှာ သံတမန်ရေး ပြဿနာရဲ့ အရင်းခံဖြစ်တဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး ပြဿနာတွေကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ဖြေရှင်းမှုမျိုး ပေးနိုင်မယ့် အနေအထားမျိုး မရှိသလို နိုင်ငံတကာ ဖိအားတွေကို လျှော့ချနိုင်တဲ့ သံတမန်ရေး အားထုတ် ဆွေးနွေးမှုမျိုးလည်း မတွေ့ရသေးပါဘူး။  ဒါ့အပြင် NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ခေတ်အဆက်ဆက်က စွဲကိုင်ခဲ့တဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးအခြေခံမူတွေ၊ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် စတဲ့ အခြေခံမူတွေထက် ကျော်လွန်တဲ့ တိကျတဲ့ နိုင်ငံခြားရေးမူဝါဒတွေ၊ မဟာဗျူဟာတွေကို ချပြတာ၊ ဆွေးနွေးတာမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် NLD ဒုတိယသက်တမ်း နိုင်ငံခြားရေးမူဝါဒဟာလည်း တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကိုပဲ အဓိက အားထားရမယ့်အနေအထားမှာရှိပါတယ်။

 

အမေရိကန်အစိုးရအပြောင်းအလဲနဲ့ လစ်ဘရယ်နှုန်းစံအခြေပြုနိုင်ငံခြားရေး

မြန်မာနိုင်ငံရဲ့  ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံခြားရေးမူဝါဒအပေါ် များစွာ သက်ရောက်မှု မရှိပေမယ့် နိုဝင် ဘာ ၃ ရက်က ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ရှုံးနိမ့်ပြီး ဂျိုးဘိုင်ဒန်က သမ္မတ အဖြစ်အရွေးခံရတာကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲတွေ ကြီးကြီးမားမားရှိလာမှာပါ။

ထရမ့်လက်ထက်  အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံဟာ မထင်မရှားရှိနေခဲ့သလို ရိုဟင်ဂျာ အရေးမှာ လည်း အထူးအာရုံစိုက်မခံခဲ့ရပါဘူး။ ဒါပေမယ့်  ဘိုင်ဒန် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လစ်ဘရယ်တန်ဖိုးနှုန်းစံတွေကို ပိုပြီးအလေးပေးလာမှာကြောင့် ရိုဟင်ဂျာ အရေးဟာ အမေရိကန်ရဲ့ မြန်မာမူဝါဒအပေါ် အဓိက လွှမ်းမိုးလာမယ့် အလားအလာရှိပါတယ်။ သမ္မတသစ် လက်ထက်မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လျာထားခြင်းခံရတဲ့ အန်တိုနီဘလင်ကန်ဟာ သမ္မတ အိုဘားမား လက်ထက်မှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ရိုဟင်ဂျာအရေးကို အလေးထား ဆွေးနွေးနေခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ရိုဟင်ဂျာအရေးဖြစ်ပွားခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပြီး ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမယ် ဆိုပြီး သူရဲ့ တွစ်တာမှာ ရေးခဲ့ပါသေးတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ရင် အမေရိကန်အစိုးရသစ်လက်ထက်မှာ ရိုဟင်ဂျာအရေးကို ပိုမို အာရုံစိုက်လာဖွယ်ရှိပါတယ်။

အမေရိကန်ရဲ့ တရုတ်မူဝါဒမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှု တိုးတက်လာနိုင်ပေမယ့် ဒါဟာ အမေရိကန်ရဲ့ ရိုဟင်ဂျာအရေးအပေါ်မှာ ထားရှိမယ့် မူဝါဒအပေါ်မှာ များစွာသက်ရောက်နိုင်မှာမဟုတ်ပါဘူး။

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား အားပြိုင်မှုတွေကတော့ အစိုးရသစ်လက်ထက်မှာလည်း ဆက်လက် ရှိနေဦးမှာ ဖြစ်ပေမဲ့ ဒီအားပြိုင်မှုတွေကို ကိုင်တွယ်တဲ့ ဗျူဟာတွေ၊ နည်းနာတွေမှာတော့ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာရေးရာတွေမှာ အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်မြှင့်တင်လာတာ၊ မဟာမိတ်တွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တာ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ အသင်းအပင်းတွေ ပိုမိုအားကောင်းရေးကို ဆောင်ရွက်လာမယ့် အလားအလာတွေရှိပါတယ်။ အမေရိကန်ရဲ့ တရုတ်မူဝါဒမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှု တိုးတက်လာနိုင်ပေမယ့် ဒါဟာ အမေရိကန်ရဲ့ ရိုဟင်ဂျာအရေးအပေါ်မှာ ထားရှိမယ့် မူဝါဒအပေါ်မှာ များစွာသက်ရောက်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အမေရိကန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ခိုင်ခိုင်မာမာပုံပေါ်မလာခင်မှာ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ မြန်မာမူဝါဒကို သက်ရာက်ပုံဖော်နိုင်ဖို့ သံတမန်ရေးရာအရ တက်ကြွစွာကြိုးပမ်းသင့်ပါတယ်။ တခု သတိပြုစရာက ဒီဆောင်းပါးရေးသားနေတဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာမပို့ရသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အမေရိကန် အစိုးရသစ်ရဲ့ အာရှမူဝါဒ၊ တရုတ်နိုင်ငံမူဝါဒတွေမှာ ရိုဟင်ဂျာအရေး နဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍတွေ ကို ပုံဖော်လွှမ်းမိုးနိုင်ဖို့ လက်ဦးမှုရယူပြီး တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။

 

ပျားရည်ဆမ်းအလွန် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး

အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ မြင့်တက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးချိန်ခွင်လျှာဟာ တရုတ်ဘက်ကို ပိုအလေးသာလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ ပထမငါးနှစ်တာ ပျားရည်ဆမ်းကာလ ပြီးဆုံးပြီး  လာမယ့်ငါးနှစ်အတွင်း ပိုပြီးလက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကာလအပြီးမှာ တရုတ်နိုင်ငံကအကောင်အထည်ဖော်ဖို့ တိုက်တွန်းနေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ ကြန့်ကြာမှုတွေရှိနေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိန်းညှိဖို့အတွက် ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ လုံခြုံရေးအရ အကူအညီတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နေတာကြောင့် ဒါဟာ တရုတ်နိုင်ငံအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အထူးသဖြင့်  ဂျပန်နိုင်ငံ ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါဟာ  ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အကန့်အသတ်အတွေကြားကပဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိုလာရောက် လေ့လာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ခဲ့တာ၊ မြန်မာ့ငြိမ်းချမ်းရေးမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာတာတွေက တရုတ်နိုင်ငံကို ရတက်မအေး ဖြစ်စေနိုင်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေး အာဘော် တွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာလည်း သတိချပ်စရာပါ။ ဒါက လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်မရင် တရုတ်နိုင်ငံရဲ့ မြေပုံထဲမှာ မြန်မာပြည်ပါသွားမယ်။ မြန်မာတွေ တရုတ်စာသင်ထားရတော့မယ် စတဲ့ အာဘော်တွေက လူမှုကွန်ရက် သုံးစွဲသူတွေအကြား ပျံနှံ့နေခဲ့တာပါ။

ဒါကြောင့် NLD အစိုးရ ဦးဆောင်မယ့် ဒုတိယငါးနှစ်သက်တမ်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွား အကောင်အထည်ဖော်ရေးကို ပထမငါးနှစ်ကထက် ပိုမိုတိုက်တိုက်တွန်းတွန်းရှိလာမယ်လို့ သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်ကို စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာအရ ပိုမိုမှီခိုလာရတာကြောင့် အလျော့အတင်းလုပ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ တရုတ်နိုင်ငံက အသာစီး ရရှိနေတာကြောင့် တရုတ်ရဲ့ တွန်းအားတွေကို လွန်ဆန်ဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာလည်း ကပ်ဘေးရဲ့ တိုက်ရိုက်သက်ရောက်မှုဖြစ်တဲ့ ပြည်သူလူထုရဲ့ ကျမ်းမာရေးဆိုင်ရာ ထိခိုက်မှုတွေသာမက နောက်ဆက်တွဲ ရိုက်ခတ်မှုတွေဖြစ်တဲ့ လူမှုစီးပွားသက်ရောက်မှုတွေကိုပါ ခါးစည်းခံနေရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် ပမာဏကြီးမားတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကို ပိုမိုလိုလားလာနိုင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေ အတွက် တွန်းအား တရပ်ဖြစ်လာနိုင်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေး အာဘော် တွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာလည်း သတိချပ်စရာပါ။ ဒါက လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်မရင် တရုတ်နိုင်ငံရဲ့ မြေပုံထဲမှာ မြန်မာပြည်ပါသွားမယ်။ မြန်မာတွေ တရုတ်စာသင်ထားရတော့မယ် စတဲ့ အာဘော်တွေက လူမှုကွန်ရက် သုံးစွဲသူတွေအကြား ပျံနှံ့နေခဲ့တာပါ။ အဲဒီပြောဆိုချက်တွေဟာ Subscribers သောင်းနဲ့ သိန်းနဲ့ချီသလို ဗီဒီယိုကြည့်ရှုနှုန်း သန်းနဲ့ချီရှိတဲ့ သတင်းဌာနအမည်ခံ ယူကျူ့ချန်နယ်(Youtube Channel) တချို့ကနေ စတင်ပျံ့နှံ့လာခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတွေအကြား နှစ်ခြိုက်မှုနဲ့ မျှဝေမှုတွေ သောင်းဂဏန်းရှိခဲ့ပါတယ်။ ဒီအာဘော်တွေက တရုတ်နိုင်ငံ အပေါ်မှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ အမြင်တွေကို ဘယ်လောက်အတိုင်းအတာထိ ထင်ဟပ်နိုင်မလဲဆိုတာ တိုင်းတာရတာ ခက်ခဲပေမဲ့ တရုတ်အပေါ်မှာ အပြုသဘောမဆောင်တဲ့ အမြင်တွေက ပြည်သူလူထုအကြားမှာ အတော်အတန်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအချက်တွေကလည်း တရုတ်နိုင်ငံက တိုက်တွန်းနေတဲ့ စီးပွားရေး စင်္ကြံလမ်းစီမံကိန်းတွေ အကောင်အထည် ဖော်ရေးမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးကြောင့် ဆက်လက်ရှိနေဦးမယ့် သံတမန်ရေးရာ အကန့်အသတ်တွေအကြား တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်နေဖို့ လိုအပ်သလို တရုတ်နိုင်ငံရဲ့ ဘက်မညီဆက်ဆံရေး ပိုမိုကြီးထွားမလာရေး၊ ပြီးတော့ ပြည်သူလူထုရဲ့ တရုတ်ဆန့်ကျင်ရေးအမြင်တွေအကြား တရုတ်ရဲ့စီမံကိန်းတွေ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ရေး တွန်းအားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ လာမယ့်ငါးနှစ်အစိုးရသက်တမ်းအတွက် စမ်းသပ်မှုတရပ်အဖြစ် ဆက်လက်ရှိနေမယ်လို့ သုံးသပ်ရပါတယ်။

အရင်ငါးနှစ်ရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ပိုနေမြဲ ကျားနေမြဲ နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်ကျင့်သုံးနေမယ်ဆိုရင် မြန်မာ့အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ရုံသာမက အဆုံးရှုံးကြီးစေနိုင်ကြောင်း သုံးသပ်ရပါတယ်။

နိဂုံး

ပြန်ချုပ်ရရင် လက်ရှိအခြေနေအတိုင်းဆိုရင် ရွေးကောက်ပွဲလွန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲ များမျာစားစား တွေ့ရဖွယ်မရှိပါဘူး။ ရိုဟင်ဂျာအရေး သံတမန်ရေး အကန့်အသတ်တွေကြားထဲမှာ မြန်မာ့နိုင်ငံခြားဆက်ဆံရေးဟာ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို အားပြုနေရဦးမှာပါပဲ။  မြန်မာနိုင်ငံဟာ အမေရိကန် အပါအဝင်အနောက်နိုင်ငံတွေနဲ့ အကျိုးစီးပွားချိတ်ဆက်မှုအားနည်းတာကြောင့်  အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမပြေလည်ခြင်းဟာ ပြဿနာမဟုတ်ပါဘူး၊ ဒေသတွင်းနိုင်ငံတွေနဲ့ အဆင်ပြေရုံနဲ့ လုံလောက်ပါတယ် ဆိုတဲ့စဉ်းစားချက်မျိုးက အလုပ်မဖြစ်နိုင်ပါဘူ။ တရုတ်နိုင်ငံနဲ့ ပျားရည်ဆမ်းကာလ ဆက်ဆံရေးကလည်း ကျော်လွန်သွားပါပြီ။ လာမယ့်ငါးနှစ်မှာတော့ တရုတ်နိုင်ငံဘက်က နှောင့်နှေးနေတဲ့ သူတို့ရဲ့စီမံကိန်းတွေနဲ့ အခြားအကျိုးစီးပွားတွေကို ပိုမိုတွန်းအားပေးဖော်ဆောင်လာနိုင်ပါတယ်။ ဒီသံတမန်ရေးရာအကျပ်အတည်းတွေကနေ ဖောက်ထွက်ဖို့ အတွက် ရွေးကောက်ပွဲအလွန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်သူတွေဟာ တက်တက်ကြွကြွနဲ့ ကိုယ့်ဘက်ကစလို့ နိုင်ငံတကာကို ချဉ်းကပ် ချိတ်ဆက်ပြီး မူဝါဒအခင်းအကျင်းသစ်ကို တီထွင်ကြံစမှုရှိရှိနဲ့ လက်ဦးမှုရှိရှိ ဖန်တီး အားထုတ်သင့်ပါတယ်။ အရင်ငါးနှစ်ရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ပိုနေမြဲ ကျားနေမြဲ နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်ကျင့်သုံးနေမယ်ဆိုရင် မြန်မာ့အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ရုံသာမက အဆုံးရှုံးကြီးစေနိုင်ကြောင်း သုံးသပ်ရပါတယ်။

 

ခင်ခင်ကျော်ကြီး

၂၇.၁၁.၂၀၂၀

ခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံနှင့် သုတေသနဌာန လက်ထောက်ဒါရိုက်တာဖြစ်သည်။

 

အယ်ဒီတာမှတ်ချက်

မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက “ရိုဟင်ဂျာ” အစား ‘ဘင်္ဂါလီ’ ဟု သုံးစွဲပါသည်။


Khin Khin Kyaw Kyee

Khin Khin Kyaw is the Deputy Director for Research program and also the head of ISP’s China Desk. Khin Khin Master’s Degree in International Studies from the School of Oriental and African Studies, University of London. Prior to joining ISP, she worked as program coordinator for Institute for Political and Civic Engagement, Center administrator for International Law Development Organization (Rule of Law Centre Project) and independent researcher specializing in China-Myanmar relations.