၁။ စီမံကိန်းအကျဉ်းချုပ်မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများထဲတွင် လျှပ်စစ်စွမ်းအင်ရရှိမှု အနည်းဆုံးဖြစ်သည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အထိ တနိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှဖြန့်ဖြူးသော ဓာတ်အားလိုင်းနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုစေရန်အတွက် စီးပွားရေးလုပ်ငန်းများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် နှစ်စဉ် သုံးစွဲရန်လိုအပ်မည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ကို ၁၁ ရာခိုင်နူန်း တိုးမြှင့်လိုအပ်လာနေသည်ဟု တွက်ချက်ထားသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် စုစုပေါင်း မဂ္ဂါဝပ် ၈,၆၀၀ ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပြီး ၂၀၃၀ တွင်မူ ၁၂,၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်သည်။သို့သော် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ လေးနှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ လာမည့် ၂၀၂၆ ခုနှစ်တွင် တနိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၈၆ ဒသမ ၁၈ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဟု အစိုးရက လျာထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် မဂ္ဂါဝပ် ၃,၆၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုသည် တစ်နှစ်လျှင် ၁၅ ရာခိုင်နူန်းမှ ၁၉ ရာခိုင်နူန်းအထိ မြှင့်တက်လာနေသည်ဟု ဆိုသည်။တရုတ်နိုင်ငံမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဖက်စပ်လုပ်ဆောင်ခြင်း၊ BOT စနစ်နှင့် လုပ်ဆောင်ခြင်း၊ စီမံကိန်းတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ချေးငွေပေးခြင်း ကဲ့သို့သော ပုံစံမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်မဂ္ဂါဝပ်စုစုပေါင်း ၂,၀၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိသည်။ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏မှတ်တမ်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ် အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၄၇၇ မဂ္ဂါဝပ် ရှိသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုစီမံကိန်း ၂၀ ခုကို အတည်ပြုခဲ့သည်။ ယင်းတို့အနက် စီမံကိန်း ရှစ်ခုမှာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဖက်စပ်ကုမ္ပဏီများက တည်ဆောက်မည်ဖြစ်ပြီး ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏ စုစုပေါင်း ၁၃၅၀ မဂ္ဂါဝပ် ရှိသည်။ (အဆိုပါ စာရင်းတွင် တရုတ်နိုင်ငံနှင့် ဓာတ်အားလိုင်းများ ချိတ်ဆက် ဝယ်ယူမည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်စီမံကိန်းများမပါဝင်သေးပါ)။ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တီကျစ်ကျေးရွာအုပ်စု အနီးတွင် တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ ထိုကျောက်မီးသွေးစီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသားအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation)နှင့် အေဒင်အုပ်စု ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်တွင် စက်ရုံ စတင်လည်ပတ်ခွင့်ရရှိခဲ့သည်။၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိများနှင့် တရုတ်အစိုးရ အရာရှိများကြား လျှပ်စစ်စွမ်းအင်စီမံကိန်းများအကောင်အထည်ဖော်ရန်ဆွေးနွေးမှုများ ရှိနေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် တရုတ်ဘက်က အဆိုပြုခဲ့သည့် မီးလင်းချိုင် စွမ်းအင်စီမံကိန်းကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၂၁ ခုနှစ် မေလတွင် အတည်ပြုခဲ့သည်။ ထို့အပြင် အဆိုပါစီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ကနဦးအကောင်အထည်ဖော်မည့်စာရင်းတွင် အထူးဦးစားပေး စွမ်းအင်စီမံကိန်းအဖြစ် ထည့်သွင်းရန် စစ်ကောင်စီက အဆိုပြုခဲ့သည်။၂၀၂၀ခုနှစ်တွင် တရုတ်သမ္မတရှီကျင့်ဖင် လာရောက်စဥ်က အကောင်အထည်ဖော်ရန် သဘောတူခဲ့သည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ရေးအတွက်လည်း အကောင်အထည်ဖော်မည့် ကုမ္ပဏီနှင့် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနတို့ဆွေးနွေးမှုများရှိခဲ့သည်။ ထို့အပြင် စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်နှင့် တရုတ်သံအမတ် ချန်ဟိုင်းတို့သည် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ၂၀၂၂ခုနှစ်၊ မေလတွင် ဆွေးနွေး ခဲ့ကြသည်။ထို့အပြင် စစ်ကောင်စီက တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမို ဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးတို့၏ ၂၀၂၂ခုနှစ် ဧပြီ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် တရုတ်ကုမ္ပဏီများက တည်ဆောက်ခဲ့သည့် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းမှလည်း လျှပ်စစ် ဓာတ်အား မီဂါဝပ် ၁၂၀ ဝယ်ယူရန် ညှိနှိုင်း နေကြောင်း ဖော်ပြထားသည်။သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တတ်ရောက်ရန်လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့တွေ့ဆုံစဥ်ကနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။၂။ ရေအားလျှပ်စစ်စီမံကိန်းများ၂၀၁၁ ခုနှစ် မတိုင်မှီ တပ်မတော်အစိုးရလက်ထက်တလျောက်လုံးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကို အဓိက ထုတ်လုပ်ပေးသော ရေအားလျှပ်စစ် စွမ်းအင်စီမံကိန်းများ အကောင်အထည်ဖော်ရန် အများဆုံး အဆိုပြုခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၈၄ ခု ကို အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခဲ့ကြောင်း မြန်မာလျှပ်စစ်လုပ်ငန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။ ၎င်းတို့အနက် အများစုမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီများမှ အဆိုပြုထားသော စီမံကိန်းများဖြစ်သည်။မြန်မာလျှပ်စစ်လုပ်ငန်း၏ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ မှတ်တမ်းအရ ရေအားလျှပ်စစ် စီမံကိန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား၊ ရခိုင် တို့တွင် အများဆုံးရင်းနှီးမြုပ်နှံရန် တင်ပြခဲ့သည်မှာ China Datang Corporation နှင့် ၎င်း၏ကုမ္ပဏီခွဲများဖြစ်သည့် Datang (Yunnan) United Hydropower Developing Co., Ltd.၊ China Datang Overseas Investment Co., Ltd. တို့ဖြစ်သည်။ ထိုကုမ္ပဏီလုပ်ငန်းစုက အကောင်အထည်ဖော်ရန် တင်ပြခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ စုစုပေါင်း ၁၅ ခု ရှိခဲ့သည်။ ထို့အပြင် တရုတ် အစိုးရပိုင် Sinohydro Corporation Ltd. ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ရေအားလျှပ်စစ်စီမံကိန်း ၁၁ ခု ကိုတင်ပြခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်အဆိုပြုခဲ့သော တရုတ်ကုမ္ပဏီ ကုမ္ပဏီပေါင်း ၂၆ ခု ရှိပြီး ၎င်းတို့အထဲမှကုမ္ပဏီ ၂၃ ခု မှာ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် ထိုစီမံကိန်းများထဲမှ စီမံကိန်းအများစုမှာ ပြည်သူလူထု ကန့်ကွက်မှုများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ထို့အပြင် ၂၀၁၀ ခုနှစ်တွင် မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် SPIC Yunnan International Power Investment Co., Ltd၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းကာ Upstream Ayeyawady Confluence Basin Hydropower Co., Ltd. (ACHC) ကိုတည်ထောင်ခဲ့သည်။ SPIC ကုမ္ပဏီလီမိတက်ဆိုသည်မှာ ရပ်နားထားရသော မြစ်ဆုံဆည်ကို အကောင်အထည်ဖော်မည့် CPI Yunnan International Power Investment Co., Ltdမှ တည်ထောင်ထားသော လက်ခွဲကုမ္ပဏီဖြစ်သည်။ ACHC ကုမ္ပဏီမှာ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမည့် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသတွင် ဆည်ပေါင်း ၈ ခု ကို တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်း တစ်ခုသာ ပြီးစီးခဲ့ပြီး ၃၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ချီဖွေရေအားလျှပ်စစ်စီမံကိန်း၊ ၂၅၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဝဆုတ်(အူဆောက်)ရေအား လျှပ်စစ်စီမံကိန်း၊ ၂၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဖီဆာရေအားလျှပ်စစ်စီမံကိန်း၊ ၃၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ခေါင်လန်ဖူး ရေအားလျှပ်စစ်စီမံကိန်း၊ ၂၈၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လိုင်ဇာ(မလိယန်)ရေအားလျှပ်စစ်စီမံကိန်း တို့ကို ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရပ်နား လိုက်ရသည်။ မဂ္ဂါဝပ် ၁၄၀၀ ခန့် ထွက်ရှိမည့် ရီနန် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ရန် ကုမ္ပဏီက အသေးစိတ်ပြင်ဆင်နေဆဲဖြစ်သည်။လက်ရှိ တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားသော အကြီးဆုံးရေအား လျှပ်စစ်စီမံကိန်းများမှာ မဂ္ဂါဝပ် ၂၈၀ ထွက်ရှိသော အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ထွက်ရှိသော ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ ထွက်သော တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း တို့ဖြစ်သည်။ ထိုစီမံကိန်းများမှာ မြန်မာနိုင်ငံမှလက်ရှိထွက်ရှိသော လျှပ်စစ်ပမာဏ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်သည်။၃။ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် မြန်မာအစိုးရနှင့် China Three Gorges ကော်ပိုရေးရှင်း (CTG) တို့အကြား ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ရန် ဖြစ်နိုင်ခြေ လေ့လာရေးဆန်းစစ်မှုအတွက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ CTG သည် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ဖြစ်သော Gorges ဆည်စီမံကိန်း တည်ဆောက်မှုကို တာဝန်ယူခဲ့သည့် တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ဆုံးခါနီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ တွင် အစိုးရနှင့် CTG ကြား လေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ထိုစီမံကိန်းကို ချောင်းသာကမ်းခြေတွင် တည်ဆောက်ရန်ရည်ရွယ်ထားပြီး မဂ္ဂါဝပ် ၃၀ ထွက်ရှိမည့် ပထမဆုံးသော လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် ကုမ္ပဏီက ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကွင်းဆင်းလေ့လာမှုပြုလုပ်ပြီးသောအခါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ပေ။မကြာမီက ထုတ်ပြန်ခဲ့သော Project Bank စီမံကိန်းသစ်များ စာရင်းတွင် ၎င်းစီမံကိန်းကို ၂၀၂၉ – ၂၀၃၀ ဘဏ္ဍာနှစ်အပြီးတွင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသော စီမံကိန်းအဖြစ်ထည့်သွင်းထားပြီး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အစီရင်ခံစာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ထားသည်ဟု ဆိုသည်။ သို့ရာတွင် စီမံကိန်းကို China Three Gorges ကော်ပိုရေးရှင်း(CTG) မှ ဆက်လက် အကောင်အထည်မည်ဟု ဖော်ပြထား ခြင်းမရှိပေ။တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ အချက်အလက်ပြဇယားကို ဤနေရာတွင် Download ရယူနိုင်ပါသည်။၄။ သဘာဝဓာတ်ငွေ့ရည်(LNG)သုံး လျှပ်စစ်စီမံကိန်းများအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအာဏာရလာပြီးနောက်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု၏ အဓိက လိုအပ်ချက်တခု ဖြစ်သည့် လျှပ်စစ်စွမ်းအင်ဖြည့်တင်းမှုကို အဓိကထားရန် နိုင်ငံတကာအဖွဲ့အစည်းများက ဦးစားပေး တိုက်တွန်းခဲ့သည်။ ရင်းနှီးမြှပ်နှံမှုများပြားလာချိန်တွင် နွေရာသီ ရေမလုံလောက်မှု ပြသာနာများကြောင့် ပုံမှန်လျှပ်စစ် မထုတ်ပေးနိုင်သော ရေအားလျှပ်စစ်စီမံကိန်းများအစား သဘာဝဓာတ်ငွေ့သုံးနှင့် ဓာတ်ငွေ့အရည်သုံး လျှပ်စစ်စီမံကိန်းများ၊ ဆိုလာ စွမ်းအင်စီမံကိန်းများကို အကောင် အထည်ဖော်ရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။၂၀၁၉ ခုနှစ် ဇွန်လတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စွမ်းအင်စီမံကိန်း နှစ်ခုနှင့် ဓာတ်ငွေ့ အရည်(LNG) သုံး လျှပ်စစ်စွမ်းအင်စီမံကိန်း သုံးခုတို့ကို အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့သည်။ ထိုစီမံကိန်းများမှ လျှပ်စစ် မဂ္ဂါဝပ် ၁၀၄၀ ထွက်ရှိမည်ဖြစ်ပြီး ၂၀၂၀ နွေရာသီတွင် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် ရည်ရွယ်သည်။ထိုစီမံကိန်းများအားလုံးကို တရုတ်ကျောထောက်နောက်ခံကုမ္ပဏီဖြစ်သော Vpower နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီများ က လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Vpower ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီကြီး ဖြစ်သော China National Technical Import and Export Corporation (CNTIC) တို့က သာကေတ၊ သံလျင်နှင့် ကျောက်ဖြူမြို့နယ် တို့တွင် ဆောက်လုပ်မည့် သဘာဝဓာတ်ငွေ့အရည်သုံးစီမံကိန်း သုံးခုကို လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ ထိုစီမံကိန်းများမှာ စုစုပေါင်း ၉၀၀ မဂ္ဂါဝပ် ထွက်ရှိရန်ရည်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ သန်းကုန်ကျမည်ဖြစ်သည်။Vpower ကုမ္ပဏီမှာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော်လည်း တရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးဖြစ်သော CNTIC၊ CRRC ကုမ္ပဏီများနှင့် စီမံကိန်းများကို ပူးတွဲလုပ်ဆောင်နေသည်။ ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် Vpower ၏ ပူးတွဲတည်ထောင်သူ Lee Chong Man Jason က CRRC နှင့် CNTIC တို့နှင့်ကုမ္ပဏီ၏ပူးပေါင်းဆောင်ရွက်မှုများကြောင့် BRI နိုင်ငံများရှိ စွမ်းအင်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုမှ ၎င်းတို့ အကျိုးအမြတ်များရရှိနေသည်ဟု ပြောဆိုထားသည်။ ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မည့် တရုတ်အပြည်ပြည်ဆိုင်ရာ ယုံကြည်မှု ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CITIC)၏ ရှယ်ယာ ရှစ်ရာခိုင်နှုန်းကို Vpower ကပိုင်ဆိုင်သည်။ထို့အတူ မကွေးတိုင်း၊ ကျွန်းချောင်း မြို့နယ်ရှိ ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိမည့်စီမံကိန်းကို Vpower နှင့် ဖက်စပ်ကုမ္မဏီများက လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်မြို့၊ အလုံမြို့နယ်တွင်တည်ဆောက်မည့် ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိမည့်စီမံကိန်းကို China Energy Engineering Group-Hunan Electric Power Design Institute Co., Ltd (CEEC-PHEDI) ၊ China ITS (Holding) Co., Ltd၊ နှင့် Shenzhen Shennan Power Gas Turbine Engineering Technique Co., Ltd တို့က လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ထိုစီမံကိန်းများ၏ တင်ဒါခေါ်ယူသော စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်ပြီး နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများ က ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် အစိုးရက စီမံကိန်းကို ၅ နှစ် သာလုပ်ကိုင်ခွင့်ပေးခြင်း၊ တည်ဆောက်ရေးကာလမှာ ခုနှစ်လသာ ရရှိခြင်းနှင့် မီတာခငွေကို ကျပ်ငွေဖြင့်သာ ပေးချေစေခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီများက အရည် အသွေး ပြည့်မီသော စီမံကိန်းတစ်ခုကို ခုနှစ်လအတွင်း အပြီးဆောက်နိုင်ရန် အာမမခံနိုင်ဘဲ လုပ်ပိုင်ခွင့်ပေးသော ငါးနှစ် ကာလအတွင်း ကုမ္ပဏီအတွက် အကျိုးအမြတ်ရရန် မသေချာသောကြောင့် ထိုတင်ဒါကို ဝင်ရောက်ယှဉ်ပြိုင်သော ကုမ္ပဏီ များစွားမရှိခဲ့ပေ။ တရုတ်ကုမ္ပဏီများက ရောင်းချသော လျှပ်စစ်တယူနစ် ကုန်ကျငွေ မည်မျှရှိသည်ကို မြန်မာအစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။တရုတ်ကုမ္ပဏီများက လက်ရှိတင်ဒါရရှိထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို တရုတ် – မြန်မာ စီးပွား ရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းအဖြစ် တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် ၁၃၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ရည်မှန်းထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေး စီမံကိန်းအား တရုတ် – မြန်မာစီးပွားရေးစင်္ကြံ(CMEC)၏ အရေးပါသောစီမံကိန်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။ ထိုစီမံကိန်းကို တရုတ်နိုင်ငံပိုင် Power China ကုမ္ပဏီနှင့် မြန်မာနိုင်ငံအခြေစိုက် Supreme Group တို့မှ ဖက်စပ်တည်ထောင်ထားသော Kyauk Phyu Electric Power Co., Ltd က အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ စီမံကိန်းအတွက် လျှပ်စစ်ဝယ်ယူရေး ညှိနိူင်းမှု သဘောတူညီချက်ကို ဘေဂျင်းတွင်ကျင်းပခဲ့သော ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)ဖိုရမ်တွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် ကုမ္ပဏီများကြား လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းမှာ အမေရိ ကန်ဒေါ်လာ သန်း ၁၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။အထက်ပါ စီမံကိန်းများအပြင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် မီးလင်းချိုင် သဘာဝတ်ဓာတ်ငွေ့ အရည်သုံး စီမံကိန်းတည်ဆောက်ရေး ဆွေးနွေးမှုများလည်းရှိနေသည်။ မီးလင်းချိုင် သဘာဝဓာတ်ငွေ့ အရည်သုံးစီမံကိန်းမှာ တရုတ်ကုမ္ပဏီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် အဆိုပြုသည့် လျှပ်စစ် ဓာတ်အားပေး စီမံကိန်းများထဲတွင် ရင်းနှီးမြုပ်နှံမှုအများဆုံး စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများဖြစ်သည့် Yunnan Provincial Energy Investment Group Co., Ltd ၊ Union Resources and Engineering Company (UREC)၊ Zhefu Holding Group Co., Ltd နှင့် မြန်မာနိုင်ငံအခြေစိုက် Supreme Group တို့က အကောင်အထည်ဖော် သွားမည်ဖြစ်သည်။ ထိုစီမံကိန်းမှာ ၁၃၉၀ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင်ပြီးစီးရန် ရည်ရွယ်ထားပြီး ၃၅ ရာခိုင်နူန်းကို ဧရာဝတီတိုင်းတွင် ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ကျန်ဓာတ်အား ၆၅ ရာခိုင်နှုန်းကို ရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ကလာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်းတွင် တည်ဆောက်ရေး အရှိန်မြင့်ရေးအတွက် စာလွှာကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် စီမံကိန်းစတင်တည်ဆောက်ရေးအတွက် ကုမ္ပဏီနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့အကြား အသေးစိတ်ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်နေသည်။အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံတွင် LNG သုံးလျှပ်စစ်စီမံကိန်းများ အများဆုံး အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် Vpower သည် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ(၂) လျှပ်စစ်ဓာတ်အားပေးစီမံကိန်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ (၁) လျှပ်စစ်ဓာတ်အားပေးစီမံကိန်း နှစ်ခု၏ လုပ်ပိုင်ခွင့်ကို သက်တမ်းမတိုးဘဲ ရပ်ဆိုင်းခဲ့သည်။ စီမံကိန်းနှစ်ခုစာရင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်သည့် ကြားဖြတ်အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်းမရှိတော့သည်ကို တွေ့ရသည်။ အာဏာသိမ်းမှုကြောင့်ဖြစ်ခဲ့သော နိုင်ငံရေးအခြေအနေနှင့် လူမှုရေးမတည်ငြိမ်မှုများကြောင့် အလုပ်သမားများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် အရေးပေါ်အစီအစဉ်များ ပြင်ဆင်ခဲ့ရသည်ဟု ကုမ္ပဏီက ဆိုသည်။ထို့ပြင် ၎င်းလုပ်ပိုင်ခွင့်ရထားသည့် သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများဖြစ်သည့် သာကေတနှင့် သန်လျင် (သီလဝါ) ရှိ စီမံကိန်းနှစ်ခုကိုလည်း ၂၀၂၁ခုနှစ်၊ ဇူလိုင်လကတည်းက ရပ်ဆိုင်းထားရကြောင်း ဧရာဝတီသတင်းဌာန ရေးသားချက်အရ သိရသည်။ အဆိုပါစီမံကိန်းများကို ကမ္ဘာ့ LNG ဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်ခြင်း၊ လျှပ်စစ်ဝယ်လိုအားကျဆင်းခြင်းနှင့် ဝန်ကြီးဌာနဘက်က လျှပ်စစ်ဓာတ်အားခများကို မြန်မာကျပ်ငွေဖြင့်သာ ငွေပေးချေနိုင်ခြင်းတို့ကြောင့် လျှပ်စစ်မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်သော သာကေတစီမံကိန်းကို လုံးဝရပ်နားထားပြီး မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်နိုင်သည့် သီလဝါစီမံကိန်းသည် တင်သွင်းထားသော LNG များကို ထိန်းသိမ်းရန် လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် ၅၀ မဂ္ဂါဝပ်သာ ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။ ထိုစီမံကိန်းများပြန်လည်စတင်နိုင်ခြင်းရှိမရှိဆိုသည်ကို မသိရှိရချေ။ထို့အပြင် NLD အစိုးရလက်ထက်ကတည်းက ခွင့်ပြုချက်တင်ထားခဲ့သည့် မီးလင်းချိုင် (LNG to power) လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူနေသည့် ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း ၂၀၂၂ခုနှစ်၊ မေ ၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင်မြေပြင်တွင် စီမံကိန်းစတင်နိုင်ခြင်း မရှိသေးသည်ကိုတွေ့ရသည်။အာဏာသိမ်းပြီးနောက်တွင်မတည်ငြိမ်သောအခြေအနေများကြောင့် တရုတ် စွမ်းအင် စီမံကိန်း ကိုရိုက်ခတ်မှုရှိခဲ့သော်လည်း တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးရှိ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံးလျှပ်စစ် ဓာတ်အားပေး စီမံကိန်း( Gas to Power) ကို PowerChina ကဆက်လက်အကောင်အထည်ဖော်နေခဲ့သည်။ ၂၀၂၁ခုနှစ်ဇွန်လတွင် စီမံကိန်း၏ ပထမအဆင့်ကိုပြီးစီးခဲ့ကြောင်း PowerChina ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဇွန်လကုန်ခါနီးတွင် ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက အဆိုပါစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင် မီဒီယာများကိုပြောဆိုခဲ့သည်။၅။ နယ်စပ်ဖြတ်ကျော်ဓာတ်အားပေးစီမံကိန်း တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဓာတ်အားပေးစီမံကိန်းများမှတဆင့် လျှပ်စစ် ရောင်းချရန် ၂၀၁၄ ခုနှစ် ကတည်းက စတင်ညှိနိူင်းခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် China Southern Power Grid (CSG)၊ State Grid Corporation of China (SGCC)၊ China Energy Engineering Group (CEEG)၊ Union Resources and Engineering Company (UREC)နှင့် POWERCHINA တို့ပါဝင်သည်။ SGCC ၊ CEEG နှင့် UREC တို့က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)၏ အစိတ်အပိုင်းအဖြစ် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားရောင်းချရန်အစီအမံများကို ၂၀၁၆ ခုနှစ် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အသီးသီးတင်ပြခဲ့သည်။ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့်မြန်မာနိုင်ငံတို့တွင် လျှပ်စစ်ဓာတ်အားပြတ်လပ်မှုကိုဖြေရှင်းရန်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို တိုးမြှင့်နိုင်ရန်အတွက် ရေအားလျှပ်စစ်၊ ဆိုလာ၊ လေစွမ်းအင် တို့နှင့် လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယနှင့် မြန်မာအကြားအပြန်အလှန် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ တရုတ် – မြန်မာ – ဘင်္ဂလားဒေ့ရှ် ၆၀၀ ကေဗွီ DC လျှပ်စစ်ဓာတ်အားလိုင်း ကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် တည်ဆောက်ရန် တရုတ်အစိုးရက ရည်မှန်းထားသည်။China Southern Power Grid (CSG) ၏ ကုမ္ပဏီခွဲတခုဖြစ်သည့် ယူနန်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်သည် ယူနန်ပြည်နယ်မှ ရှမ်းပြည်နယ်၊ မူဆယ် ထိုမှတစ်ဆင့် မိတ္ထီလာသို့ လျှပ်စစ်ဓာတ်အား ပို့ဆောင်ရန် လက်ရှိ ဓာတ်အားလိုင်းကို အသုံးပြု၍ ဓာတ်အားလိုင်း ချိတ်ဆက်ရေးစီမံကိန်းတခုကိုလည်း အဆိုပြုထားသည်။တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီချက် ၃၃ ချက် ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မြန်မာ – တရုတ်စွမ်းအင်ဆက်သွယ်မှု ဆက်သွယ်ရေးစီမံကိန်း၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ – တရုတ်နယ်စပ်ဖြတ်ကျော် စွမ်းအင်ဆက်သွယ်မှု စီမံကိန်းအတွက် လေ့လာမှုကို လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန(MOEE)နှင့် တရုတ်အစိုးရပိုင် China Southern Power Grid (CSG) တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။မြန်မာအစိုးရသည် ၂၀၁၉ နှစ်လယ်ပိုင်းတွင် CSG မှ လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူမည်ဟု ကြေညာခဲ့သည်။ လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တတ်ဟုန်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ မိုင်းရယ်နှင့် ဟိုပုန်း၊ ကယားပြည်နယ်မှ လွိုင်ကော်မြို့နှင့် ပဲခူးတိုင်းဒေသကြီးရှိ ဘုရားကြီးအထိ လျှပ်စစ်ပေးရန် ရည်ရွယ် ထားသည်။ ထိုဓာတ်အားလိုင်းချိတ်ဆက်ကာ လျှပ်စစ်ဝယ်ယူမှုစီမံကိန်းကို ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်တွင် အပြီး ဆောင်ရွက် ရန် အစိုးရက ပြင်ဆင်ထားသည်။ စီမံကိန်းအတွက် လိုအပ်သော ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ရန် အတွက် အစိုးရနှင့်ကုမ္ပဏီကြား အသေးစိတ်ညှိနိူင်းနေဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားခကို ကျပ်ငွေဖြင့်ပေးချေရန် သဘောတူထားပြီး သဘောတူညီထားသောဈေးနှုန်းနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော် ပြောဆိုခြင်းမရှိချေ။တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် နှစ်နိုင်ငံလျှပ်စစ်လိုင်းများကို ဆက်သွယ်ကာ လျှပ်စစ်ရောင်းချမည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများ တည်ဆောက်ရန် လမ်းကြောင်းနှစ်ခုကို တင်ပြထားသည်။ ပထမလမ်းကြောင်းမှာ ယူနန်ပြည်နယ် လုံချွန်းခရိုင်မှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ချိတ်ဆက်ရန်နှင့် ဒုတိယလမ်းကြောင်းမှာ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ ရှမ်းပြည်နယ် မူဆယ်မြို့ကို ချိတ်ဆက်ရန်ဖြစ်သည်။တရုတ်မှလာသော လျှပ်စစ်မီးလိုင်းကို ဗန်းမော်မြို့မှတာပိန်ဆည် ထိုမှတဆင့် အုန်းတောရှိ ဓာတ်အားပေးစက်ရုံ နှင့် ချိတ်ဆက်ရန်ရွယ်ထားသည်။ State Grid Corporation of China (SGCC) က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တွင် ၂၃၀ ကေဗွီ နဘား – ရွှေဘို – အုန်းတော ဓာတ်အားပေးစက်ရုံကို တည်ဆောက်ပြီးစီးကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ရွှေဘိုမြို့ တွင် SGCC ၏ လုပ်ငန်းခွဲဖြစ်သော China Electric Power Equipment and Technology Co Ltd (CET) ကလည်း ဓာတ်အားပေးရုံခွဲကို တည်ဆောက်ပြီးဖြစ်ကြောင်း ကြေညာခဲ့ပြီး Union Resources and Engineering Company (UREC) ကလည်း နဘားမှ ဗန်းမော်သို့ ဆက်သွယ်မည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကို အကောင်အထည် ဖော်နေဆဲဖြစ်သည်။ အထက်ပါစီမံကိန်းပြီးစီးမှုအခြေအနေများအရ ကချင်ပြည်နယ်ဘက်မှ သွယ်တန်းမည့် နယ်စပ်ဖြတ်ကျော်ဓာတ်အားပေးစီမံကိန်း အစီအစဉ်မှာ ပြီးစီးလုနီးပါးအခြေအနေ ဖြစ်သည်။၆။ တရုတ်ကုမ္ပဏီများနှင့် ဆိုလာဓာတ်အားပေးစီမံကိန်းများအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ လျှပ်စစ်စွမ်းအင်မူဝါဒတွင် လျှပ်စစ်စွမ်းအင်ဖြည့်တင်းရာတွင် ဆိုလာ ဓာတ်အားပေးစီမံကိန်းများ တည်ဆောက်ရန်အတွက် ဦးစားပေးထည့်သွင်းထားသည်။ ၂၀၂၁ ခုနှစ်တွင် လိုအပ်လာမည့် ခန့်မှန်းလျှပ်စစ်စွမ်းအင်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မေ တွင် စုစုပေါင်း မဂ္ဂါဝပ် ၁,၀၆၀ နီးပါး ထွက်ရှိမည့် ဆိုလာစီမံကိန်း ၃၀ ကို Independent Power Producer and Build-Operate Own (IPP/BOO) စနစ်ဖြင့် လုပ်ကိုင်ရန် တင်ဒါခေါ်ယူခဲ့သည်။တင်ဒါလျောက်ထားသော ကုမ္ပဏီပေါင်း ၅၂ ခုမှ အဆိုပြုလျှောက်လွှာပေါင်း ၁၅၅ ခုရှိခဲ့ပြီး တရုတ် ကုမ္ပဏီများက အများစု ပါဝင်ခဲ့ကာ ပြည်တွင်းကုမ္ပဏီများနှင့် ထိုင်းနိုင်ငံ၊ အီးယူ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့လည်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ တင်ဒါယှဉ်ပြိုင်ရာတွင် ၈၅ ရာခိုင်နူန်းကျော်မှာ တရုတ် ကုမ္ပဏီများဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ပထမပတ်တွင် ဝန်ကြီးဌာနက ဆိုလာစီမံကိန်း ၂၉ ခု ၏ ပထမအဆင့်တင်ဒါ အောင်မြင်သူစာရင်းကို ထုတ်ပြန်ခဲ့ရာ စီမံကိန်း ၂၇ ခု ကို တရုတ်ကုမ္ပဏီများက အောင်မြင်ခဲ့ကြောင်း တွေ့ရသည်။ မဂ္ဂါဝပ် ၃၀ ထွက်ရှိမည်ဟု လျာထားသော ဘီးလင်းစီမံကိန်းကို မည်သည့်ကုမ္ပဏီမှ တင်ဒါအဆိုမပြုခဲ့သောကြောင့် ကျန်ဆိုလာစီမံကိန်း ၂၉ ခု မှ စုစုပေါင်း ၉၉၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည်ဖြစ်သည်။တရုတ်ကုမ္ပဏီများဖြစ်သည့် Sungrow Power Supply ကုမ္ပဏီက စီမံကိန်း ကိုးခု၊ China Machinery Engineering Corporation ကုမ္ပဏီက ရှစ်ခု၊ Consortium of SPIC Yunnan International Power Investment ကုမ္ပဏီ နှင့် ပြည်တွင်း ကုမ္ပဏီ Khaing Lon Gems ပါဝင်သော ဖက်စက်ကုမ္ပဏီက စီမံကိန်း လေးခု ၊ ပြည်တွင်း Future Energy Co., Ltd နှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် Consortium of China Gezhouba Group Oversea Investment Co., Ltd နှင့် Xi’an LONGI Clean Energy Co., Ltd တို့က စီမံကိန်း သုံးခု၊ ပြည်တွင်းရွှေတောင်နှင့် တရုတ် GCL System Integration Technology Co., Ltd. တို့က စီမံကိန်း နှစ်ခု၊ ရွှေတောင်နှင့် တရုတ်ကုမ္ပဏီများဖြစ်သည့် Future Energy Co., Ltd နှင့် Xi’an LONGI Clean Energy Co., Ltd တို့စီမံကိန်း တခု တို့ကို လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ထိုစီမံကိန်းများကိုအကောင်အထည်ဖော်မည့် ကုမ္ပဏီများမှာ လုပ်ပိုင်ခွင့် နှစ် ၂၀ ရရှိမည်ဖြစ်ပြီး ခြောက်လ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမည်ဟု တင်ဒါစည်းမျဉ်းစည်းကမ်းတွင် ဖော်ပြထားသည်။ ဆိုလာပါဝါစီမံကိန်း တခုသည် အနည်းဆုံး လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၄၀ အထိ ထုတ်လုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်း တွင် လေးခု၊ ပဲခူးတိုင်းတွင် ခုနှစ်ခု၊ မကွေးတိုင်းတွင် ခြောက်ခု၊ မန္တလေးတွင် ငါးခု၊ စစ်ကိုင်းတိုင်းတွင် လေးခု၊ နေပြည်တော် တွင် သုံးခုနှင့် ရန်ကုန်တိုင်းတွင် တခု တည်ဆောက်သွားမည် ဖြစ်သည်။ ဆိုလာပါဝါစီမံကိန်း တခုစီအတွက် တင်ဒါအောင်ကုမ္ပဏီများသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းစီမံကိန်းများမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဓာတ်အားဝယ်ယူရန် သတ်မှတ်နှုန်းထားများမှာ တယူနစ်လျှင် အမေရိကန်ဒေါ်လာ အနည်းဆုံး သုံး ဒသမ ခြောက် ဆင့်မှ အများဆုံး မှာ လေး ဒသမ ရှစ်ဆယ့်ရှစ် ဆင့်သာ သတ်မှတ်ထားသည်။LNG စီမံကိန်းများ ကဲ့သို့ပင် တင်ဒါစည်းကမ်းများသည် ပြည်တွင်းကုမ္ပဏီများနှင့် အခြား ပြည်ပကုမ္ပဏီများကို ဝင်ရောက်ယှဉ်ပြိုင်ရန် အကန့်အသတ်ပြုလုပ်ထားသည်ဟု ဝေဖန်ခံခဲ့ရသည်။ အထူးသဖြင့် စီမံကိန်းလျောက်ထားသူသည် လွန်ခဲ့သော ၁၀ နှစ် အတွင်း IPP စီမံကိန်း သုံးခု လုပ်ဆောင်ဖူးသူ၊ ထို့အပြင် ၎င်းစီမံကိန်း သုံးခုမှ တခုသည် ဆိုလာစီမံကိန်း ဖြစ်ရမည်ဟူသော သတ်မှတ်ချက်၊ ဝင်ရောက်ယှဉ်ပြိုင်သည့်ကုမ္ပဏီသည် တနှစ်လျင်အမေရိကန်ဒေါ်လာ သန်း ၂၀ ကို သုံးနှစ် ဝင်ငွေရှိရမည်ဟူသော သတ်မှတ်ချက်များသည် ပြည်တွင်းကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်မှုကို အားပေးရာ မရောက်ကြောင်း လုပ်ငန်းရှင်များက ဝေဖန်ထားသည်။ထို့အပြင် မြန်မာအစိုးရက သတ်မှတ်ထားသောဈေးနှုန်းများသည် စီးပွားရေးအရ တွက်ချေမကိုက်နိုင်သော ဈေးနှုန်းဖြစ်ခြင်း၊ အကောင်အထည်စဖော်ရမည့်ကာလမှာ တိုတောင်းခြင်းတို့ကြောင့် အရည်အသွေးပိုင်းဆိုင်ရာ အလေးထားသောပြည်ပကုမ္ပဏီများက တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ နောက်ဆုတ်ခဲ့ရသည်ဟု ဝေဖန်ခံထားရသည်။ထိုစီမံကိန်း ၂၉ ခု အနက်မှ စီမံကိန်း ၁၆ ခု ကို တရုတ်ကုမ္ပဏီ ခြောက်ခု မှအကောင်အထည်ဖော်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စီမံကိန်းသဘောတူညီမှု စာချွန်လွှာ (Letter of Agreements –LOA)ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်တွင် ထုတ်ပေးခဲ့သည်။ထို စီမံကိန်း ၁၆ ခုကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။ LOA ရရှိခဲ့သောကုမ္ပဏီများမှာ Sungrow Power Supply ကုမ္ပဏီက စီမံကိန်း ရှစ် ခု၊ Consortium of SPIC Yunnan International Power Investment Co.,Ltd. နှင့် Khaing Lon Gems ကုမ္ပဏီက စီမံကိန်း လေးခု၊Consortium of China Gezhouba Group Oversea Investment Co.,ltd and Future Energy Company Limited and Xi’an LONGI Clean Energy Co.,Ltd မှ တခု၊ တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီဖြစ်သည့်Consortium of Shwe Taung Development Co.,ltd & GCL System Integration Technology မှ တခု၊ Consortium of Gold Energy Co., Ltd and Universal Energy Co., Ltd တို့က တခုနှင့် ဂျာမဏီကုမ္ပဏီနှင့် မြန်မာဖက်စပ်ဖြစ်သည့် Consortium of ib Vogt Gmbh and Kyaw Su Thway Group of Co., Ltd တို့က တခုစီ တို့ဖြစ်သည်။ထိုတင်ဒါအောင်မြင်သွားသည့် တရုတ်ကုမ္ပဏီ ခြောက်ခု၏ စီမံကိန်း ၁၆ ခုမှ တင်ပြသော ဈေးနှုန်းသည် တ ကီလိုဝပ်နာရီကို အမေရိကန်ဒေါ်လာ သုံး ဒသမ ငါး မှ ငါး ဒသမ တ ဆင့် (USD$0.0348/kWh – USD$0.051/kWh) သာ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။ယင်းနောက် ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၆ ရက်က ကျန်ရှိသည့် စီမံကိန်း ၁၃ ခုအနက်မှ စီမံကိန်း ခုနှစ်ခုအား Letter of Acceptance (LOA) ထပ်မံထုတ်ပေးခဲ့ပြီး ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တည်ဆောက်သွားမည် ဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်က ဆိုလာပါဝါစီမံကိန်းများ လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သော စီမံကိန်း ၂၉ ခုအနက် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ရန် ကြန့်ကြာနေသည့် စီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းခဲ့ပြီး ကုမ္ပဏီများကို အမည်ပျက် စာရင်းသွင်းခဲ့ကြောင်း ၂၀၂၂ခုနှစ် မေလတွင်သတင်းမီဒီယာများက ဖော်ပြခဲ့သည်။အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများတွင် တရုတ်နိုင်ငံ အခြေစိုက်ကုမ္ပဏီများအပြင် ပြည်တွင်းဖက်စပ်ကုမ္ပဏီများပါ ပါဝင်ခဲ့သည်။ အမည်ပျက်စာရင်းသွင်းခံရသည့် တရုတ်ကု မ္ပဏီများထဲတွင် ဆိုလာ တင်ဒါအများဆုံးရရှိခဲ့သည့် Sungrow Power Supply Co.,Ltdပါဝင်ခဲ့သလို၊မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ခဲ့သည့် SPICပါဝင်သည့် ဖက်စပ်တရုတ် ကုမ္ပဏီလည်းပါဝင်ခဲ့ကြောင်းမီဒီယာများကရေးသားထားသည်။တင်ဒါအောင်မြင်ထားသော တရုတ်ကုမ္ပဏီ အများစုမှာ ဓာတ်အားဝယ်ယူရေး PPA စာချုပ် (Power Purchase Agreement) ကိုပင် ချုပ်ဆိုရန် မလုပ်နိုင်ဘဲ စီမံကိန်းစတင်ရန်လည်းပျက်ကွက်ခဲ့သောကြောင့် အမည်ပျက်စာရင်းသွင်းခံရကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ဖတ်ရူ့ခွင့်ရခဲ့သော ဧရာဝတီ သတင်းဌာနက ရေးသားထားသည်။တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းဌာန Global Times ကလည်း အကောင်အထည်ဖော်ရန်ကြန့်ကြာနေသော တရုတ်ဆိုလာစီမံကိန်းများ လုပ်ပိုင်ခွင့်ရုတ်သိမ်းခံရ သော်လည်း တရုတ်လုပ်ငန်းရှင်များ၏မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်း ရှိကြောင်း ယုံကြည်မှုအပေါ်ထိခိုက်ခြင်းမရှိကြောင်း ရေးသားခဲ့သည်။ ထို့အပြင်တရုတ်ကုမ္ပဏီ GCL System Integration Technology Co (GCL)ကလည်းမြန်မာမှ စီမံကိန်းနှစ်ခု လုပ်ပိုင်ခွင့်ရုတ်သိမ်းခံရကြောင်း Global Times သတင်းဌာနတွင်ရေးသားထားသည်ကိုတွေ့ရသည်။ထိုသို့စီမံကိန်းများ ရပ်နားခံရသော်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတခုဖြစ်သည့် Power Construction Corporation (PowerChina)မှရင်းနှီးမြှုပ်နှံမည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့ရှိ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်းတည်ဆောက်ခြင်း စတင်သည့် အခမ်းအနားကို ၂၀၂၂ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သည်။ ရွှေကျင် နေရာင်ခြည်သုံးစွမ်းအင်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၄၀ မီဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက နိုင်ငံပိုင်ဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်မည်ဖြစ်ပြီး ရွှေကျင်ဒေသနှင့် နိုင်ငံအနှံ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု တရုတ်၏အစီအမံတခုဖြစ်သည် လင်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး Website၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၇။ လျှပ်စစ်အတွက် တရုတ်အပေါ် မှီခိုရမှုလက်ရှိတရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများအရ အနာဂတ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု ၃၅ ရာခိုင်နူန်းကျော်မှာ တရုတ်စီမံကိန်းများမှ ရောင်းချပေးနေရသည့် အနေအထား ဖြစ်လာနိုင်ကြောင်းပညာရှင်များမှ တွက်ချက်ထားသည်။တရုတ်ကုမ္ပဏီများထံမှ လျှပ်စစ်ဝယ်ယူမှုသည် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လျှပ်စစ်စွမ်းအင်မလုံ လောက်မှု ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ရေရှည်တွင် ပြည်ပရင်းနှီးမြုပ်နှံမှုအတွက် အဓိကအရေးပါသော လျှပ်စစ်မီးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံတခုကို မှီခိုရသည်မှာ အန္တရာယ်များကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံအပေါ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးကဏ္ဍတို့တွင် အဓိက အခန်းကဏ္ဍမှ ရှိနေသော နိုင်ငံထံမှ လျှပ်စစ်ဝယ်ယူပါက ရေရှည်တွင် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှုကို ပိုမိုခံလာ ရမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားအရင်းအမြစ်များအပေါ် မှီခိုလေလေ၊ မြန်မာအစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုကို မျှတတဲ့ဈေးနှုန်းဖြင့် ထိန်းချုပ်နိုင်မှုနှင့်ညှိနှိုင်းနိုင်စွမ်း လျော့နည်းလေလေ ဖြစ်နိုင်ကြောင်း ကိုလည်း သတိပေးထားသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်စီမံကိန်းများအတွက် လိုအပ်သော အခြေခံအဆောက်အအုံ တည်ဆောက်မည့်နေရာများသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်အချင်းချင်း တိုက်ခိုက်နေ သည့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ကုန်ကျစရိတ်မြင့်မားသော အခြေခံအဆောက်အအုံများသည် လက်နက်ကိုင်အချင်းချင်း မကျေလည်မှုများကြောင့် တိုက်ခိုက်ခံရရန် ပစ်မှတ်ဖြစ်လာ နိုင်ကြောင်းလည်း သုံးသပ်ကြသည်။ ထို့အပြင် ထိုစီမံကိန်းများကို အကာအကွယ်ပေးရန် တပ်မတော်က လုံခြုံရေးပိုမိုချ ထားပါက တိုင်းရင်းသားနယ်မြေများတွင် စစ်နယ်မြေချဲ့ထွင်ခြင်းများ ဖြစ်ပေါ်လာပြီး ပဋိပက္ခများကို ပိုမိုဖြစ်ပွားစေလိမ့် မည်ဟုဆိုသည်။ထို့အပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာခြင်းကြောင့် အခြားသောနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများက လုံခြုံမှုမရှိဟု ခံစားရစေနိုင်ပြီး အခြားသောနိုင်ငံများ၏ရင်းနှီးမြုပ်နှံမှုများကို နှောင့်နှေးစေလိမ့်မည်ဟု သုံးသပ်ကြသည်။တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ အချက်အလက်ပြဇယားကို ဤနေရာတွင် Download ရယူနိုင်ပါသည်။ မှတ်ချက်- စီမံကိန်း အခြေအနေများကို ၂၀၂၂ခုနှစ် ဩဂုတ် ( ၂ ) ရက်နေ့တွင် ထပ်မံဖြည့်စွက်ထားပါသည်။Categories: BRI CMEC Economic တရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း