၁။ စီမံကိန်းအကျဉ်းချုပ်တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။၎င်းပိုက်လိုင်းနှစ်သွယ်စီမံကိန်းသည် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၈၀၀(မိုင် ၅၀၀) နီးပါး ရှည်လျားသည်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သန်း သွားသည်။ ပိုက်လိုင်းနှစ်ခုအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံကျော်ဖြစ်သည်။က။ ရေနံပိုက်လိုင်းရေနံပိုက်လိုင်းစီမံကိန်းမှာ မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့အကြား နှစ်ဦးသဘောတူ အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်သည်။ ပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျပြီး တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း တင်ပို့ရန် မျှော်လင့်ထားသည်။ ပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ(မိုင် ၄၈၀) ရှည်လျားပြီး လက်ရှိတွင် နေ့စဉ် ရေနံစိမ်းတန်ချိန် တစ်သောင်းခြောက်ထောင်ကို တင်ပို့လျက်ရှိသည်။ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့(Shwe Gas)၏အဆိုအရ အမ်း၊ ကျောက်ဆည်နှင့် သီပေါတို့တွင် ရုံခွဲသုံးရုံ ထားရှိသည်။(အစိုးရ၏အချက်အလက်များအရ ကျောက်ဖြူ၊ မကွေး၊ မန္တလေးနှင့် သီပေါမြို့တွင် ရုံခွဲငါးခုရှိသည်။ အချက်အလက်ကို ပြန်လည်အတည်ပြုရန် လိုအပ်နေပါသေးသည်။)ခ။ ဓာတ်ငွေ့ပိုက်လိုင်းသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ မြန်မာနှင့် တရုတ်အပါအဝင် ကိုရီးယားနှင့် အိန္ဒိယတို့ဖြင့် လေးနိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်သည့်စီမံကိန်းဖြစ်သည်။ ပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံနီးပါး ကုန်ကျခဲ့ပြီး မြန်မာနိုင်ငံအတွင်းတွင် ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့တွင် ရုံခွဲ(ခွဲဝေရေးစခန်း)များထားရှိကာ ၇၉၃ ကီလိုမီတာ(မိုင် ၅၀၀ နီးပါး)ရှည်လျားသည်။ နှစ်စဉ် ဓာတ်ငွေ့ပမာဏ ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့ရန် မျှော်မှန်းထားသည်။ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပ သန်း ၄၀၀ ကို ပို့လွှတ်လျက်ရှိသည်။ထိုစီမံကိန်းများအတွက် မြန်မာအစိုးရ၏ စုစုပေါင်းနှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိမည်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားသော်လည်း အမှန်တကယ်တွင် မည်မျှအကျိုးအမြတ်ရနေသည်ဆိုသည်ကို မသိရသေးပါ။ ပိုက်လိုင်းစီမံကိန်းများအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေနှင့် တရုတ်နိုင်ငံ China Development Bank ထံမှ ချေးငွေ ယူရို ၈၆ ဒသမ ၁၆ သန်းကို ၂၀၁၀ ပြည့်နှစ်က ချေးယူခဲ့သည်။ ချေးယူငွေများအနက် အတိုးအရင်းပေါင်း ယူရိုငွေ ၁၀၃ ဒသမ ၆၄ သန်းကို ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေဆဲဖြစ်သည်။ လက်ရှိအချိန်သည် ပြန်လည်ပေးဆပ်နေဆဲကာလဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် မရရှိသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇ ခုနှစ်၊ ဇွန်လကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။မြန်မာအစိုးရသည် စီမံကိန်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း(right-of-way payments) ကိုရရှိမည်ဖြစ်သည့်အပြင် ရေနံစိမ်းတစ်တန်အတွက် အမေရိကန်တစ်ဒေါ်လာကို ဖြတ်သန်းခအဖြစ် ရရှိမည်ဖြစ်သည်။ထို့အပြင် နှစ်စဉ် ရေနံတန် ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ၂ ဘီလီယံကုဗမီတာကို တဆင့်ခံဝယ်ယူ နိုင်ရန် သဘောတူထားသည်။ လက်ရှိအချိန်ထိ မြန်မာအစိုးရက ထိုရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ပမာဏမည်မျှ ဝယ်ယူသုံးစွဲနေသည်ကို တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါ။လက်ရှိတွင် တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုမှ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၀၀ ခန့်နှင့် ရေနံတန်ချိန် ၁၆၀၀၀ တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံအတွက်မူ သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ဝန်းကျင်ကို နေ့စဉ်သုံးစွဲလျက်ရှိသည်။တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ တရုတ်-မြန်မာ ရေနံပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံတန်ပေါင်း ၁၉ သန်းကျော်နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၀ ဘီလီယံကျော် တင်ပို့ပြီးကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်၊ ပထမခြောက်လတွင် တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ရေနံတန်ပေါင်း ၅ သန်းကျော် တင်ပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ပထမခြောက်လနှင့်နှိုင်းယှဉ်လျှင် ၂ ဒသမ ၇ ရာခိုင်နှုန်း တတ်လာကြောင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့၏ အကောက်ခွန်ဌာနမှ ထုတ်ပြန်ထားသည်။၂၀၁၉ ခုနှစ်၊ ပထမခြောက်လအတွင်း တရုတ်-မြန်မာ သဘာဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ တန်သန်းပေါင်း ၁ ဒသမ ၆၈ တန် တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၅ ဒသမ ၈၉ ဘီလီယံ တန်ဖိုးရှိသည်။ ၂၀၁၈ခုနှစ်၊ ပထမခြောက်လပတ်နှင့်နှိုင်းယှဉ်လျှင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ၂ ဒသမ ၃ ရာခိုင်နူန်း ကျဆင်းခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ပိုက်လိုင်းတည်ဆောက်၍ သဘာဝဓာတ်ငွေ့တင်ပို့မှုကို ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခဲ့မှုဖြင့် ပထမဆုံးစတင်ခဲ့ခြင်း ဖြစ်သည်။ ယခု တရုတ်-မြန်မာပိုက်လိုင်းစီမံကိန်းမှာ ဒုတိယမြောက်ဖြစ်သည်။ဂ။ တရုတ်နိုင်ငံ၏ မဟာဗျူဟာစဉ်းစားချက်ပိုက်လိုင်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်ဆာလောင်မှုကို ဖြည့်တင်းပေးနေသော ဒေသတွင်းရှိ မဟာဗျုဟာမြောက် စီမံကိန်းလေးခုအနက်မှ တစ်ခုဖြစ်သည်။ ကျန်သုံးခုမှာ ရုရှား-တရုတ် ရေနံပိုက်လိုင်း၊ အာရှအလယ်ပိုင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မလက္ကာရေလက်ကြားရှိ ပင်လယ်ဖြတ်သန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းတို့ ဖြစ်သည်။တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၂၅၂၀(မိုင် ၁၅၀၀ ကျော်) ရှည်လျားသော အဆိုပါပိုက်လိုင်းများစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနောက်ကျဆုံးဖြစ်သည့် အနောက်တောင်ဘက်ဒေသ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ထိုပိုက်လိုင်းစီမံကိန်းကြောင့် တရုတ်နိုင်ငံသည် ကျောက်မီးသွေးသုံးစွဲနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ခန့်မှန်းခြေ နှစ်စဉ် တန်ချိန် ၃၀ ဒသမ ၇၂ သန်းကို လျော့ကျစေလိမ့်မည်။ ထို့အပြင် တရုတ်နိုင်ငံအတွက် အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့ရာတွင် သယ်ဆောင်ရာခရီးလမ်းအရှည်ကို လျှော့ကျစေမည်ဖြစ်သလို အန္တရာယ်များသော မလက္ကာရေလက်ကြားနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော တောင်တရုတ်ပင်လယ်ပြင် လမ်းကြောင်းများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ပိုက်လိုင်းစီမံကိန်းများအတွက် တပ်မတော်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်အစောပိုင်းတွင် ယူနန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခသုံးဦး (Li Chenyang, Qu Jianwen နှင့် Wu Lei) တို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ပိုက်လိုင်းများချိတ်ဆက်ရန် ဖြစ်နိုင်ချေ ရှိ၊ မရှိကို စတင်သုတေသနပြုလုပ်ခဲ့သည်။ယူနန်ပြည်နယ်အစိုးရမှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အတိုင်ပင်ခံရုံးကို ၎င်းတို့၏တွေ့ရှိချက်အား တင်ပြခဲ့သည်။ ၎င်းပါမောက္ခသုံးဦးတို့၏ တင်ပြချက်တွင် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အချက်ငါးချက်ပါဝင်သည်။(၁) ကမ္ဘာတွင် ရေကြောင်းလမ်း အကျပ်ဆုံးနှင့် ကုန်စည်သင်္ဘောများ မကြာခဏနစ်မြုပ်မှုကြောင့် အန္တရာယ်များသော မလက္ကာရေလက်ကြားကို ရှောင်ဖယ်နိုင်ခြင်း၊(၂) ပိုက်လိုင်း၏အရှည်မှာ အများဆုံး ကီလိုမီတာ ၁၂၀၀(မိုင် ၇၅၀)ခန့်သာရှိနိုင်ပြီး မလက္ကာရေလက်ကြားကတဆင့် ကွမ်ကျိုးကိုဖြတ်၍ တရုတ်နိုင်ငံ၊ အနောက်တောင်ဘက်ခြမ်းသို့ ရေနံတင်ပို့ရသည့်လမ်းကြောင်းထက် တိုတောင်းခြင်း၊(၃) ပိုက်လိုင်းတည်ဆောက်မှုအပေါ် ငွေကြေးသုံးစွဲခြင်းသည် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံ၏လွှမ်းမိုးမှုကို ကန့်သတ်နိုင်ပြီး (ပိုက်လိုင်းသည် မြန်မာနိုငံကို ထက်ခြမ်းပိုင်းလိုက်သကဲ့သို့ အနောက်ဘက်မှ အရှေ့မြောက်ဘက်သို့ သွယ်တန်းမည်ဖြစ်သည်။) မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏မဟာဗျူဟာကျသည့် ကြားခံနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခြင်း၊(၄) သမိုင်းကြောင်းနှင့် ဆက်ဆံရေးအနေအထားအရ နှစ်နိုင်ငံကြားရှိ အခြေအနေများကိုသုံးသပ်ကြည့်လျင် ပိုက်လိုင်းလုံခြုံရေးကို အာမခံပေးနိုင်ခြင်း၊(၅) စစ်တွေနှင့် ကူမင်းအကြား ကီလိုမီတာ ၅၀၀ ခန့်(မိုင် ၃၀၀ ကျော်) ရှည်လျားသော ရထားလမ်းကိုတည်ဆောက်ရန် သဘောတူထားပြီးဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း ဆောက်လုပ်မည့် ပိုက်လိုင်းကုန်ကျစရိတ်သည် အခြားဖြစ်နိုင်ချေနည်းလမ်းများထက် ကုန်ကျစရိတ်ပိုမိုသက်သာနိုင်ခြင်းတို့ဖြစ်သည်။၂။ စီမံကိန်းဖြစ်စဉ်ယူနန်တက္ကသိုလ်၊ ပါမောက္ခသုံးဦး၏အစီရင်ခံစာသည် တရုတ်ကွန်မြူနစ်ပါတီ၏ အလေးထားမှုကိုခံရပြီး ပိုက်လိုင်းအတွက်ဖြစ်နိုင်ခြေကို ဆန်းစစ်ရန် ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်ယွမ် ၂ သိန်းဝန်းကျင်ကို သုတေသနထောက်ပံ့ငွေအဖြစ်ထုတ်ပေးခဲ့သည်။၂၀၀၆ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံအတွင်း ရေနံပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သတ်ပြီး အကြံပြုချက်များကို ယူနန်ပြည်နယ်ရှိ ကိုယ်စားလှယ် ၉၁ ဦးက လက်မှတ်ရေးထိုးပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအကြံပေးကောင်စီကို တင်ပြခဲ့သည်။တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတည်ဆောက်ရန်ကို ၂၀၀၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က အတည်ပြုပေးခဲ့သည်။၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလအတွင် စီမံကိန်းတည်ဆောက်ရန် နှစ်နိုင်ငံအကြား အကြမ်းဖျင်းအားဖြင့် သဘောတူခဲ့သည်။၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက မြန်မာနိုင်ငံ အေ-၁၊ အေ-၃ လုပ်ကွက်ရှိ သဘာဝဓာတ်ငွေ့များကို ရောင်းဝယ်ရေးနှင့် တင်ပို့ခွင့် သဘောတူညီချက်အား တောင်ကိုရီးယား ဒေဝူး နိုင်ငံတကာ ကော်ပိုရေးရှင်း နှင့်လက်မှတ်ရေးထိုးခဲ့သည်။ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် ကနဦးသဘောတူညီခဲ့သည်။၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ တွင် စီမံကိန်း တည်ဆောက်ရန်လည်ပတ်ရန်၊ စီမံခန့်ခွဲမှု စသည့် သဘောတူညီချက်များပါဝင်သော နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။နားလည်မှုစာချွန်လွှာကို မြန်မာစွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့သည် တရုတ်နိုင်ငံဘေဂျင်းမြို့တွင် လတ်မှတ်ရေးထိုးခဲ့သည်။ ထိုပွဲကိုမြန်မာဘက်မှ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ထိုအချိန်က တရုတ်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေသော ရှီကျင့်ဖျင်(လက်ရှိ တရုတ်နိုင်ငံသမ္မတ)တို့က အသိသက်သေအဖြစ် တတ်ရောက်ခဲ့သည်။၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင် စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ် မဒေးကျွန်းတွင် ကျင်းပခဲ့သည်။၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့အကြား အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီလီမီတတ်အတွက် ရှယ်ယာအချိုးအစား သဘောတူညီချက်ကို လတ်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီနှင့်လည်း စီမံကိန်းတာဝန်များ ခွဲဝေခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးပွဲကို ထိုအချိန်က မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်(နောင်တွင် သမ္မတ)နှင့် တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်တို့ တတ်ရောက်ခဲ့သည်။ ထိုနေ့ကို စီမံကိန်းဆောက်လုပ်ရေးစတင်သည့်နေ့အဖြစ် နှစ်ဘက်စလုံးက သဘောတူညီခဲ့သည်။သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုသည် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ပြီးစီးခဲ့သည်။ တည်ဆောက်မှုပြီးစီးပြီး နှစ်လအကြာတွင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်ထုတ်လွှတ်တင်ပို့ခဲ့သည်။ရေနံပိုက်လိုင်းတည်ဆောက်မှုသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရေနံပိုက်လိုင်းကို စတင်လည်ပတ်ပြီး မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းအား စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။သို့သော်၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင်မှ မြန်မာ-တရုတ် ရေနံသယ်ယူပို့ဆောင်ခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ပိုက်လိုင်းစီမံကိန်းတစ်ခုလုံးကို စတင်လည်ပတ်နိုင်ကြောင်း တရားဝင် ကြေညာခဲ့သည်။၃။ စီမံကိန်းအသေးစိတ်အချက်အလက်များက။ တရုတ်–မြန်မာ ရေနံပိုက်လိုင်းပိုက်လိုင်းအရှည်(မြန်မာနိုင်ငံအတွင်း) ၇၇၁ ကီလိုမီတာ(မိုင် ၄၈၀) ပိုက်လိုင်းအရှည်(တရုတ်နိုင်ငံအတွင်း၊ ချုံကင်းအထိ)၁၆၃၁ ကီလိုမီတာ(မိုင် တစ်ထောင်ကျော်) တင်ပို့နိုင်သည့်ပမာဏ(နှစ်စဉ်) တန် ၂၂ သန်း ရုံခွဲအရေအတွက်ငါးခု အကောင်အထည်ဖော်သည့်အဖွဲ့အစည်းများ မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း ဖြတ်သန်းသွားသောဒေသများ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ယူနန်ပြည်နယ် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် စတင်လည်ပတ်သည့်အချိန် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက် ခ။ တရုတ်–မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပိုက်လိုင်းအရှည်(မြန်မာနိုင်ငံအတွင်း) ၇၉၃ ကီလိုမီတာ(မိုင် ငါးရာနီးပါး) ပိုက်လိုင်းအရှည်(တရုတ်နိုင်ငံအတွင်း၊ နန်နင်းအထိ)၁၇၂၇ ကီလိုမီတာ(မိုင် တစ်ထောင်ကျော်) တင်ပို့နိုင်သည့်ပမာဏ(နှစ်စဉ်) ၁၂ ဘီလီယံ ကုဗမီတာ ရုံခွဲအရေအတွက်လေးခု အကောင်အထည်ဖော်သည့်အဖွဲ့အစည်းမြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ စီမံကိန်းဖြတ်သန်းသွားရာဒေသများ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ယူနန်ပြည်နယ် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံနီးပါး စတင်လည်ပတ်သည့်အချိန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် ၄။ ပါဝင်ပတ်သတ်နေသောအဖွဲ့အစည်းများရေနံပိုက်လိုင်းမှာ မြန်မာအစိုးရပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့၏ လုပ်ငန်းခွဲဖြစ်သည့် အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီလီမီတတ်(South-East Asia Pipeline Company Limited-SEAP)တို့ အကြား အကောင်အထည်ဖော်သည့်စီမံကိန်းဖြစ်သည်။တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၏ တရားဝင်ထုတ်ပြန်ချက်အရ CNPC-SEAP ကုမ္ပဏီမှ ၅၀ ဒသမ ၉ ရာခိုင်နူန်းကို ပိုင်ဆိုင်ပြီး MOGE မှာ ၄၉ ဒသမ ၁ ရာခိုင်နူန်းကို ပိုင်ဆိုင်သည်။ ပိုက်လိုင်းလည်ပတ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုတို့ကို ၎င်းကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး တည်ထောင်ထားသည့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ(South-East Asia Crude Oil Pipeline Company Limited-SEAOP)က လုပ်ဆောင်သည်။မြန်မာ-တရုတ် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ CNPC-SEAP၊ MOGE၊ POSCO Daewoo (South Korea), GAIL (India)၊ Korean Gas Corporation (KOGAS)နှင့် ONGC VIDESH (India) တို့ပူးပေါင်း ဆောင်ရွက်သည့်စီမံကိန်းဖြစ်သည်။ အရှေ့အတောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP )ဟူ၍ အမည်ပေးထားပြီး ပိုက်လိုင်းလည်ပတ်မှုနှင့် လုပ်ငန်းစီမံခန့်ခွဲမှုတို့ကိုလုပ်ဆောင်သည်။စီမံကိန်းကာလမှာ နှစ် ၃၀ ဖြစ်သည်။သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ပိုင်ဆိုင်မှု ၅၀ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC-SEAP)က ပိုင်ဆိုင်ပြီး ကိုရီးယားနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှစ်ခုဖြစ်သည့် ဒေဝူးအင်တာနေရှင်နယ်(Daewoo International)ကုမ္ပဏီက ၂၅ ဒသမ ၀၄ ရာခိုင်နှုန်းနှင့် ကိုရီးယားရေနံကော်ပိုရေးရှင်း Korea Gas Corporation(KOGAS)က ၄ ဒသမ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီနှစ်ခုဖြစ်သည့် ONGC ဗွီဒတ်ရှ်ကုမ္ပဏီလီမိတက်က ၈ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် GAIL ကုမ္ပဏီက ၄ ဒသမ ၁၇ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က ၇ ဒသမ ၃၆ ရာခိုင်နှုန်းသာ အကျိုးအမြတ်ပိုင်ဆိုင်မှုရှိသည်။က။ ကုမ္ပဏီအချက်အလက်များ၁။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC)ရွှေသဘာဝဓာတ်ငွေ့ကို ဝယ်ယူခြင်း၊ ပိုက်လိုင်းနှင့် ရေနံစီမံကိန်းအတွက် လိုအပ်သည်တို့ကို ဆောက်လုပ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စများတွင် အဓိကတာဝန်ရှိသူ ဖြစ်သည်။ တရုတ်အစိုးရက ပိုင်ဆိုင်သည့် CNPC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သူဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ယင်းအပြင် နည်းပညာနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာပညာများ၊ စက်ပစ္စည်းကိရိယာများကို ပံ့ပိုးလျက်ရှိသည်။ ဆူဒန်နိုင်ငံရှိ ၎င်း၏ရင်းနှီးမြှုပ်နှံများနှင့်ပတ်သက်၍ အကြီးအကျယ်ဝေဖန်မှုများကို ခံနေရသည်။၂။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)မြန်မာနိုင်ငံ၏ နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတို့ကို အဓိကလုပ်ကိုင်သည်။ ကီလိုမီတာ ၁၉၀၀(မိုင် ၁၂၀၀) ရှည်လျားသည့် ကုန်းတွင်းပိုက်လိုင်းဖြင့် ပြည်တွင်းတွင် သယ်ဆောင်ဖြန့်ဖြူးလျက်ရှိသည်။၃။ ဒေဝူးနိုင်ငံတကာလုပ်ငန်း(Daewoo International)တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းပို့ကုန်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်း၏ အဓိက အစုရှယ်ယာပိုင်ရှင်ဖြစ်သည်။ ၁၉၉၉ ခုနှစ်က ဒေဝူးကော်ပိုရှေးရှင်းသည် ဒေဝါလီခံရပြီးနောက် ပြန်လည်ဖွဲ့စည်းကာ ကြီးထွားလာသည့် လုပ်ငန်းဖြစ်သည်။ ဒေဝူးဉက္ကဋ္ဌသည် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ လိမ်လည်မှု၊ တရားမဝင်ငွေချေးမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတို့အတွက် အဖမ်းမခံရမီ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး နောက်ဆုံးတွင် ဆယ်နှစ်ထောင်ဒဏ်ဆယ်နှစ်အပြစ်ပေးခံရကာ ဒဏ်ငွေလည်း ပေးဆောင်ရသည်။ယခု ဒေဝူးနိုင်ငံတကာလုပ်ငန်းအတွက် တောင်ကိုရီးယားအစိုးရက ပံ့ပိုးပေးခဲ့ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ဓါတ်ငွေ့ရှာဖွေရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀ ထုတ်ချေးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက်က ရွှေစီမံကိန်းအပြင် မော်တော်ယာဉ်စက်ရုံလည်းတည်ဆောက်ထားကာ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်လုပ်ငန်းကို အကျိုးတူလုပ်ကိုင်ခဲ့သလို သတင်းနည်းပညာများကို ပံ့ပိုးခြင်း၊ သစ်ထုတ်လုပ်ငန်းနှင့် အထည်လိပ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဒေဝူးနိုင်ငံတကာလုပ်ငန်း ဥက္ကဋ္ဌမှာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့မှုအတွက် ၂၀၀၇ ခုနစ်၊ နိုဝင်ဘာလက ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။၄။ ONGC Videsh ကုမ္ပဏီလီမိတက်/ OVL(အိန္ဒိယ)အိန္ဒယ၏ နိုင်ငံပိုင် ရေနံနှင့် သယာဝဓာတ်ငွေ့ကော်ပိုရေးရှင်း၏ ပြည်ပလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ၎င်း၏ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ဝေဖန်ခံရမှုများရှိခဲ့ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လစ်ဗျား၊ ယူအေအီး၊ ဗင်နီဇွဲလားနှင့် အာဂျင်တီးနားနိုင်ငံတို့ ပါဝင်သည်။ ယခုစီမံကိန်းသည် ၎င်းအနေနှင့် မြန်မာနိုင်ငံတွင် ပထမဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။၅။ အိန္ဒိယဓာတ်ငွေ့အာဏာပိုင်လုပ်ငန်းလီမိတက်(GAIL)အိန္ဒိယအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များစုဖွဲ့ထားပြီး နိုင်ငံ၏ အကြီးဆုံးဓါတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။၆။ ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်း(KOGAS)တောင်ကိုရီးယားအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စုဖွဲ့ထားသည့် ကုမ္ပဏီဖြစ်သည်။ ယခုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ပထမဉီးဆုံးရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။၅။ သက်ရောက်မှုလေ့လာဆန်းစစ်ချက်များတရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့် လူမှုဘဝထိခိုက်မှုစစ်တမ်းကို ထိုင်းအခြေစိုက်ကုမ္ပဏီ IEM က လုပ်ဆောင်ခဲ့သည်ဟု ကုမ္ပဏီ၏တရားဝင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော်၊ ထိုတွေ့ရှိချက်များကို လူသိရှင်ကြားထုတ်ပြန်ထားခြင်း မရှိပေ။IEM ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာတွင်လည်း တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းနှင့်ပတ်သတ်သော လေ့လာမှုစစ်တမ်းများကို ဖော်ပြထားခြင်းမရှိပေ။ ပိုက်လိုင်းဆိုင်ရာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းစေရေး၊ ပင်လယ်ရေကိုမညစ်နွမ်းစေရေးတို့အတွက်ကိုမူ ကမ္ဘာ့ဘဏ်မှထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။EarthRights International အဖွဲ့က ရရှိခဲ့သည့် CNPC ၏ လူမှုသက်ရောက်မှုအကဲဖြတ်ချက်စစ်တမ်းသည် ပိုက်လိုင်းတလျောက်ရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၃၆၀၀ ကို ကျပန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်တမ်းတွင် စီမံကိန်းနယ်မြေတွင်ပါဝင်သည့် ကျေးရွာများအနေနှင့် စီမံကိန်းကို ကြိုဆိုကြကြောင်း ဖော်ပြထားသော်လည်း EarthRights International အဖွဲ့က ၂၀၀၅ ခုနှစ်နှင့် ၂၀၁၁ နှစ်အတွင်း တွေ့ဆုံမေးမြန်းမှုများတွင် ယင်းသို့ဖြေဆိုသူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရဟုဆိုသည်။EarthRights International အဖွဲ့၏ ၂၀၁၁ ခုနှစ်ကထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြချက်အရ စီမံကိန်းတွင်ပါဝင်သည့် ကုမ္ပဏီများသည် ထိခိုက်ခံရသော ကျေးရွာများနှင့် အဓိပ္ပာယ်ရှိသည့် တိုင်ပင်ဆွေးနွေးခဲ့မှုများ မပြုလုပ်ခဲ့သည့်အပြင် ပြန်လည်နေရချထားမှုအပါအဝင် စီမံကိန်း၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထိုကျေးရွာများထံမှ သိရှိနားလည်မှုဖြင့် ကြိုတင်၍လွတ်လပ်စွာပေးသော သဘောတူခွင့်ပြုချက်ကိုလည်း ရယူခဲ့ခြင်းမရှိဟုဖော်ပြထားသည်။စီမံကိန်းကိုဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကို ရှင်းလင်းစွာအသိမပေးခြင်း၊ မြေတိုင်းတာမှုများလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာသိမ်းဆည်းမှုများ၊ လျော်ကြေးငွေများပေးဆောင်မှုများတွင် မရိုးသားမှုများပါဝင်နေခြင်းများ ရှိခဲ့သလို အတင်းအကျပ် သဘောတူညီမှုရယူခြင်းများ ရှိခဲ့သည်ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။၆။ လူထုတုံ့ပြန်မှုနှင့် နောက်ဆက်တွဲရေနံပိုက်လိုင်းစီမံကိန်းသည် ဖြတ်သန်းသွားရာတလျှောက်ရှိ ဒေသခံများ၏ အပြင်းအထန်ဆန့်ကျင်မှုကို စတင်တည်ဆောက်သည့်ကာလကစ၍ လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်သည်။တပ်မတော်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်ပြီး ပွင့်လင်းမှုများမရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပျက်စီးမှုများနှင့်ပတ်သတ်၍ ထည့်သွင်းစဉ်းစားမှုမရှိ၊ ဒေသခံများအား မြေယာလျော်ကြေး လုံလောက်စွာမပေးသည့်အပြင် အချို့လယ်ယာမြေများကို မတရားသိမ်းဆည်းထားသည်ဟူ၍လည်း လူအခွင့်အရေးဆိုင်ရာလှုပ်ရှားသည့်အဖွဲ့အစည်းများက ဝေဖန်ထားသည်။ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ သောင်းနှင့်ချီသော ဒေသခံများသည် စီမံကိန်းကြောင့် မြေယာများမတရားသိမ်းဆည်းခံရခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပျောက်ဆုံးသွားခြင်း၊ ပိုက်လိုင်းယိုစိမ့်မှုများကြောင့် လုံခြုံရေး စိုးရိမ်ပူပန်နေရခြင်းများ ခံစားနေရသည်။ ထို့အပြင် စီမံကိန်းကိုဆန့်ကျင်ကန့်ကွက်သူများအား ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့ရတတ်သည်ကိုလည်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သည့်အဖွဲ့အစည်းများက မှတ်တမ်းတင်ထားသည်။ ပိုက်လိုင်းများတည်ဆောက်ရေးအတွက် ဒေသခံမြန်မာအလုပ်သမားပေါင်း ငါးသိန်းနီးပါး(၄၈၉၈၂၅) ဦးကို အသုံးပြုခဲ့သည်ဟု ကုမ္ပဏီဘက်ကဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းတို့သည် အလုပ်ကြမ်းများအတွက် နေ့စားအလုပ်သမားအဖြစ် ယာယီငှားရမ်းခြင်းသာဖြစ်သည်။ ပိုက်လိုင်းများတည်ဆောက်ပြီးသွားချိန်တွင် အများစုမှာ အလုပ်မရကြတော့ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC) ၏ အစီရင်ခံစာက ဆိုသည်။ ပိုက်လိုင်းသွယ်တန်းမှုနှင့် ယိုစိမ့်မှုများကြောင့် ရေနှင့် သစ်တောသစ်ပင်တို့အပါအဝင် သဘာဝဂေဟစနစ်ပျက်စီးခြင်းများရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများထံတင်ပြသော်လည်း လျစ်လျူရှုထားသည်များရှိနေကြောင်း အဖွဲ့အစည်းအချို့က ပြောဆိုထားကြသည်။ပိုက်လိုင်းစီမံကိန်းများကြောင့် လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများကို ပြန်လည်ဖြည့်တင်းသည့်အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းမှ တစ်သန်းကြား သုံးစွဲသွားမည်ဖြစ်ကြောင်း ထိုအချိန်က ပြောဆိုခဲ့သည်။ ယင်းအပြင် ကျောက်ဖြူနှင့် မဒေးကျွန်းဒေသတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိစေရန်ကိုလည်း ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု SEAGP ၏ ဒုတိယဥက္ကဋ္ဌ Mr. Li Zhi Lin က ထိုစဉ်က ပြောဆိုခဲ့သည်။ကုမ္ပဏီက ကော်ပိုရိတ်လူမူရေးတာဝန် ခေါင်းစဉ်အောက်တွင် ပိုက်လိုင်းတလျောက်ရှိ ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အတွက် အထောက်အပံ့ပေးရေးအတွက် စီမံကိန်းပေါင်း ၅၄ ခု ပြုလုပ်ပြီး မန္တလေးတိုင်းအတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉၈ သန်း သုံးစွဲပြီးကြောင်း ပြောဆိုထားသည်။တရုတ်-မြန်မာပိုက်လိုင်းကိုစောင့်ကြည့်သူများအဖွဲ့က ပိုက်လိုင်းအကောင်အထည်ဖော်သောကုမ္ပဏီမှာ ပိုက်လိုင်းကြောင့်ဖြစ်ပေါ်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လျစ်လျူရူထားသည်ဟု ပြောဆိုထားသည်။ပိုက်လိုင်းစောင့်ကြည့်သူများနှင့် ဒေသခံများ၏အဆိုအရ ရခိုင်ပြည်နယ်အတွင်း ပိုက်လိုင်းဖြတ်သန်းသွားသောဒေသများတွင် စီမံကိန်းကြောင့် နှစ်စဉ်ရေကြီးမှုများ ပိုမိုဖြစ်ပွားနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ရေအရင်းအမြစ်များ ခြောက်ခန်းလာခြင်း၊ ရာသီဥတုများ ဆိုးရွားစွာပြောင်းလဲလာနေသည်ကို ဒေသခံများက ခံစားနေရကြောင်း ပြောဆိုထားသည်။ပိုက်လိုင်းများတလျောက်တွင် တပ်မတော်တပ်ရင်းများက လုံခြုံရေးရယူထားမှုများ ရှိသလို၊ အခြားတစ်ဖက်တွင် ပိုက်လိုင်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှား၊ အခြေစိုက်ရာ ဒေသများကိုပါ ဖြတ်သန်းသွားသည်။ ပိုက်လိုင်းများအနီးတွင် ကေအိုင်အေ၊ တအန်း စသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အချို့တွင် ဖော်ပြခဲ့သည်။ပိုက်လိုင်းစီမံကိန်းများနှင့်ပတ်သက်၍ လူထုတွင် တရုတ်ဆန့်ကျင်ရေးအမြင်များရှိနေချိန် SEAOP-SEAGP ကုမ္ပဏီသည် တရုတ်ယဉ်ကျေးမှုနှင့် အနုပညာများ ဖြန့်ဝေသည့်ရုပ်ရှင်ပွဲတော်ကို ပိုက်လိုင်းများတလျောက်ရှိ မြို့များတွင် ကျင်းပခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းကြားက ကျင်းပသည့် အဆိုပါ Open Air ရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်ကား သုံးကားကို မြန်မာစကားပြောနောက်ခံဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။Reference:http://www.cnpc.com.cn/en/2016Myanmar/AnnualReport_list.shtmlhttp://www.cnpc.com.cn/en/myanmarcsr/201407/8de2c1f19f2c46e19fcb4afdbc05abf0/files/51ef2416408e480d9ab8d50d675354e2.pdfhttps://earthrights.org/wp-content/uploads/the-burma-china-pipelines.pdfhttps://www.business-humanrights.org/sites/default/files/documents/cnpc-response-re-myanmar-pipeline-5-aug-2013-en.pdfhttps://www.cnpc.com.cn/en/myanmarcsr/201407/f115a1cc6cdb4700b55def91a0d11d03/files/dec09c5452ec4d2ba36ee33a8efd4314.pdfhttps://burmacampaign.org.uk/media/DrawingTheLine.pdfhttps://www.rfa.org/english/news/myanmar/hundreds-in-myanmar-protest-lack-of-payment-for-land-confiscated-for-pipeline-project-03222018133100.htmlhttps://www.globalnewlightofmyanmar.com/seagp-targets-to-spend-us-500000-to-us-1000000-for-csr-in-regions/https://www.irrawaddy.com/news/burma/china-begins-receiving-natural-gas-from-shwe-pipeline.htmlhttps://www.mata-nrg.org/wp-content/uploads/2016/07/In-Search-of-Social-Justice-along-Myanmar-China-Pipeline_English-Version_18012016.pdfhttp://www.cnpc.com.cn/en/myanmarcsr/201705/05b8451aa67e427ea0291debfb6731d7/files/efbe57e880994889bfab2eb70a05980c.pdfhttps://www.business-humanrights.org/sites/default/files/media/documents/daewoo-comprehensive-report-re-shwe-pipeline-dec-2011.pdfhttps://news-eleven.com/article/138942https://www.moi.gov.mm/npe/?q=news/26/05/2017/id-61033https://www.kumudranews.com/news-34251https://pyithu.hluttaw.mm/question-936https://pyithu.hluttaw.mm/question-104https://earthrights.org/wp-content/uploads/the-burma-china-pipelines-burmese.pdfhttp://www.burmalibrary.org/docs07/Corridor_of_PowerSGM-bu.pdfhttps://www.mata-nrg.org/wp-content/uploads/2016/07/In-Search-of-Social-Justice-along-Myanmar-China-Pipeline_Myanmar-Version_18012016.pdfCategories: Economic Security BRI ရန်ကုန်မြို့သစ်စီမံကိန်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)