ISP China Desk
ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ - အမရသီဟအား မေးမြန်းခြင်း

ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ

အမရသီဟအား မေးမြန်းခြင်း

အမရသီဟသည် Myanmar Institute for Peace and Security (MIPS) ၏ Senior Research Manager ဖြစ်ပြီး China Research Desk ကိုဦးဆောင်သူ ဖြစ်သည်။

 

(ယခု ဖော်ပြထားသည့် အင်တာဗျူးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ်-၅ အတွက် မေးမြန်းထားခြင်း ဖြစ်သည်။ မေးမြန်းမှုကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအင်တာဗျူးတွင် ပါဝင်သော သုံးသပ်ချက်များနှင့် အချက်အလက်များသည် ထိုအချိန်မတိုင်ခင်က (အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သော အခင်းအကျင်းမတိုင်ခင်) အခြေအနေများကို ထင်ဟပ်ပါကြောင်း သိစေအပ်ပါသည်။ ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်စေသည်အထိ ရိုက်ခတ်မှုကြီးခဲ့သော ကိုဗစ်-၁၉ အခြေအနေများကြောင့် ယခု သုံးသပ်ချက်များအပြင် လေ့လာတွေ့ရှိချက်အသစ်များ ထွက်ပေါ်မှုရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။)

 

မေး။      ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲက အစ တောင်တရုတ်ပင်လယ်အတွင်း အားပြိုင်မှုတွေအထိ ပထဝီ နိုင်ငံရေးပြိုင်ဆိုင်မှုတွေ အဘက်ဘက်မှာများလာခြင်းဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအပေါ်မှာ ဘယ်လို သက် ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ။      ၁၉၅၀ ပြည့်နှစ်က ပထဝီနိုင်ငံရေးပုံစံအရကြည့်ရင်တော့ အုပ်စုနှစ်ခု အားပြိုင်တယ်၊ အရှေ့တောင်အာရှနိုင်ငံတွေ ဘယ်မှာနေမလဲဆိုပြီး တွေးပုံမျိုး၊ နောက်တော့ သီးခြားအင်အားစု အာဆီယံပေါ်လာတယ်ဆိုတာမျိုး။  အဲဒီလိုမျိုးဟာ အုပ်စုကြီးတွေ အားပြိုင်တယ် ဘက်ရွေးဆိုသောပုံက လက်ရှိအချိန်မှာ အသုံးချလို့ရမလားဆိုတော့ လက်ရှိအချိန်မှာ သိပ်အသုံးချလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အခြေအနေအားပြိုင်မှုဟာ အတွေးအခေါ်ပိုင်း မဟုတ်တော့ဘူး။ ကွန် မြူနစ်နဲ့အရင်းရှင် ပြိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ နောက်တခုက ကျတော့ အရှေ့တောင်အာရှနိုင်ငံတွေက တနည်းမဟုတ် တနည်းနဲ့ မှီခိုရတယ်။ တရုတ်ကလည်း အရှေ့တောင်အာရှနိုင်ငံတွေကို ပြန်လည်မှီခိုရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်လိုတယ်၊ အရင်းအမြစ် လိုတယ်။ လက်ရှိမှာ  အရင်းရှင်စနစ်ဖြစ်တဲ့ အားလျော်စွာ တယောက်နဲ့ တယောက်က အပြန်အလှန် မှီခိုနေရတယ်။ အကျိုးစီးပွားအတွက် ချိတ်ဆက်နေတယ်။ Market ကြီးက တခုတည်း သွားနေတာကိုး။ အထူးသဖြင့် ပြန်ပြောရရင် ဩစတြေးလျက တရုတ်ရဲ့လွှမ်းမိုးမှုကို အရှေ့တောင်အာရှမှာ များလာမှာကို ကြောက်ပေမယ့်လည်း သူ့ရဲ့ အများဆုံးကုန်သွယ်ဖက်က တရုတ်ဖြစ်နေတာမျိုး၊ သူ့နိုင်ငံရဲ့ သတ္တု တွင်းလုပ်ငန်းတွေကို တရုတ်ကော်ပိုရိတ်ကြီးတွေပိုင်နေတာမျိုး အခြေ အနေတွေရှိတယ်။ ဒီလိုပဲ အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ကလည်း တရုတ်ဖြစ်နေတယ်။ ဒီကိစ္စက အချင်းချင်း အပြန်အလှန်မှီခိုနေရတဲ့အတွက် အားပြိုင်မှုဆိုတာကြီးက အကြီးဆုံး အရင်းရှင်နိုင်ငံ ကြီးက နောက်တက်လာတဲ့ အရင်းရှင်နိုင်ငံတခုကို အမြန်မကျော်သွားစေလိုတဲ့အတွက် ထိန်းထားဖို့ ခေတ္တအားပြိုင်တဲ့ ပုံစံမျိုးပါပဲ။ စစ်အေးကာလ ပုံစံမျိုးတော့ ပြန်ဖြစ်မှာ မဟုတ်ပါဘူး။

 

မေး။      တရုတ်နိုင်ငံကလည်း ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို အကောင် အထည်ဖော်နေချိန်မှာ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ စတဲ့နိုင်ငံတွေကလည်း လွတ်လပ်တဲ့၊ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုပြီး ပထဝီနိုင်ငံရေး ဦးစီးဦးဆောင်ပြုမှုတရပ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ဒီ အင်ဒိုပစိဖိတ် အဆိုပြုချက်တွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လို အနေထားမှာ ရှိပါသလဲ။

ဖြေ။      အင်ဒိုပစိဖိတ်ကရော တရုတ်ကို Balance လုပ်လားဆိုပြီး တွေးတာ တွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း ဟုတ်လားဆိုတော့ ဟုတ် တယ်၊ တရုတ်ချဲ့လာလို့ ငါတို့လည်း တစုဖွဲ့ရမယ်ဆိုတဲ့ အတွေးနဲ့။ ဟုတ်ပေမယ့်လို့ အင်ဒိုပစိဖိတ် ဘာလဲ၊ ဘယ်လဲကိစ္စကလည်း ဘယ်သူ မှ ရေရေရာရာ မသိဘူး။ စတင်ပြောတဲ့ လူတွေကိုယ်တိုင်ကိုက ရှင်းရှင်းလင်းလင်း မသိတာ။ အင်ဒိုပစိဖိတ်ဆိုတဲ့ အသုံးအနှုန်းကို အခုထက်ထိ မူပိုင် ဘယ်သူလဲဆိုတာမျိုးကိုလည်း ဂျပန်ကလည်း သူ စပြောတာ၊ ကိုရီးယားကလည်း ဒီကိစ္စက သူစတယ်၊ ထိုင်ဝမ်ကလည်း South-bound နဲ့ကြည့်ပြီး ချိတ်တယ်။ အိန္ဒိယကလည်း Act East ဆိုပြီး ပြောတော့ အားလုံးက လုံးလုံးလုံးလုံး ဖြစ်နေတယ်။ ပြီးတော့ အင်ဒို-ပစိဖိတ်မှာပါလို့ ငါတို့ကဘာရမှာလဲ ဆိုတဲ့ဟာကလည်း မေးခွန်းတခုရှိတယ်။ နောက်တခုဖြစ်လာတာက အင်ဒိုပစိဖိတ်မူဝါဒထဲကို ကိုယ်ကလည်း မဟာဗျူဟာနှင့် ပါလာပြီ။ အဲဒါဆိုရင် တရုတ်လိုမျိုး ချေးငွေရမှာလား၊ Development Aid ရမှာလား၊ Funding ရမှာလား ဆိုတာကလည်း ဘာမှမသေချာတော့ပြန်ဘူး။  အခုဟာက တဖြည်းဖြည်းနဲ့ ဝေဝါးလာတဲ့ပုံ ဖြစ်နေပါတယ်။ BRI ကိုယ်တိုင်ကလည်း ပထမပိုင်းမှာ နိုင်ငံရေးအရ ချေးထားတာတွေကအလုပ်မဖြစ်၊ အကြွေးဆုံးတာတွေ ဖြစ်လာတော့၊ သူ့ဟာသူ လုံးလုံးလုံးလုံး ဖြစ်လာပြီ။ တချို့ကိစ္စတွေဆို BRI က သူ့ပိုက်ဆံနဲ့သူ မလောက်တဲ့အခါမှာ စီမံကိန်းအတွက် တခြားက ပိုက်ဆံယူရတာတွေရှိတယ်။ ဒီတော့ ပထဝီနိုင်ငံရေးအရ သူ့အစုအဖွဲ့နဲ့ သူကတော့ ရှိနေပေမယ့်လို့ ဘာမှကြီး သီးသီးသန့်သန့်ရယ်လို့ အားပြိုင်တဲ့ပုံစံမျိုးတော့ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အရင်ကလို အရှေ့အုပ်စုက ဒါ၊ အနောက်အုပ်စုက ဒါ ဆိုတာမျိုးမဟုတ်သလို အင်ဒိုပစိဖိတ်ထဲပဲပါပါ၊ BRI ပဲပါပါ ဒီကော်ပိုရိတ်ကြီးတွေကပဲ ရင်းနှီးပြီး ဒီဘဏ်တွေကပဲ ငွေချေးတာပဲလုပ်တာကိုး။

 

မေး။      ဒီအဆိုပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရေးပါမှုကို ပိုမို မြင့်တက်လာစေပါသလား။ ဘေးကျပ်နံကျပ် ပိုဖြစ်လာစေပါသလား။

ဖြေ။      မြန်မာနိုင်ငံက ပွင့်ပွင့်လင်းပြောရရင် အမြဲတမ်း ဘေးကျပ်နံကျပ်ဖြစ်တဲ့ အခြေအနေမှာရှိသလို နှစ်ခုစလုံးက ပြိုင်ဆိုင်မှုက အမြတ်ထွက်တဲ့ အခြေအနေမှာလည်း ရှိခဲ့ဖူးတယ်။ စစ်အေးကာလတုန်းကဆိုရင် လည်း မြန်မာနိုင်ငံက ဘေးကျပ်နံကျပ်ဖြစ်တဲ့ နေရာတခုမှာ ရှိခဲ့ဖူးတယ်။ SEATO စတော့ တချို့တွေက ပါချင်တယ်။ အဲဒီလို ပါခြင်း မပါခြင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှမ်းပြည်နယ်စော်ဘွားအရေးကိစ္စနဲ့ အာဏာသိမ်းတဲ့ကိစ္စတွေတောင် ဖြစ်သွားဖူးသေးတာကိုး။ တချိန်တည်းမှာပဲ လက်ဝဲမုန်း၊ လက်ယာနဲ့လည်းမနီးတဲ့အတွက် အမေရိကန် ကနေ Non-Left Aid အကူအညီတွေရခဲ့ပြီး ဗကပနဲ့ တိုင်းရင်းသားတွေကို  စစ်တိုက်ဖို့ အကူအညီရခဲ့တာမျိုး အခြေအနေမျိုးလည်း ရှိခဲ့ဖူး တယ်။

မြန်မာနိုင်ငံက ဒီအခြေအနေမှာ အကျပ်အတည်းဖြစ်သလား ဆိုရင်တော့ အကျပ်အတည်းကြီးလည်းမဖြစ်ဘူး။ ရွေးချယ်စရာတွေရှိတယ်။ အခွင့်အရေး ဘာရလဲဆိုရင်လည်း လက်ရှိအခြေအနေမှာ BRI ကနေ ချေးငွေတွေ Early Harvest ဆိုပြီး အရင်လိုပေါပေါပဲပဲနဲ့ မရတော့ဘူး၊ တရုတ်က အဲလိုပေးတာ ခေတ်ကုန်သွားပြီ။ အဲဒီအပိုင်းကို မြန်မာက လွတ်သွားတယ်။ ဒါပေမယ့် အင်ဒိုပစိဖိတ်မှာ မြန်မာနိုင်ငံကပါဖို့ ဆိုရင်တော့လည်း ပြဿနာက မြန်မာနိုင်ငံရဲ့ လက်ရှိ အင်ဒိုပစိဖိတ်နိုင်ငံတွေနဲ့ ဆက်သွယ်မှုနဲ့ နိုင်ငံရေးအရ လက်ခံနိုင်ခြေတွေ ဘယ်လောက်အထိ ကောင်းလဲဆိုတဲ့ အခြေအနေက အဲဒီလောက်လည်း ထင်သလောက် မကောင်းပြန်ဘူး။ ဆက်သွယ်မှုအားနည်းတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒါကို သေသေချာချာလေး မဟာဗျူဟာရေးဆွဲပြီးတော့ တွန်းအားပေး ပိုကောင်းအောင်လုပ်ဖို့အတွက် သူတို့မှာ မဟာဗျူဟာအတည်ပြုဖို့ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် အဟန့်အတားတွေ အများကြီး ရှိနေသေးတာကို။ ဒီတော့ လက်ရှိအခြေအနေကတော့ ဒီအတိုင်းပဲ လုံးလည်ချာလည်ပုံစံနဲ့ သွားနေပါတယ်။

 

ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မဟာဗျူဟာကျကျနဲ့ လွတ်လပ်စွာ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ မူဝါဒတွေကို Strategic Autonomy ဖြစ်စွာနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဘာကိုလိုချင်တာလဲဆိုတာရယ်၊ လိုချင်တာရဖို့ မဟာဗျူဟာ ရည်မှန်းချက် ဘာလဲဆိုတာရယ်ကို မကွဲဘူး။

 

မေး။      တရုတ်၊ အမေရိကန်နဲ့ အခြားဒေသတွင်း အင်အားကြီး နိုင်ငံတွေ အကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကို ကိုင်တွယ်ရာမှာ  မြန်မာနိုင်ငံအနေနဲ့ ဘယ်လို မဟာဗျူဟာ‌‌တွေ၊ ဘယ်လိုတိကျတဲ့ မူဝါဒ စဉ်းစားချက်မျိုး‌‌တွေနဲ့ ကိုင်တွယ်သင့်ပါသလဲ။

ဖြေ။      မြန်မာနိုင်ငံရဲ့ လက်ရှိ မူဝါဒက ဘယ်တော့မှလည်း မပြောင်းဘူး၊ နောက်လည်း ပြောင်းမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဘာလို့လဲဆိုတော့ လွတ်လပ်၍တက်ြွကသောမူဝါဒက အမြဲတမ်းရှိတယ်။ အဲဒီဟာက ကောင်းလားဆိုတော့လည်း မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘာဖြစ်ချင်တာလဲ။ ဘာလိုချင်တာလဲဆိုတာကို ကိုယ့် ဘာကိုမသိဘူး။ ကောင်းတာလည်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်း Flexible ဖြစ်တော့ အချိန်နဲ့တပြေးညီ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုးမူဝါဒနဲ့ သွားမလဲဆိုတဲ့အခါ နှစ်ပိုင်း ပါပါတယ်။ တပိုင်းက Strategic Autonomy။ ဒါက ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မဟာဗျူဟာကျကျနဲ့ လွတ်လပ်စွာ အကောင် အထည်ဖော်တာ ဖြစ်ပါတယ်။ မူဝါဒတွေကို Strategic Autonomy ဖြစ်စွာနဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဘာကိုလိုချင်တာလဲဆိုတာရယ်၊ လိုချင်တာရဖို့ မဟာဗျူဟာ ရည်မှန်းချက် ဘာလဲဆိုတာရယ်ကို မကွဲဘူး။ ပြဿနာက အကြောင်း အရာ တခုချင်းကိုပဲ လိုက်မဲသလိုဖြစ်နေတယ်။ တရုတ်ဆို အားလုံး တရုတ်၊ ICJ အချိန်ဆို အားလုံး ICJ ၊ တခုချင်း မဲနေရတယ်။  အဲဒီလို မဟာဗျူဟာရည်မှန်းချက်မရှိတော့ Foreign Engagement တွေ Track-1, Track-2  တွေမှာ ဘာတွေရအောင်လုပ်ကြမှာလဲလို့ မေးရင် အဖြေက မရှင်းတော့ဘူး။

နောက်တပိုင်းက စီးပွားရေး။ နိုင်ငံခြားဆက်ဆံရေးနဲ့မူဝါဒတွေ တခြားသော မူဝါဒ အစည်းအဝေးတွေမှာ စီးပွားရေးအုပ်စုကို ကျနော်တို့က များသောအားဖြင့် မေ့မေ့ပျောက်ပျောက် ထားထားလေ့ရှိတယ်။  စီးပွားရေးဆိုင်ရာအုပ်စုတွေရဲ့ အမြင်တွေ သူတို့ရဲ့ ရည်မှန်းချက်၊ လိုအပ်တဲ့ Policy တွေ၊ သူတို့လိုအပ်တဲ့ အထောက်အကူပြမှု စတာတွေကို ကျနော်တို့က နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးဘက်ကလည်း အထောက်အပံ့မပေးနိုင်သလို သူတို့ရဲ့ အမြင်တွေကိုလည်း နိုင်ငံရေးထဲမှာ ဘယ်တော့မှ ထည့်မစဉ်းစားဘူး။ တခါတရံ မူဝါဒ ချမှတ်သူတွေဟာ စီးပွားရေးလုပ်သူများကို ပြိုင်ဘက်လိုမျိုး တွေးတာတောင် တွေ့ရတယ်။ ကျနော်တို့အနေနဲ့က မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့သူတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေက သူတို့ ဘယ်နိုင်ငံနဲ့ Engage ပိုလုပ်ချင်တာလဲ၊ ဘာကိုလုပ်ချင်တာလဲ၊ ဘာကြောင့်လုပ်ချင်တာလဲဆိုတာကို အခြေခံပြီးတော့ ကျနော်တို့က စဉ်းစားသင့်တယ်။ အမေရိကန်နဲ့ ပိုကုန်သွယ်ချင်တာလား။ ဒါဆိုရင် ဘယ်လမ်းကြောင်း ကိုသွားမလဲ။  ဒါမှမဟုတ်ရင်လည်း တရုတ်နဲ့ ဒီထက်ပိုပြီး နီးစပ်ချင် တာလား။ သူတို့ရဲ့အမြင်တွေကို  နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေမှာ ထည့်သွင်းဖို့ အများကြီးလိုအပ်တယ်လို့ ထင်ပါတယ်။

 

မေး။      ၂၀၁၆ ခုနှစ်နောက်ပိုင်းကစပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ သံတမန်ရေးအရ သက်ရောက်လွှမ်းမိုးနိုင်မှုတွေဟာ ဘယ်ခေတ်နဲ့မှ မတူအောင် များလာခဲ့ပါတယ်။ တဖက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးနယ်ပယ်နဲ့ သံတမန်ဆက်ဆံရေးတွေဟာ တစတစ ဘောင်ကျဉ်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လွန်ဆန်ရမလွယ် အခြေနေရောက်သွားနိုင်တဲ့  တရုတ်ရဲ့ လွှမ်းမိုးမှုကို တစုံတရာ ပြန်ထိန်းညှိပြီး မိမိရဲ့ အကျိုးစီးပွားအတွက် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒအစဉ်အလာကို ဆက်လက်ထိန်းထားနိုင်မယ့် အခြေအနေမျိုး ရှိပါသလား။

ဖြေ။      ကျနော်တို့က တကယ်ပဲ တရုတ်ရဲ့လွှမ်းမိုးမှု အများကြီးဖြစ်လားဆိုတော့ ဦးသိန်းစိန်လက်ထက်နဲ့ ယှဉ်ပြီးကြည့်ရင်တော့ ဟုတ်တယ်။ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှုက ပိုပြီး သိသာလာတယ်။ ဘာလို့လဲဆို တော့ အနောက်နိုင်ငံတွေနဲ့ Engagement တွေက  နည်းသွားတာကိုး။ ဒါပေမဲ့ ပြန်စဉ်းစားရင် တကယ်ကော မြန်မာနိုင်ငံက တရုတ်ကိုပဲ မှီခိုနေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲ ဆိုတော့ နအဖခေတ်တုန်းက တရုတ်ကို မှီခိုတဲ့ကိစ္စက ဒီထက် အများကြီး ပိုများတယ်။ ဒီတော့ လက်ရှိအခြေအနေမှာက အဲလောက်တော့ မဆိုးသေးဘူး။ လူးသာလွန့်သာ ရှိသေးတယ်။ အချိန်အတိုင်းအတာတခုအတွင်းမှာတော့ ကျနော်တို့ အနောက်နဲ့ ပြန်လည်အဆင်ပြေအောင် လုပ်လို့ရတဲ့ အတိုင်းအတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တဖက်မှာ ပြန်ကြည့်တော့လည်း ဘောင်ကျဉ်းလာတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက တရုတ်က မြန်မာနိုင်ငံကို လွှမ်းမိုးတယ်ဆိုတာက နိုင်ငံရေးအရ အထောက်အပံ့ပေးထားတာ တခုရယ်၊ စစ်အစိုးရနဲ့ State Oriented Capitalism ကို တရုတ်က အထောက်အပံ့ပေးထားတဲ့ Financing အဆင့်ကနေပြီးတော့ အခုက တဖြည်းဖြည်းနဲ့ Economic Hegemony ဖြစ်လာတယ်။ တရုတ်နိုင်ငံကို စီးပွားရေးအရ မြန်မာနိုင်ငံက ၅၀ ရာခိုင်နှုန်းလောက် မှီခိုရတဲ့အခြေအနေ ဖြစ်လာတယ်။ နောက်နှစ်တွေဆိုရင် ပိုသိသာလာလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့ သွင်းကုန်၊ ပို့ကုန်၊ နည်းပညာဆိုင်ရာမှီခိုမှုတွေ၊ Payment System တွေ ပြန်စဉ်းစားဖို့ လိုအပ်လာပြီ။ တယ်လီဖုန်းတွေ၊ Critical Infrastructure တွေ ဒါတွေ အားလုံးမှာ လွှမ်းမိုးမှု အများကြီးရှိလာမယ်။ ဒါကလည်း ကျနော်တို့ နိုင်ငံတခုတည်းရဲ့ ပြဿနာမဟုတ်ဘူး တကမ္ဘာလုံး ဖြစ်လာတဲ့ ကိစ္စဖြစ်တယ်။

 

အဓိကအနေနဲ့ သုတေသန အများကြီး လုပ်ဖို့လိုတယ်။ ဥပမာ- လက်ရှိ တရုတ်ဆိုတဲ့သိမှုကို လူထုအကြား ဘယ်လို တည်ဆောက်ထားလဲ ဆိုတာမျိုးကို သေချာလေး လေ့လာတာ ခုချိန်ထိမရှိခဲ့ဖူးဘူး။

 

မေး။      ဒီ ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာမြောက် ရင်ဆိုင်နိုင်ဖို့ဆို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကြောင်းအချက် အခြေအနေတွေကို သတိထားကိုင်တွယ်ရမလဲ။ ဘယ်လိုပြင် ဆင်မှုမျိုးတွေက အထောက်အကူပြုစေနိုင်ပါသလဲ။

ဖြေ။      အရေးအကြီးဆုံးကတော့ ကိုယ်ဘာလိုချင်လဲဆိုတာ သိဖို့ပါပဲ။ လက်ရှိ ပြဿနာတော်တော်များများမှာ Stakeholder တော်တော်များများက မူဝါဒချဖို့ ဘာလိုချင်လဲဆိုတာ မသိတာ အဆင်မပြေလှဘူး။ ဥပမာ- တရုတ်ဆီက ဘာလိုချင်တာလဲ။ ဘာမှမလိုချင်ဘူးလို့ ပြောလည်း ရတယ်။ ဒါပေမဲ့ တရုတ်က အမြဲတမ်း အိမ်နီးချင်းအနေနဲ့ ရှိနေမှာဆိုတော့ သီးခြားကြီးနေလို့လည်း မရဘူး။ တခုခုတော့ သူ့ဆီက ယူဖို့ ကြိုးစားရတော့မှာပဲ။ ရတဲ့နေရာကနေ ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာမျိုး။

ဒီလိုပဲ အင်ဒို-ပစိဖိတ်မှာ ဆိုရင်လည်း ဘာရအောင်ယူမှာလဲ။ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ကတိကဝတ်တွေကို ယူမှာလား၊ စီးပွားရေးနဲ့ဆိုင်တဲ့ ကုန်သွယ်ခွန်လျှော့ချရေးကို ယူမှာလား။ ဒါမှမဟုတ် ဒီနိုင်ငံတွေနဲ့ ပေါင်းလို့ ဘာအကျိုးအမြတ်ရမလဲ။ တစ်အချက်က ကိုယ်ဘာလိုချင်လဲ ဆိုတာ သိဖို့ အရေးကြီးတယ်။ သိတဲ့အခါမှာလည်း ဘာအကျိုးအမြတ် ရမှာလဲဆိုတာ အရေးကြီးတယ်။ အဲဒီအကျိုးအမြတ်ကလည်း လက်ရှိ ရှိနေတဲ့ Business Community တွေနဲ့ အခြား အလွှာအဆင့်ဆင့်က လူတန်းစားများအပေါ် လူတန်းစားအခြေပြု အမြင်နဲ့ ဘယ်လောက်အထိ အကျိုးအမြတ်ရှိမလဲဆိုတာမျိုး တွေးဖို့ အရေးကြီးတယ်။ ဒီတော့ ဘာလိုချင်လဲ၊ ဘာအကျိုးအမြတ်ရမလဲ၊ လူတန်းစားအားလုံးအတွက် အဆင်ပြေလား။ အဲဒီသုံးခုကို ကျနော်တို့က စဉ်းစားသင့်တယ်။

အဓိကအနေနဲ့ သုတေသန အများကြီး လုပ်ဖို့လိုတယ်။ ဥပမာ- လက်ရှိ တရုတ်ဆိုတဲ့သိမှုကို လူထုအကြား ဘယ်လို တည်ဆောက်ထားလဲ ဆိုတာမျိုးကို သေချာလေး လေ့လာတာ ခုချိန်ထိမရှိခဲ့ဖူးဘူး။ မြန်မာ နိုင်ငံက လူတန်းစားအလွှာအဆင့်ဆင့်က CMEC ဆိုတာ ဘယ်လို နားလည်ထားတယ်ဆိုတာ ခုချိန်အထိ မသိဘူး။  ကျနော်နေတဲ့ လမ်းထိပ်ကွမ်းယာဆိုင်က လူတယောက်ကို CMEC ဆိုတာကို ဘာကြီးလဲ မေးရင် ဘယ်သူမှမသိဘူး၊ လူတွေရဲ့သိမှုကို ဘယ်လိုတည်ဆောက်ထားလဲဆိုတဲ့ ကိစ္စက တော်တော်အရေးကြီးတယ်ဗျ။ ဒီစီမံကိန်းတွေ လုပ်ဖို့ အောင်မြင်ဖို့ဆိုတာလည်း လူတွေရဲ့သိမှုထဲမှာ အတိုင်းအတာ တခုထိ ဒီစီမံကိန်းကြီးတွေဟာ ငါတို့နဲ့ဆိုင်တယ်။ အကျိုးရှိတယ်။ Ownership ရှိတယ်ဆိုတဲ့ ခံစားမှုရဖို့လည်း အရေးကြီးတယ်။ လက်ရှိ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံတဲ့အခါမျိုးမှာ တရုတ်က Origin ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာထက် ကျနော်တို့မှာ Sense of Ownership ဘယ်လောက်ရှိလဲဆိုတဲ့ကိစ္စက ပိုအရေးကြီးတယ်။ အဲဒါ တရုတ်မှ မဟုတ်ဘူး၊ အမေရိကန် Investment လာလည်း ဒီအတိုင်း လာမှာပဲ။ ဂျပန် Investment လာလည်း ဒီအတိုင်းနေမှာပဲ။ ဘယ် Investment လာလာ ဒီအတိုင်းနေမှာပဲ။ ဒီတော့ ကျနော်တို့အနေနဲ့က ဒီဟာတွေပြင်ဆင်ဖို့ဆိုရင် လက်ရှိလူတွေမှာရှိတဲ့ သူတို့သိမှုတွေကို ဘယ်လို တည်ဆောက်ထားလဲ။ လူတွေ ဘယ်လိုနားလည်နေလဲ ဆိုတာကို လေ့လာဖို့က လိုနေတဲ့တပိုင်းပဲ။ ဒါကို အချိန်ပေး လေ့လာသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပညာရပ်ဆိုင်ရာ လေ့လာမှုမှာ အရေးကြီးတာတခုကတော့ အတွေးအခေါ်အပိုင်းပါ။ ကျနော်တို့က ဒီ အားပြိုင်မှုကြီးဟာ အရင်းရှင်နိုင်ငံကြီးတွေ အားပြိုင်တယ်ဆိုတာကို သိနေဖို့ပါပဲ။ ဘယ်သူ့ဘက်မှာဖြစ်ဖြစ် တူညီချိတ်ဆက်နေတဲ့ ကော်ပိုရိတ်ကြီးတွေ၊ ဘဏ်ကြီးတွေ၊ အပြန်အလှန် ရင်းနှီးမှုတွေပါတယ် ဆိုတာပဲ။ ဒါကြောင့် လက်ရှိ ရှိနေတဲ့ နိုင်ငံတကာစနစ်ကို လူတန်းစားအခြေပြု လက်ဝဲသစ်အမြင်ကနေပြီး တတ်နိုင်သလောက် ချဉ်းကပ်လေ့လာဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။


China Desk Admin

ISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။