( ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ )(အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်- ၃) မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့စီစဥ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံး ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေတင် ပိုများလာတာမဟုတ်ဘဲ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်လာပါတယ်။ တရုတ်စီမံကိန်းကြီးဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တကောင်းနီကယ် စက်ရုံစီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ အားကောင်း လာပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက တရုတ် ကြေးနီစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ပါက နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ် လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၁၆ ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအရပ်ဖက် အဖွဲ့အစည်း ၅၅၈ ဖွဲ့က လည်း တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေပြီး စီမံကိန်းအသစ်တွေ ဆောင်ရွက်ပါက PDF တွေ ရဲ့ပစ်မှတ်ဖြစ်လာနိုင်ပြီး ဆုံးရှုံးမှုကြီးတွေဖြစ်လာနိုင်တယ်လို့ ဧပြီ ၂၅ ရက်ကတရုတ်သမ္မတ ရှီကျင့်ဖျင်ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီလို သတိပေးတာတွေရှိနေပေမယ့် လက်ရှိ အချိန်ထိတော့ တရုတ်စီမံကိန်းတွေ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စီမံကိန်းတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိသေးတာကို တွေ့ရပါတယ်။ ∎ တရုတ် စီမံကိန်းကြီးများတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲများ တရုတ်စီမံကိန်းကြီးတွေရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်းက တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွားထိုးကြီးမြို့နယ် PDF က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပိုက်လိုင်းကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ PDF ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် လုပ်ငန်းခွင်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ Monywa Red Fire PDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီက မုံရွာနဲ့ ညောင်ပင်ကြီးရွာဘက်ကို လက်နက်ကြီးချိန်ထားတာကြောင့် ပစ်ခတ် သတိပေးခဲ့တာ ဖြစ်တယ်လို့ထည့်သွင်းရေးသားထားပါတယ်။ ISP-Myanmar က မှတ်တမ်းပြုစုထားတဲ့ စာရင်းတွေအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခု မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲက ၃၄ ကြိမ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှ ဧပြီ ၂၅ရက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့မြိို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲအရေအတွက်ထက် သုံးဆကျော် များပြားနေပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တိုက်ပွဲအရေအတွက် ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၂၂ ကြိမ်ထက်မနည်း အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ တည်ရှိရာ မူဆယ်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ဖြတ်သန်းသွားတဲ့ ကျောက်မဲမြို့နယ်မှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲ ကိုးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ အရေအတွက် ပမာဏကို အခုဖော်ပြထားတဲ့ မြေပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုံ့ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက EAOs တွေရဲ့ စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်ရဲ့ သြဇာဖြန့်ကျက်ရေးမူဝါဒလား၊ လုံခြုံရေး အာမခံချက်ကို ရှာဖွေခြင်းလား ဆိုတာ အထူးအလေးထား စောင့်ကြည့်လေ့လာရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တရုတ်အကျိုးစီးပွားတွေအပေါ် သဘောထားတုံ့ပြန်မှုတွေကလည်း မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်တာကြောင့် အထူးစောင့်ကြည့်စရာဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တရုတ်စီမံကိန်းတွေအကြား အဆက်အစပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေ၊ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။ Categories: Border Security Geopolitics Peace Economy Politics Social စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ)What do the Official Chinese Media’s Mixed Messages on the Myanmar Coup Mean? Zay Shai Boဇေရှိုင်းဗိုလ် သည် ISP-Myanmar ၏ Research Assistant တဦးဖြစ်သည်။ ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။