နိဒါန်း၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်နှင့်အတူ အရွယ်အစားကြီးမားသည့် အခြေခံအဆောက်အအုံစီမံကိန်းများကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ တိုက်တွန်းမှုများရှိလာသည်။ သို့သော် ထိုစီမံကိန်းကြီးများသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိသောကြောင့် စိုးရိမ်မှုများလည်း ရှိနေသည်။ ယခင်အတွေ့အကြုံများအရလည်း တရုတ်စီမံကိန်းများကို လူထုဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရခြင်းနှင့် စာချုပ်ပြန်လည်ညှိနှိုင်းခဲ့ရသည့် ဖြစ်ရပ်များလည်းရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုနောက်ပိုင်း ဖြစ်ပေါ် လာသည့် မီဒီယာလွတ်လပ်ခွင့်နှင့် အရပ်ဘက် အဖွဲ့အစည်းများ လှုပ်ရှားလာနိုင်ခြင်းသည်လည်း အရင်းအမြစ်စုရုံးခြင်း စသည်တို့အတွက် အထောက် အကူဖြစ်စေခဲ့ပါသည်။ အထူးသဖြင့် မြစ်ဆုံဆည်စီမံကိန်းနှင့် ဆက်စပ်သည့်သတင်း အချက်အလက်များ၊ ဝေဖန်ပြောဆိုမှုများကို အသွင်ကူးပြောင်းမှုနောက်ပိုင်းတွင် မီဒီယာများ၌ လွတ်လပ်စွာဖော်ပြလာနိုင်ခြင်း၊ လက်ပံတောင်းတောင်စီမံကိန်း အကြမ်းဖက်မှုများကို သတင်းများ၌ တစိုက်မတ်မတ် ဖော်ပြခြင်းတို့သည် ထိုစီမံကိန်းများကို လူထုအာရုံစိုက်လာစေရန် အထောက်အပံ့ဖြစ်ခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်လှုပ်ရှားမှုသည်လည်း လိုလားချက်များကို တောင်းဆိုရာတွင် စနစ်တကျ လှုံ့ဆော်နိုင်ခဲ့သည်ကို တွေ့ရသည်။သို့ရာတွင် စီမံကိန်းကြီးများ၏ လူမှုစီးပွားသက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုများ၊ မြေယာသိမ်းဆည်းမှုများ၊ အတင်းအဓမ္မရွှေ့ပြောင်းမှုများ၊ ပဋိပက္ခကို အရှိန်မြင့်စေမှုများ၊ ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းများအကြား အကျိုးအမြတ်ခွဲဝေမှု ပြဿနာများကြောင့် ဒေသခံပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုများကို ကြုံခဲ့ခြင်းများရှိသော်လည်း လူထု လှုပ်ရှားမှုများ၏ အောင်မြင်မှုများနှင့် ဖြစ်ပေါ်လာသည့် ရလဒ်တို့သည် အမြဲတမ်း တပြေးညီမဟုတ်ပေ။ အချို့စီမံကိန်းများရှိ လူထုလှုပ်ရှားမှုများသည် တနိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်သော်လည်း အချို့စီမံကိန်းတွင်မူ ကြီးကြီးမားမား သက်ရောက်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် စီမံကိန်းများနှင့် ဆက်စပ်သည့် လူထုလှုပ်ရှားမှုများ၏ အောင်မြင်မှု၊ မအောင်မြင်မှုအပေါ် မည်သည့်အချက်များက လွှမ်းမိုးမှုရှိသနည်း ဆိုသည်ကို မြစ်ဆုံ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တို့ဖြင့် နှိုင်းယှဉ်လေ့လာမည်ဖြစ်သည်။ဤဆောင်းပါး၌ အဆိုပြုလိုသည်မှာ(၁) စီမံကိန်းသည် ယဉ်ကျေးမှုအမွေအနှစ်ကို ခြိမ်းခြောက်မှုများဖြစ်စေကြောင်း ထိရောက်စွာပုံဖော်နိုင်မှုသည် လူထုလှုပ်ရှားမှုများ၌ ပြည်သူ၏ထောက်ခံမှုကို ပိုမိုရရှိစေသည်၊(၂) စီမံကိန်းတည်နေရာသည် တဆက်တဆက်တည်း တစုတဝေးတည်းအခြေပြုရာ၌ ရှိသောအခါ ဒေသခံများအတွက် စုပေါင်း အရေးဆိုရန် လွယ်ကူစေပြီး ပထဝီသဘောအရ လူထုလှုပ်ရှားမှုကို ပိုမိုအားကောင်းစေသည်၊ သို့သော် အခြားတဖက်တွင် ထိုသို့ တဆက်တဆက်တည်းရှိနေခြင်းကပင် ဒေသခံလူထု၏ နစ်နာမှုမှာ ပို၍ ကြီးမားကျယ်ပြန့်စေသည်၊(၃) အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများကို အလေးမထားဘဲ လျစ်လျုရှုခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်းတို့သည် လူထုလှုပ်ရှားမှုများကို ပိုမိုမြင့်တက်လာစေသည် စသည်တို့ ဖြစ်သည်။၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံရှိ စီမံကိန်းများအနက် မြစ်ဆုံ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် မြန်မာ-တရုတ် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများသည် ပြည်သူများ၏ အာရုံအစိုက်ခံရဆုံး စီမံကိန်းသုံးခုဖြစ်ပြီး အရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏအရ ကြီးမားသည့်စီမံကိန်းများဖြစ်သည့်အပြင် စတင်အကောင်အထည်ဖော်သည့် ကာလသည်လည်း နီးကပ်မှုရှိကြသည်။ ၎င်းတို့အနက် မြစ်ဆုံနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့သည် တနိုင်ငံလုံးအတိုင်းအတာအထိ လူထုဆန့်ကျင်မှုများ ကြုံတွေ့ခဲ့ရသည်။ ထိုဆန့်ကျင်မှုများကြောင့် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် သမ္မတ ဦးသိန်းစိန်က သူ၏သက်တမ်းအတွင်း ရပ်ဆိုင်းခဲ့ပြီး စီမံကိန်းပြန်လည်စတင်ရေးမှာ ယခုအချိန်အထိ ရေရာမှုမရှိသေးပေ။ ထိုနည်းတူ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းသည်လည်း လအတန်ကြာ ရပ်ဆိုင်းခဲ့ရကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့ရသည်။ နောက်ပိုင်း၌ စီမံကိန်းစာချုပ်ကိုပါ ပြန်လည်ညှိနှိုင်းချုပ်ဆိုရသည် အထိဖြစ်ခဲ့သည်။ အရွယ်အစားအရ ပိုမိုကျယ်ပြန့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုကို ဖြတ်သန်းသည့် ပိုက်လိုင်းစီမံကိန်းတွင်မူ ဒေသခံများ၏ ဆန့်ကျင်မှုများရှိလင့်ကစား မြစ်ဆုံနှင့် လက်ပံတောင်းကဲ့သို့ တနိုင်ငံလုံးအတိုင်းအတာထိ ပျံ့နှံ့နိုင်မှုအားနည်းခဲ့သည်။ ထိုသို့ စီမံကိန်းအလိုက် ကွာခြားသော လူထုဆန့်ကျင်မှု၏ အောင်မြင်မှု၊ မအောင်မြင်မှုအပေါ် လွှမ်းမိုးမှုရှိသည့်အချက်များကို ဆက်လက်ဆွေးနွေးပါမည်။ (၁) စီမံကိန်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်အပေါ်သက်ရောက်မှုစီမံကိန်းများအကောင်အထည်ဖော်ရာ၌ ဒေသခံပြည်သူများ တန်ဖိုးထားသည့် ယဉ်ကျေးမှုအမွေအနှစ် များကိုထိခိုက်ခြင်းသည် မြစ်ဆုံဆည်စီမံကိန်းနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတို့ရှိ လူထုဆန့်ကျင်မှု များကို လွှမ်းမိုးမှုရှိကြောင်းတွေ့ရသည်။ ကချင်ပြည်နယ်ရှိ မေခနှင့် မလိခဆုံရာ မြစ်ဆုံဒေသမှ မြစ်ဖျားခံပြီး စီးဆင်းလာသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအတွက် အသက်သွေး ကြောတခုဖြစ်ပြီး နိုင်ငံအတွင်းရှိ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများစွာအတွက် အထောက်အကူပြုလျက်ရှိသောကြောင့် ကချင်လူမျိုးများအတွက် သာမက မြန်မာပြည်သူများ၏ အမှီအခိုပြုရာမြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အဓိက ပင်မရေကြောင်းလမ်းမကြီးဖြစ်သလို သမိုင်းကြောင်းအရလည်း မြန်မာ့လူ့အဖွဲ့အစည်းထွန်းကားမှု၏ အခြေခံရေသောက်မြစ် ဖြစ်ခဲ့သည်။ ဤသို့ အစဉ်အလာကြီးမားသည့် ဧရာဝတီမြစ်ကို ထိခိုက်မှုသည် ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများ သာမက မြန်မာနိုင်ငံသားအားလုံး၏ ဖြစ်တည်မှုများ၊ ဇာတိပုညစိတ်များကို လှုံ့ဆော်ပေးနိုင်ခဲ့ပြီး မြစ်ဆုံဆည်တည်ဆောက်မှုအပေါ် ကန့်ကွက်မှုကို နိုင်ငံလုံးအတိုင်းအတာထိ ကျယ်ပြန့်စေခဲ့သည်။စီမံကိန်း အကောင်အထည်ဖော်ရာတွင် ထိုဘာသာရေးအဆောက်အအုံများကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ဆန့်ကျင်မှုများ ပိုမိုအားကောင်းစေခဲ့သည်ကို တွေ့ရသည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်လည်း စီမံကိန်းဧရိယာအတွင်းပါရှိသည့် လက်ပံ တောင်းတောင်ကြားနေရာသည် ပထမလယ်တီဆရာတော်ကြီး တည်ထားခဲ့သည်ဟု ယူဆကြသော သိမ်နှင့် အခြားဘုရားစေတီ၊ ကျောင်း စသည့် သာသနိက အဆောက်အဦများ တည်ရှိရာနေရာဖြစ်သည်။ ထိုနေရာသည် သတ္တုသိုက်တည်ရှိသည့် အဓိကနေရာလည်း ဖြစ်သည်။ စီမံကိန်း အကောင် အထည်ဖော်ရာတွင် ထိုဘာသာရေး အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ဆန့်ကျင်မှုများ ပိုမိုအားကောင်းစေခဲ့သည်ကို တွေ့ရသည်။ ဒေသခံများ၏ ဆန္ဒပြမှုများတွင် သံဃာတော်များပါ ပါဝင်လာရေးကို ဦးတည်စေခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် စီမံကိန်းဆန့်ကျင်ရေး သပိတ်စခန်းများ၌ ဒေသခံများနှင့်အတူ အနီးနားရှိ မြို့များမှ သံဃာတော်များပါ ပူးပေါင်းပြီး ဆန့်ကျင်ရေးအရှိန်အဟုန်များ အားကောင်းခဲ့သည်။ သာသနိကအဆောက်အဉီများကို ထိခိုက်ခြင်းသည် ဒေသခံလူထုနှင့် သံဃာထုအတွက် အလွန်အကဲဆတ်သည့်လုပ်ရပ်ဖြစ်သည်ကို စီမံကိန်းစာချုပ်အား ပြန်လည်ပြင်ဆင်ပြီး နောက်ပိုင်းဖြစ်ပေါ်သည့် ဆန္ဒပြမှုများ၌လည်း တွေ့ရပါသည်။ပိုက်လိုင်းစီမံကိန်းတွင်မူ မြစ်ဆုံနှင့် လက်ပံတောင်းစီမံကိန်းများကဲ့သို့ ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာ ထိခိုက်မှုများသည် ပိုက်လိုင်းဆန့်ကျင်လှုပ်ရှားမှုများ၏ ကြီးမားသောအစိတ်အပိုင်း တခု ဖြစ်မနေခဲ့သည်ကို တွေ့ရသည်။ စီမံကိန်းအကောင်အထည်ဖော်ရာတွင် သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ ဘာသာရေးအဆောက်အဦများ စသည့် အထင်ကရနေရာများကို ရှောင်သွားရန် စီစဉ်ခဲ့သလို ပုပ္ပါးတောင်ကို ဖြတ်သန်းမည့်လမ်းကြောင်းကိုလည်း ပြောင်းခဲ့သည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်နှင့်ဆက်စပ်သည့် လူထု၏စိတ်ကို လှုံ့ဆော်ပေးနိုင်သော အခြေအနေမျိုးအား ရှောင်ရှားနိုင်ခဲ့သည်။ (၂) စီမံကိန်းကြောင့် ပထဝီဝင်အနေအထားနှင့် လူမှုစီးပွားသက်ရောက်မှုစီမံကိန်း၏ပထဝီအနေအထားသည်လည်း လူထုလှုပ်ရှားမှုများအပေါ် လွှမ်းမိုးမှုရှိသည်။ မြစ်ဆုံစီမံကိန်းဧရိယာသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏အထက် ၂၅ မိုင်အကွာတွင် တည်ရှိပြီး ထိုဧရိယာအနီးတဝိုက်ရှိ ကျေးရွာများမှာ သတ်မှတ်ထားသည့်နေရာသစ်များသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့နေထိုင်ရသော နေရာသစ်သည် ယခင်နေထိုင်ခဲ့သော နေရာကဲ့သို့ အသက်မွေးဝမ်းကျောင်းပြုရန် အဆင်မပြေသည့်အတွက် ဒေသခံများအဖို့ အခက်အခဲဖြစ်စေသည်။ ထို့ပြင် စီမံကိန်း၏ တည်နေရာသည် ဒေသခံများ၏အခြေပြုရာ စိုက်ပျိုးမြေများ၊ ကျေးရွာများ တစုတဝေးတည်းရှိသည့်နေရာ ဖြစ်သဖြင့် ဒေသခံများအတွက် ထိခိုက်မှုမှာကြီးမားသည်။ ထိုသို့ လူမှုစီးပွားသက်ရောက်မှုသည် ဆည်ဧရိယာတဝိုက်ရှိ နေထိုင်သူများနှင့် မြို့နယ်များအား သက်ရောက်မှုရှိနေသည့်အတွက် မြစ်ဆုံအနီးရှိ ဒေသခံကျေးရွာခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများအား စုစုစည်းစည်း ဖြစ်စေရန် အကြောင်းတရပ်ဖြစ်စေခဲ့သည်။ ထိုအခြေအနေကို လက်ပံတောင်းတောင်စီမံကိန်း၌လည်း တွေ့ရသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် စီမံကိန်းဧရိယာသည် ၇၈၆၇ ဧက ခန့်ရှိပြီး ထိုထဲတွင် လယ်ယာမြေ ၇၀၀၀ ဧကဝန်းကျင်ခန့် ပါ၀င်သည်။ စီမံကိန်းဧရိယာအတွင်းရှိ ရွာလေးရွာမှ နေအိမ် ၄၄၁ အိမ်မှာ စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ ထို့ပြင် ရွာပေါင်း ၂၄ ရွာခန့် စီမံကိန်း၏သက်ရောက်မှုကို ခံခဲ့ရသည်။ စီမံကိန်း၏ပထဝီအနေအထားသည် လယ်ယာမြေများ အများအပြားရှိသည့်နေရာတွင် တည်ရှိသည့်အပြင် သက်ရောက်မှုကိုခံရသည့် လယ်ယာများနှင့် ရွာများသည် စီမံကိန်းဧရိယာအနီးတဝိုက်တွင် တဆက်တည်း တည်ရှိကြပေသည်။ ဤသို့တည်ရှိနေမှုသည် စီမံကိန်းဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ရာတွင် ဒေသခံလူထုအဖို့ စုစုစည်းစည်းနှင့်လုပ်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေပြီး ဆန့်ကျင်မှုများကို အားကောင်းစေသည်။ စီမံကိန်း၏သက်ရောက်မှုကိုခံရခြင်းနှင့် လူမှုစီးပွားနောက်ခံအခြေအနေ စသည့်အချက်များတူညီမှုရှိကြသည့် ဒေသခံ လူထုအဖို့ မကျေနပ်မှုများကို စုစည်းဆန္ဒဖော်ထုတ်ရန် စီမံကိန်း၏ပထဝီအနေအထားသည် အခွင့်အလမ်းဖြစ်စေသည်ကို တွေ့ရပါသည်။ပိုက်လိုင်းစီမံကိန်း တွင် ပထဝီအနေအထားသည် ဆန္ဒထုတ်ဖော်မှုများကို တစုတစည်းတည်း ဖြစ်စေရန် အဟန့်အတားဖြစ်ခဲ့သည်။ လမ်းကြောင်းအားဖြင့် ပိုက်လိုင်း နှစ်ခု စုစုပေါင်းသည် ၁၅၆၇ ကီလိုမီတာရှည်လျားပြီး မြို့နယ် ၂၂ မြို့ကို ဖြတ်သန်းသွားသည်။ ပိုက်လိုင်းတလျှောက် ဆန့်ကျင်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း စီမံကိန်းဧရိယာကျယ်ပြန့်မှုကြောင့် သက်ရောက်ရာနေရာများသည် ဆက်စပ်တည်ရှိခြင်းမရှိပေ။ ထို့ကြောင့် ဒေသတခုနှင့် တခု စုစည်းဆန္ဒပြနိုင်ခဲ့ခြင်းမရှိဘဲ ရခိုင်ပြည်နယ်၌သာ လှုပ်ရှားမှုများအားကောင်းခဲ့သည်။ မကွေးတိုင်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီ၌ ငဖဲမြို့ရှိ လယ်သမားများ၏ ဆန္ဒပြပွဲမှအပ ကျန်မြို့နယ်များတွင် ဆန္ဒပြမှုများ သိသိသာသာ ပေါ်ထွက်မလာခဲ့ပေ။ အလားတူ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွင်လည်း စာတမ်းများ၊ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ခြင်းသာ အများစုတွေ့ရသည်။ သို့သော် ရခိုင်ပြည်နယ်တွင်မူ ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ လူထုလှုပ်ရှားမှုများသည် အချိန်ကာလအားဖြင့် ကွာခြားမှုရှိပြီး လှုပ်ရှားမှုပုံစံများသည်လည်း နည်းလမ်းမတူညီကြသည်ကို တွေ့ရသည်။ ဤသည်မှာ စီမံကိန်း၏ပထဝီအခြေအနေကြောင့်ဟု ဆိုနိုင်ပါသည်။ (၃) ဆန္ဒပြမှုများအပေါ် တာဝန်ရှိသူများ၏ ပြန်လည်တုံ့ပြန်မှုစီမံကိန်းများအပေါ်ပြည်သူတို့၏ကန့်ကွက်ဆန္ဒပြမှုများနှင့်ပက်သတ်၍ အစိုးရ၏ ပြန်လည်တုံ့ပြန်ပုံသည်လည်း အခရာကျသည်။ မြစ်ဆုံဆည်စီမံကိန်းနှင့်ပက်သတ်၍ ဆည်တည်ဆောက်မှုကို ရပ်ဆိုင်းရန် ၂၀၀၇ ခုနှစ် ကတည်းက ကချင်ခေါင်းဆောင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ပရောက်ကချင်တိုင်းရင်းသားများက အသနားခံစာပေးပို့မှုများ ရှိခဲ့သည်။ သို့သော် ထိုအခြေအနေနှင့်ပက်သတ်၍ တစုံတရာကိုင်တွယ်ဖြေရှင်းခြင်းတို့ကို မတွေ့ရှိခဲ့ပေ။ ၂၀၁၁ ခုနှစ် ကာလများသည် မြစ်ဆုံဆည်စီမံကိန်း ကန့်ကွက်လှုပ်ရှားမှုနှင့်ပက်သတ်သော ဆောင်းပါးများ၊ သတင်းစာရှင်းလင်းပွဲများ၊ ပြပွဲများနှင့် ဆန့်ကျင်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့သောကာလ ဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် အမှတ် ၁ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းမှ ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ ရှိနေသည့်တိုင် စီမံကိန်းအား ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ထိုအချက်သည် ပြည်သူ့သဘောထားအား လျစ်လျူရှုခြင်းဖြစ်ပြီး ပြည်သူလူထုကြားတွင် မြစ်ဆုံဆည်စီမံကိန်းအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သလို လှုပ်ရှားမှုများကို အားကောင်းစေခဲ့သည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်လည်း စီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် မီးခိုးဗုံးအသုံးပြု၍ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခြင်းကြောင့် ဆန္ဒပြသံဃာတော်များနှင့် လူများတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် လက်ပံတောင်းတောင်စီမံကိန်းပြဿနာသည် နိုင်ငံအနှံ့မှပြည်သူများ၊ မီဒီယာများနှင့် အရပ်ဘက် အဖွဲ့အစည်းများကြားတွင် အာရုံအစိုက်အခံရဆုံး ကိစ္စတခုဖြစ်ခဲ့သည်။ နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် သံဃာတော်များနှင့် တက်ကြွလှုပ်ရှားသူများပါ၀င်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်အထိ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးမှုများစတင်ခဲ့သည့်နောက်ပိုင်း၌ ဆန့်ကျင်မှုအရှိန်အဟုန်မှာ လျော့ကျ သွားသည်ကိုတွေ့ရသည်။ ကော်မရှင်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ခြင်းနှင့် လူထုယုံကြည်မှု ရှိသူတယောက်ကို ဦးဆောင်စေခြင်း စသည့်အချက်များကြောင့်ဟု ဆိုနိုင်ပါသည်။လူထုနှင့်ဆက်ဆံရေးကောင်းမွန်စေရန်အတွက်လည်း အစိုးရတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထောက်ပံ့ခဲ့သည်။ပိုက်လိုင်းစီမံကိန်းတွင်မူ သတိလက်လွတ်တုံ့ပြန်မှုမျိုးမတွေ့ရဘဲ အစိုးရက ဒေသခံများနှင့် တွေ့ဆုံခြင်း၊ အထောက်အပံ့ပစ္စည်းများပေးအပ်ခြင်း စသည့် ပျော့ပျောင်းသော နည်းလမ်းများ အပြင် ရခိုင်ပြည်နယ်တွင် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ဆန္ဒပြခွင့်ကို ဥပဒေသုံး ပယ်ချခဲ့ ခြင်းများသာ ရှိခဲ့သည်။ စီမံကိန်းလုပ်ဆောင်သည့် CNPC မှလည်း စီမံကိန်း၏ဘေးထွက်ဆိုးကျိုး ဆိုင်ရာ စိုးရိမ်ပူပန်မှုများအပေါ် Business and Human Rights Resource Centre သို့ စာမှတဆင့် ရှင်းလင်းပြန်ကြားခဲ့သည်။ လူထုနှင့်ဆက်ဆံ ရေးကောင်းမွန်စေရန်အတွက်လည်း အစိုးရတာဝန်ရှိ သူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထောက်ပံ့ခဲ့သည်။ ထို့အပြင် မြန်မာ သတင်းမီဒီယာများနှင့်ပူးပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ကာ Special Reports, Annual Reports, CSR Reports များထုတ်ပြန်ခဲ့သည်။ လူမှုကွန်ရက်မှတဆင့် ပုံရိပ်ကောင်းလာစေရန် ကြိုးပမ်းမှုများလည်း တွေ့ရသည်။ ထို့ကြောင့် စီမံကိန်းများနှင့်ဆက်စပ်သည့် လူထုဆန့်ကျင်မှုများကို ကိုင်တွယ်ရာတွင် တာ၀န်ရှိသူများ၏ တုံ့ပြန်ပုံ မှန်ကန်ရေး အရေးကြီးသည်ကို တွေ့ရပါသည်။ နိဂုံးယခုဆောင်းပါးတွင်လေ့လာတွေ့ရှိချက်အရ (၁) စီမံကိန်းကြောင့် ယဥ်ကျေးမှုအမွေအနှစ်အပေါ် ခြိမ်းခြောက်မှုများ၊ (၂) စီမံကိန်း၏ပထ၀ီ၀င်အနေအထားနှင့် ယင်းနှင့်ဆက်စပ်သည့် လူမှုစီးပွားသက်ရောက်မှုများ၊ (၃) လူထုဆန္ဒထုတ်ဖော်မှုများကို အစိုးရ၏တုံ့ပြန်ဆောင်ရွက်ပုံ မှားယွင်းမှု စသည့်အချက်များသည် လူထုလှုပ်ရှားမှုများ၏ အောင်မြင်မှု၊ မအောင်မြင်မှုတို့အပေါ် လွှမ်းမိုးမှုရှိကြောင်း တွေ့ရသည်။ လက်ရှိတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောက်၌ အကောင်အထည်ဖော်မည့် စီမံကိန်းပေါင်း ၃၀ ကျော်ရှိပြီး ထိုထဲတွင် အရွယ်အစားကြီးမားသည့် စီမံကိန်းများလည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တဝက်ခန့်မှာ ထိုစီမံကိန်းများ၏ သက်ရောက်မှုကို ခံရမည် ဖြစ်သည်။ လက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်တွင် ဧရာ၀တီမြစ်ကြောင်းတလျှောက်ဆောင်ရွက်မည့် တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်၀န်း စီမံကိန်း၊ ဧကသိန်းချီကျယ်ပြန့်သည့် ရန်ကုန်မြို့သစ်ကဲ့သို့ စီမံကိန်းများလည်း ပါ၀င်နေရာ ယဉ်ကျေးမှုအမွေအနှစ်နှင့်ဆက်စပ်သော အကဲဆတ်သည့် သဘောသဘာဝ၊ စီမံကိန်း၏ ပထဝီအနေအထားနှင့် လူမှုစီးပွားသက်ရောက်နိုင်ချေတို့ကို ကြုံတွေ့ခဲ့သည့်အခြေအနေများအရ ကြိုတင်သတိပြုသင့်ပါသည်။ စီမံကိန်းအများစုသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများကို ဖြတ်သန်းမည်ဖြစ်ရာ စီမံကိန်း၏ ပထဝီအနေအထားကြောင့် သဘာဝပတ်၀န်းကျင်နှင့် ဒေသခံများ၏ လူမှုစီးပွားသက်ရောက်မှုတို့ကို အနည်းဆုံး လျှော့ချနိုင်ရန်လည်း လိုအပ်သည်။ မြေပြင်တွင် စီမံကိန်း၏ အကောင်းအဆိုးကို လက်တွေ့ခံရမည့်သူတို့မှာ ဒေသခံများဖြစ်ရာ အစိုးရနှင့် ရင်းနှီးမြုပ်နှံမည့်သူများအနေဖြင့် ဗဟိုမှချုပ်ကိုင်သည့် အထက်အောက်ချဥ်းကပ်မှုမျိုး (Top-Down) သာမက ဒေသခံလူထု၏သဘောထားကိုပါ အလေးထားစဥ်းစားသည့် ဒေသအခြေပြုချဥ်းကပ်ပုံမျိုး (Bottom-Up)ပါ စီမံကိန်းအကောင်ထည်ဖော်ရာတွင် ထည့်သွင်းစဥ်းစားသင့်ပါသည်။ ထို့ပြင် သတင်းအချက်အလက်များကို လူထုလက်လှမ်းမီစေရေးနှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံတကာကျင့်၀တ်နှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံကာ လုပ်ဆောင်နိုင်ရေး အရေးကြီးသည်ကို ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် သင်ခန်းစာယူရမည်ဖြစ်သည်။ ထို့ပြင် ကြုံတွေ့လာနိုင်သည့် လူထုဆန့်ကျင်မှုများကိုလည်း အစိုးရတာ၀န်ရှိသူများအနေနှင့် ယခင်ဖြစ်စဥ်များမှ သင်ခန်းစာယူကာ မှန်ကန်စွာတုံ့ပြန်နိုင်ရန် ပြင်ဆင်ထားသင့်ပါသည်။ အစိုးရ၊ ပြည်သူ၊ ရင်းနှီးမြှုပ်နှံသူ အားလုံးခြုံငုံသည့် ချဥ်းကပ်မှုမျိုးဖြင့် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုပတ်၀န်းကျင်ကိုဖန်တီးနိုင်ရေး ရှေးရှုသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ကောင်းစံထက်၊ ယုယဟန်ထွေး ၊မေသဇင်ထူး(၃၀.၁၂.၂၀၂၀) ဆောင်းပါးရှင်များ၏ ကိုယ်ရေးအကျဉ်းကောင်းစံထက်၊ ယုယဟန်ထွေး နှင့် မေသဇင်ထူးတို့သည် နိုင်ငံတကာဆက်ဆံရေးပညာ၊ တတိယနှစ် (ဂုဏ်ထူးတန်း) ကျောင်းသူ/သားများဖြစ်ကြပြီး ISP Myanmar ၏ တက်သစ်လူငယ်သုတေသီအစီအစဉ်မှ သင်တန်းသားဟောင်းများလည်းဖြစ်သည်။ကျမ်းကိုးစာရင်း(၂၀၁၃၊ မတ် ၁၁). လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာOrganization, K. E. (2007). Damming the Irrawaddy . Myanmar: Kachin Development Networking Group.(n.d.). Myanmar-China Oil &Gas Pipeline Project . China National Petroleum Corporation .THIHA. (2019, March 7). PaungKu. Retrieved from https://paungkumyanmar.org: https://paungkumyanmar.org/2019/03/07/myitsone-a-case-study/KYAW, E. E. (2011 , September 19). MYANMARTIMES. Retrieved from https://www.mmtimes.com/: https://www.mmtimes.com/national-news/2196-despite-protest-minister-vows-govt-will-continue-dam-project.htmlTribune, T. I. (2011, September 21). The News York Times. Retrieved from https://www.nytimes.com/: https://www.nytimes.com/2011/09/22/world/asia/controversy-over-dam-fuels-rare-public-outcry-in-myanmar.html?_r=2Daniel Wynn, K. (2012, November 25). Union of Catholic Asian News. Retrieved from https://www.ucanews.com/: https://www.ucanews.com/news/protesters-close-down-copper-mine/66626#MANN, Z. (2013, November 12). The Irrawaddy. Retrieved from https://www.irrawaddy.com/: https://www.irrawaddy.com/news/burma/tensions-high-letpadaung-mine-police-gather-protest-camps.htmlLYNN, S. T. (2012, December 14). MYANMARTIMES. Retrieved from https://www.mmtimes.com/: https://www.mmtimes.com/national-news/3561-thousands-of-monks-protest-in-myanmar-reissue-demands.html တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ)တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ) China Desk AdminISP China Desk ၏ အဓိကမြော်မြင်ချက်မှာ မြန်မာနိုင်ငံတွင် အချိန်နှင့်တပြေးညီ လိုအပ်နေသာ မူဝါဒရေးရာများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် စိတ်ဝင်စားမှုများပြားလာစေရန်၊ အပြုသဘောဆောင်သော ဆွေးနွေးငြင်းခုံမှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ISP China Desk တွင် တရုတ်-မြန်မာဆက်ဆံရေးကို နားလည်ရာတွင် အထောက်အပံ့ဖြစ်စေမည့် နောက်ခံအကြောင်းအရာများ၊ ပထဝီနိုင်ငံရေးများ၊ မျက်မှောက်ခေတ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းတင်ပြထားပြီး (၁) တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ပြန့်ကျဲနေသော အချက်အလက်များကို စုစည်းပေးခြင်းဖြင့် အများပြည်သူများအနေနှင့် သတင်းများကို အလွယ်တကူလက်လှမ်းမီလာစေရန်၊ (၂) သတင်းအချက်အလက်များ၊ အထူးသုတေသနပြု ဆောင်းပါးများဖြင့် မတူညီသောအမြင်များ၊ အဆိုပြုချက်များကို အပြန်အလှန်၊ အချေအတင် ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကောင်းမွန်သော မူဝါဒများချမှတ်နိုင်ရန်၊ (၃) အင်အားကြီးသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။