ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုမှုများ ကျယ်ပြန့်လာခဲ့သည်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံသား ရာခိုင်နှုန်း အများစုသည် မိုဘိုင်းဖုန်းများကို လက်လှမ်းမီ ကိုင်ဆောင်လာနိုင်ကြသည်။ Datareportal တွင် ဖော်ပြထားသော စာရင်းများအရ ၂၀၂၀ ခုနှစ် ဇန်နဝါရီအထိ မိုဘိုင်းဖုန်းအသုံးပြုမှု ၁၂၆ ရာခိုင်နှုန်း (အရေအတွက်အားဖြင့် ၆၈.၂၄ သန်း ရှိပြီး နိုင်ငံ့လူဦးရေ ၅၄ သန်းထက် ပိုမိုများပြားပါသည်။ လူတဦးချင်း မိုဘိုင်းဖုန်း တလုံးထက် ပိုမိုအသုံးပြုမှုများကိုပါ ထည့်သွင်းရေတွက်ထားပါသည်။)ရှိပြီး အင်တာနက်သုံးစွဲသူ ၄၁ ရာခိုင်နှုန်း (နိုင်ငံ့ လူဦးရေ ၅၄ သန်းအနက် ၂၂ သန်း) ရှိသည်။ မိုဘိုင်းနှင့် အင်တာနက် အသုံးပြုမှု များလာခြင်းနှင့်အတူ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ နေ့စဉ်ဘ၀များဖြစ်သည့် လူမှုဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ဖျော်ဖြေရေး လုပ်ငန်းများတွင် နည်းပညာများကို ပိုမိုအသုံးပြုလာခဲ့ကြသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နည်းပညာ ကုမ္ပဏီများအတွက် အလားအလာရှိသည့် စျေးကွက်သစ်တခု ဖြစ်လာခဲ့သည်။တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း စီမံကိန်း (BRI)ကို အခြေပြုကာ နိုင်ငံများအကြား နည်းပညာ ကွန်ရက်ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းကို အဆိုပြုထားသည်။ ထိုမှတဆင့် မိမိ၏ နည်းပညာကို အသုံးပြုပြီး အချက်အလက် စုဆောင်းခြင်းဖြင့် ဒေသတွင်းနိုင်ငံများ အပေါ်တွင် ဘေဂျင်း၏ လွှမ်းမိုးနိုင်မှု အတိုင်းအတာကို ချဲ့ထွင်ရန် လုပ်ဆောင်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ တရုတ်နိုင်ငံ အစိုးရ၏ ဒစ်ဂျစ်တယ် ပိုးလမ်းမ တည်ဆောက်ရန် မူဝါဒများ၊ ရည်မှန်းချက်များနှင့်အတူ တရုတ်-မြန်မာနှစ်နိုင်ငံအကြား နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်ကုမ္ပဏီများ၏ နည်းပညာကဏ္ဍတွင် နေရာယူလာမှုများကို သိသိသာသာ မြင်တွေ့လာခဲ့ရသည်။ဤဆောင်းပါး၌ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် တရုတ်နိုင်ငံ၏ ထိုးဖောက်ဝင်ရောက်လာမှုများကို လေ့လာပြီး တရုတ်နည်းပညာနှင့် စပ်လျဉ်းသည့် နိုင်ငံတကာ ဆွေးနွေးငြင်းခုံမှုများကို သုံးသပ်ကာ မြန်မာနိုင်ငံအနေဖြင့် သတိထား ပြင်ဆင်သင့်သည့် အရာများကို အကြံပြုဆွေးနွေးမည် ဖြစ်ပါသည်။မြန်မာနိုင်ငံတွင်ရှိသော တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများအနက် မြင်သာသော အချက်များကို ပြပါဟုဆိုလျှင် တရုတ် ရင်းနှီးမြှုပ်နှံမှု များလာခြင်း၊ စီးပွားရေးတွင် တရုတ်ကို မှီခိုအားထားလာရခြင်း၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားများ အခြေချလာသည်ကို တွေ့ရခြင်း၊ တရုတ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များ တွေ့မြင်ရမှု များလာခြင်း၊ ငြိမ်းချမ်းရေးတွင် တရုတ်၏ အခန်းကဏ္ဍ မြင်သာနေခြင်းတို့ကိုသာ ထောက်ပြလေ့ ရှိကြသည်။ နည်းပညာနယ်ပယ်တွင် တရုတ်လွှမ်းမိုးမှု များလာခြင်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ နောက်ဆက်တွဲ အကျိုးဆက် အမြောက်အမြား ရှိနိုင်ပြီး အရေးကြီးသော ကဏ္ဍတခု ဖြစ်သည်။မြန်မာ့နည်းပညာကဏ္ဍသို့ တရုတ်ကုမ္ပဏီ၏ ထိုးဖောက်ဝင်ရောက်မှုဆက်သွယ်ရေးနှင့် မိုဘိုင်းလုပ်ငန်းများတွင် တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းမှအစ၊ 5G အင်တာနက်ဝန်ဆောင်မှုအတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အလယ်၊ တရုတ်နိုင်ငံမှ နည်းပညာ ဆိုင်ရာအကူအညီပေးခြင်းများ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သက်ဆိုင်ရာအစိုးရများသည် မြို့ပြစီမံရေးများတွင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လာမှုများ အဆုံး တရုတ်နည်းပညာများ၏ ထိုးဖောက်ဝင်ရောက်မှုများကို တွေ့လာရသည်။တရုတ်နိုင်ငံ အစိုးရနှင့် ကုမ္ပဏီများ၏ မြန်မာ့နည်းပညာကဏ္ဍတွင် ပါဝင်မှုများကို လေ့လာကြည့်လျှင် အကြမ်းဖျင်းအားဖြင့် အပိုင်းသုံးပိုင်း တွေ့နိုင်သည်။ ၎င်းတို့မှာ –(၁) မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်များ၊ ဖိုင်ဘာကြေးနန်း ကွန်ရက်များနှင့် သတင်းအချက်အလက် စင်တာများ၌ ရင်းနှီးမြှုပ်နှံရန် အားပေးခြင်းများ၊(၂) တရုတ်နည်းပညာ အသုံးပြုထားသော ငွေပေးချေမှုများနှင့် ကုန်သွယ်ရေးစနစ်များအား အခြားနိုင်ငံများတွင် လက်ခံလာအောင် ဆောင်ရွက်ခြင်းများ၊(၃) အုပ်ချုပ်ရေးနှင့် သံတမန်ရေးရာများတွင် နည်းပညာများ ပိုမိုအသုံးပြုလာစေရန် ဆောင်ရွက်ခြင်းများ ပါဝင်သည်။ဥပမာ မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသော အဓိက ကုမ္ပဏီ လေးခုရှိပြီး အများအားဖြင့် တရုတ်ကုမ္ပဏီများ၏ နည်းပညာ ပစ္စည်းကိရိယာများကို အသုံးပြုကြသည်။ ထို့အပြင် မိုင်တယ်(လ်)နှင့် အော်ရီဒူး ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် 5G မိုဘိုင်း အင်တာနက် ကွန်ရက်များ တည်ဆောက်နိုင်ရန်အတွက် ဟွာဝေး၊ ဇက်တီအီး စသည့် တရုတ်ကုမ္ပဏီများနှင့် သဘောတူညီမှုများ ပြုလုပ်ထားသည်။ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအပြင် ဝန်ဆောင်မှု ရယူသူများအကြားတွင်လည်း တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းများသည် ရေပန်းစားလှသည်။ ဟွာဝေး၊ အော်ပို၊ ရှောင်မီ၊ ဇက်တီအီး၊ ချီဂို၊ လီနိုဗို စသည်တို့မှာ မြန်မာလူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးသော တရုတ်နည်းပညာသုံး ကုန်အမှတ်တံဆိပ်များ ဖြစ်သည်။ ထို့အပြင် ဈေးနှုန်းလည်း သက်သာသောကြောင့် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းများကို ပြည်သူအများစုက သုံးစွဲကြသည်။ထိုမျှသာမက မန္တလေးမြို့ကို လုံခြုံမှုရှိသည့် မြို့တော် (Safe City)နှင့် ခေတ်မီမြို့တော် (Smart City)ဖြစ်စေရေး ဟွာဝေးနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားခြင်းလည်း ရှိသကဲ့သို့ ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်ကို တရုတ် China Railway Construction Corporation (CRCC) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းများလည်း ရှိသည်။ အဆိုပါကဏ္ဍများတွင် စောင့်ကြည့်ကင်မရာ(CCTV) များမှတဆင့် ပုံရိပ်များရယူကာ ရရှိလာသော ပုံရိပ်များကို နည်းပညာအသုံးပြု၍ ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ပြီး တရုတ်နှင့် အတူတကွ လုပ်ဆောင်နေသောကြောင့် တရုတ် ဉာဏ်ရည်တု နည်းပညာကိုပင် အသုံးပြုရမည်ဖြစ်သည်။ အထက်ပါ ပူးပေါင်းဆောင်ရွက်မှုများအပြင် ရန်ကုန်မြို့အတွင်း လမ်းဆုံလမ်းခွအချို့၌ ဟွာဝေးနှင့် China Aid စာတန်းပါ CCTV များ၊ ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ တံဆိပ်များနှင့် ယှဉ်တွဲ တွေ့မြင်လာခဲ့ရသည်။အလားတူပင် ဒစ်ဂျစ်တယ် ယွမ်(တရုတ်နိုင်ငံသုံးငွေကြေး)ကို Alipay, WeChat Pay စသည်တို့မှ တဆင့်မိတ်ဆက်လာပြီး အဆိုပါကြိုးပမ်းမှုမှာ ယန်း(ဂျပန်)၊ ယူရို(ဥရောပ) ငွေကြေးများထက် အလားအလာ ပိုမိုကောင်းမွန်နေသည်။ ကိုဗစ်-၁၉ ကပ်ရောပါဘေး ဖြစ်ပွားမှုမရှိခင် ကာလအထိ ဇီးရိုးဘတ်ဂျက်ဟု ခေါ်ကြသည့် တရုတ်ခရီးသွားလုပ်ငန်းများတွင် Alipay, WeChat Pay စသည်များကို တရားဝင်ခွင့်ပြုထားခြင်း မရှိသည့်တိုင် သုံးစွဲနေကြသည်။ ထို့အပြင် Alipay ၏ အော်ပရေတာ ကုမ္ပဏီက မြန်မာနိုင်ငံ၏ ငွေကြေးပေးချေရေး ဝန်ဆောင်မှုကဏ္ဍ၌ အရေးပါသော Wave Money တွင် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံမှ နည်းပညာနှင့် ပတ်သက်၍ ထောက်ပံ့ခဲ့သည်များလည်း ရှိသည်။ ကပ်ရောဂါကြောင့် နိုင်ငံတကာအစည်းအဝေးပွဲများသို့ နိုင်ငံ့ခေါင်းဆောင်များ လူကိုယ်တိုင် သွားရောက်ရန် အခက်အခဲ ရှိနေချိန်တွင် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဟွာဝေးမှ ဗီဒီယို ကွန်ဖရန့်စနစ်နှင့် နည်းပညာ ဝန်ဆောင်မှုများ ပံ့ပိုးကူညီခဲ့သည်။ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင်လည်း ဉာဏ်ရည်တု အထောက်အကူပြု နည်းပညာဝန်ဆောင်မှုဖြင့် ဗီဒီယိုကွန်ဖရန့်စနစ်ကို ဟွာဝေးက ပံ့ပိုးကူညီခဲ့သည်။အငြင်းပွားဖွယ်ရာ သတင်းအချက်အလက် လုံခြုံမှုနှင့် အာဏာရှင်စံနှုန်းများတရုတ်နိုင်ငံမှ နည်းပညာများသည် စျေးနှုန်းချိုသာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်လှမ်းမီသည်မှာ မှန်သော်လည်း တရုတ်နိုင်ငံမှ တင်ပို့သော နည်းပညာများနှင့် နည်းပညာသုံးပစ္စည်းများကို ဝန်ဆောင်မှု ရယူသုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက် စသည်များ လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အငြင်းပွားစရာများလည်း ရှိနေသည်။ နိုင်ငံများစွာမှ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာနှင့် စစ်ဘက်ဆိုင်ရာ နယ်ပယ်များမှ ထင်ရှားကျော်ကြားသူများ၏ ကိုယ်ရေး အချက်အလက်များ၊ လူမှုကွန်ရက် အချက်အလက်များ မှုခင်းရာဇဝင်စသော ဒေတာများကို တရုတ်အစိုးရနှင့် ဆက်နွှယ်မှုရှိသည်ဟု ထင်ကြေးပေးခံနေရသည့် တရုတ်ကုမ္ပဏီတခုက ရယူစုဆောင်းထားသည်ဆိုသော သတင်းများ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာအတွင်း ပေါ်ထွက်လာခဲ့သည်။မကြာသေးမီက တရုတ်ကုမ္ပဏီမှ တီထွင်သော TikTok အသုံးပြုခြင်းကို အိန္ဒိယနိုင်ငံတွင် ပိတ်ပင်ခြင်းများမှအစ၊ တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီတခုဖြစ်သော ဟွာဝေးကို အမေရိကန်မှ ကန့်သတ်ပိတ်ဆို့ခြင်းများအလယ်၊ အင်္ဂလန်စသော ဥရောပနိုင်ငံများတွင် တရုတ်နည်းပညာ 5G ကွန်ရက်ကို အသုံးပြုသင့်၊ မပြုသင့် ဆွေးနွေးငြင်းခုံမှုများအဆုံး တရုတ်နည်းပညာနှင့် စပ်လျဉ်းသည့် အခြင်းအရာများသည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါသည့် မျက်နှာစာတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။နိုင်ငံများသည် နည်းပညာကို အသုံးပြုပြီး သတင်းအချက်အလက်များ ရယူစုဆောင်းခြင်း၊ အခြားနိုင်ငံများ၏ သတင်းအချက်အလက် ရပ်ဝန်းကို မိမိအကျိုးစီးပွားနှင့် ကိုက်ညီအောင် ပုံဖော်ခြင်းများ ပြုလုပ်ရန် ကြိုးပမ်းအားထုတ်လာကြသကဲ့သို့ တဖက်တွင်လည်း နိုင်ငံအသီးသီးသည် သတင်းအချက်အလက် လုံခြုံရေးအတွက် နိုင်ငံခြားမှ ဝင်ရောက်လာသော သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို သတိကြီးစွာ ကိုင်တွယ်လာကြသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နည်းပညာများသည် နိုင်ငံများအတွက် စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်များမှ သတင်းအချက်အလက်များ ရယူရာတွင် အရေးပါသည့် အခန်းကဏ္ဍအဖြစ် ပေါ်ထွက်လာလျက် ရှိသည်။ဉာဏ်ရည်တု ထောက်လှမ်းရေး နည်းပညာ အသုံးပြုထားသော လူသားမျက်နှာပုံရိပ်ဖမ်းစနစ် (Facial Recognition System)မှာ တိဘက်နဲ့ ရှင်းကျန်းဒေသတို့ရှိ ဒေသခံများကို ဖိနှိပ်ရာတွင် အသုံးပြုလျက်ရှိသည်ဟု ဝေဖန်မှုများ လည်းရှိနေသည်။ ထိုစနစ်ကိုပင် အာဖရိကနိုင်ငံများဖြစ်သော ယူဂန်ဒါ၊ ဇင်ဘာဘွေ၊ ဇမ်ဘီယာ နိုင်ငံများတွင် နိုင်ငံရေးအတိုက်အခံများ၊ အစိုးရဆန့်ကျင်သူများကို နှိပ်ကွပ်ရန်နှင့် ဆက်သွယ်ရေး နည်းပညာများမှတဆင့် အစိုးရ အသုံးမပြုစေလိုသော အင်တာနက်စာမျက်နှာများကို အသုံးမပြုနိုင်ရန် ပြုလုပ်လျက်ရှိသည်။တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ထောက်လှမ်းစုံစမ်းမှုများ ပြုလုပ်သည့် ဝါရှင်တန်အခြေစိုက် RWR အကြံပေး ပညာရှင်အဖွဲ့၏ အစီရင်ခံစာအရ ဟွာဝေးဖုန်းများတွင် တွေ့ရသော Malware သည် Third Party များ၏ ခေါ်ဆိုမှုများကို နားထောင်ခြင်း၊ အသုံးပြုသူများ၏ တည်နေရာများကို ခြေရာခံခြင်း၊ ဆက်သွယ်ရန် စာရင်းများနှင့် ခေါ်ဆိုမှု မှတ်တမ်းများကို ကူးယူခြင်း၊ စာသား မက်ဆေ့ခ်ျများ ကြည့်ခြင်း၊ အွန်လိုင်း ၀ယ်ယူမှုများ ပြုလုပ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။ နိုင်ငံတကာတွင် တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီတို့နှင့် နည်းပညာပိုင်းအရ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်မှုများ ရှိလာကြသည်။သတိပြု ပြင်ဆင်သင့်သည့် အချက်များနည်းပညာအခြေပြု အုပ်ချုပ်မှုများ၊ ဝန်ဆောင်မှုများသည် အများပြည်သူများ၏ နေ့စဉ်ဘ၀များကို ပိုမိုလွယ်ကူစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့ရာတွင် တဖက်တွင်လည်း ၂၁-ရာစုသည် နည်းပညာအကူအညီဖြင့် လိုအပ်သော သတင်းအချက်အလက်များကို လွယ်လွယ်ကူကူ ရနိုင်သည်သာမက အရေးကြီး သတင်းအချက်အလက်များသည်လည်း အာဏာနှင့် လွှမ်းမိုးနိုင်မှု၏ အရင်းအမြစ် ဖြစ်လာနေသည်။ ထိုကဲ့သို့ နယ်ပယ်များစွာ၌ တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် နိုင်ငံတော်၏ လျှို့ဝှက်ချက်များနှင့် ပြည်သူတဦးတယောက်ချင်းစီ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မရှိစေရန်နှင့် မမြင်သာသည့် နည်းပညာဆောင်ရွက်မှုများမှတဆင့် မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးများတွင် ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှုများ၊ ဝင်ရောက်စွက်ဖက်ခြင်းများ မရှိစေအောင် ဆောင်ရွက်နိုင်ရန် အရေးကြီးပါသည်။မိုဘိုင်းဖုန်းများသည် မြန်မာပြည်သူများ၏ အဓိက ဆက်သွယ်မှုများ ဖြစ်လာသလို မြန်မာနိုင်ငံရှိ ပြည်သူများ အားလုံးနီးပါး၏ ကိုယ်ရေးအချက်အလက်များနှင့် ချိတ်ဆက်လျက်ရှိရာ သတင်းအချက်အလက် လုံခြုံရေးကို သတိထားကိုင်တွယ်နိုင်ရန် အရေးကြီးလှပါသည်။ ဈေးနှုန်းသက်သာသော်လည်း စာသုံးသူများ၏ အချက်အလက်များ၊ ကုန်ပစ္စည်းဝယ်ယူသုံးစွဲမှု အလေ့အထများကို ချိုးဖောက်နိုင်မည့် လုပ်ဆောင်မှုများကို ထိန်းထေရန် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုသူ အများစုသည် ဒစ်ဂျစ်တယ် နည်းပညာနှင့် ပတ်သက်ပြီး အသိပညာ နည်းပါးနေသေးသည်ဖြစ်ရာ အထူးအလေးထား ကိုင်တွယ်ရန် လိုအပ်ပါသည်။ပြည်သူလူထု၏ ဘ၀လုံခြုံရေးအတွက် နည်းပညာများသည် အရေးပါသည့် အထောက်အပံ့တရပ် ဖြစ်နိုင်သော်လည်း ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်လုံခြုံရေးကို မချိုးဖောက်စေရန် လိုအပ်ပါသည်။ သို့ဖြစ်ရာအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ပြည်သူ့ဘဝလုံခြုံရေး ကဏ္ဍများ၌ တရုတ်နိုင်ငံ၏ နည်းပညာများကို အသုံးပြုရာတွင် မိမိနိုင်ငံ၏ နိုင်ငံရေးလျှို့ဝှက်ချက်များ ပေါက်ကြားမှု မရှိစေရေးနှင့် နိုင်ငံရေးတန်ဖိုးထားမှုများ၊ စံချိန်စံနှုန်းများကို ခြိမ်းခြောက်မှုမရှိစေရေးမှာ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ် ကူးပြောင်းစ နိုင်ငံများအတွက် များစွာ အထူးသတိပြု ဆင်ခြင်ရမည် ဖြစ်ပါသည်။ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးပေးချေမှု နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်မှာ ကြိုဆိုရမည်ဖြစ်သော်လည်း တရားဝင်မဟုတ်သည့် ငွေကြေးစီးဆင်းမှုများ နိုင်ငံအတွင်း ဖြစ်ပေါ်လာစေနိုင်ခြင်းနှင့် နိုင်ငံတွင်းမှ ငွေများ နိုင်ငံပြင်ပသို့ အဆီးအတားမရှိ လျင်လျင်မြန်မြန် စီးဆင်းသွားစေနိုင်သည်။ အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်အကောင်အထည်ဖော်နေသော ငွေကြေးမူဝါဒ (Monetary Policy)များကို ထိခိုက်စေနိုင်ပြီး နိုင်ငံအတွင်း လှည့်လည်စီးဆင်းနေသော ငွေကြေးပမာဏကို ခန့်မှန်းရ ခက်ခဲလာစေသည်။ ထိုမျှသာမက အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်း ထိခိုက်စေနိုင်သည်ဖြစ်ရာ အထူးသတိထားပြီး စည်းမျဉ်းများ ကြပ်မတ်ကိုင်တွယ်နိုင်ရန် လိုအပ်ပါသည်။နိဂုံးခြုံငုံ၍ ဆန်းစစ်ကြည့်လျှင် တရုတ်သည် နည်းပညာကဏ္ဍတွင် ၎င်းတို့၏ နိုင်ငံပိုင် အဖွဲ့အစည်းများနှင့် ကုမ္ပဏီပေါင်းစုံမှ မြန်မာနိုင်ငံ၏ အစိုးရ အဖွဲ့အစည်းအသီးသီးနှင့် ပုဂ္ဂလိကအလွှာစုံကို ထိုးဖောက်ဝင်ရောက်မှုအဖြစ် ရှုမြင်ရသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အကျိုးရှိမည့် ကိစ္စရပ်များရှိသကဲ့သို့ အပြစ်ဖြစ်နိုင်သည့် အကြောင်းတရားများကိုလည်း ဆင်ခြင်တွေးဆ၍ ပြင်ဆင်ထားသင့်ပါသည်။ အမျိုးမျိုးသော ထိုးဖောက်ဝင်ရောက်မှုများကို သိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် ဒစ်ဂျစ်တယ်ဆိုင်ရာ မူဝါဒတရပ် ချမှတ်ရန် အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။အဆိုပါ မူဝါဒတွင် ဆိုက်ဘာနည်းပညာနှင့်ဆိုင်သော ဥပဒေတရပ် အမြန်ဆုံး ပေါ်ထွန်းရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုခြင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကများအကြား အပြန်အလှန် ချိတ်ဆက်ရေး၊ ထိုမှတဆင့် အသေးစိတ် သဘောတူညီမှုများအတွက် စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သတင်းအချက်အလက်များ ဖလှယ်ရေးစသည့် အချက်များ လုပ်ဆောင်သင့်ပါသည်။ နည်းပညာနှင့် ပတ်သက်၍ ခိုင်မာသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထားရုံဖြင့် မလုံလောက်နိုင်တော့ဘဲ ဒီမိုကရေစီ ကူးပြောင်းစ မြန်မာနိုင်ငံအနေဖြင့် နည်းပညာပစ္စည်းများကို တင်သွင်းရင်း ပြည်သူလူထု၏ ဘဝကို ကန့်သတ်ချုပ်ခြယ် ဖိနှိပ်နိုင်သော အာဏာရှင်စနစ်ကိုပါ တင်သွင်းမိခြင်း မရှိအောင်လည်း သတိပြုရမည် ဖြစ်ပါသည်။သန့်အောင်ပိုင်ကိုးကားZhenhua Data leak: personal details of millions around world gathered by China tech companyChina’s Digital Silk Road: Strategic Technological Competition and Exporting Political IlliberalismChina’s Surveillance Technology Is Keeping Tabs on Populations Around the Worldတတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး၌ မြန်မာနိုင်ငံအတွက် Huawei က ဗီဒီယို ကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကူညီGrading China’s Belt and RoadDIGITAL 2020: MYANMARHuawei, Africa and the global reach of surveillance technologyCategories: Bilateral Relations Diplomacy Economy Politics Social Covid-19 Geopolitics တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် အောက်တိုဘာ ဒုတိယပတ် (အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်အထိ)ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား မြန်မာနိုင်ငံ၏အခန်းကဏ္ဍ - ဦးခိုင်ဝင်းအား မေးမြန်းခြင်း Aung Myo Htetအောင်မျိုးထက်သည် ISP-Myanmar ၏ Research Associate တဦးဖြစ်သည်။ သူသည် Living Color Media က ထုတ်ဝေသည့် The Voice Weekly စာစောင်တွင် သတင်းထောက်နှင့် အယ်ဒီတာ တာဝန်များကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ISP-Myanmar က ပြုလုပ်သည့် သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။