တရုတ်-မြန်မာ နယ်စပ်ကိစ္စကို ဆွေးနွေးရန် ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ဖဆပလ ဥက္ကဋ္ဌ ဦးနုအား ဘေဂျင်းကိုဖိတ်ကြားခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေး ရချိန် ၁၉၄၈ ခုနှစ်တွင်တည်ရှိသော နယ်စပ်စည်းများအတိုင်း နှစ်နိုင်ငံလက်ခံရန် မြန်မာဘက်က အဆိုပြုသည်။ တရုတ်ဘက်ကမူ အချက်လေးချက်ကို အဓိကထား၍ တောင်းဆိုသည်။ ၎င်းအချက်များမှာ (က) မြောက်ပိုင်းရှိ မက္ကမဟွန်မျဉ်းကြောင်းအစိတ်အပိုင်းအပါအဝင် အစဉ်အလာမျဉ်းကြောင်းကိုလက်ခံရန်၊ (ခ) နမ္မဝမ်ဒေသအား အငှားချထားခြင်းကို ပယ်ဖျက်ရန်၊ (ဂ) ၁၉ ၄၁ မျဉ်းကြောင်းကို အတည်ပြုပေးရန်၊ (ဃ) ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန်ရွာသုံးရွာကို တရုတ်သို့ ပြန်ပေးရန်တို့ဖြစ်သည်။သို့သော် ဆွေးနွေးမှုများအပြီးတွင် ဘေဂျင်းအနေနှင့် နယ်စပ်ကိစ္စကို ပိုနေမြဲကျားနေမြဲအတိုင်း လက်ခံပြီး စောစောပိုင်းတောင်းဆိုမှုအများစုကို စွန့်လွှတ်ပေးခဲ့သည်။ တရုတ်တပ်ကို ၁၉၄၁ မျဉ်းကြောင်းအရှေ့ဘက်သို့ ဆုတ်ခွာပေးရန် သဘောတူခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီသည် ယင်းကိစ္စနှင့်ပတ်သက်၍ အများ၏သဘောတူညီချက်ရရန် ကြိုးစားခဲ့ရသည်။ ၁၉၅၇ ခုနှစ်၊ မတ်လတွင်ကျင်းပသည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် ဒုတိယအမျိုးသားကော်မတီ၏ တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးနှင့် ယူနန်ကော်မတီက ပြုလုပ်သည့် ညီလာခံတခုတွင် မြန်မာ-တရုတ်နယ်စပ်ပြဿနာများကို ချူအင်လိုင်းက အသေးစိတ်ပြောပြကာ ဘေဂျင်း၏အလျော့ပေးမှုအပေါ် ယူနန်ပြည်သားများ၏ မကျေနပ်ဖြစ်နေမှုကိုလျော့ချရန် ကြိုးပမ်းခဲ့ရသည်။သို့သော် နယ်စပ်ပြဿနာသည် ၁၉၅၈ ခုနှစ်အထိ သဘောတူညီချက်မရခဲ့ပေ။ မြန်မာနိုင်ငံတွင် ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲမှုကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သော အိမ်စောင့်အစိုးရ လက်ထက်(၁၉၅၈-၁၉၆၀)တွင် နယ်စပ်ပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ကချင်နှင့် ရှမ်းခေါင်းဆောင်များကို သိမ်းသွင်းနိုင်ခဲ့သည်။ကိုးကား –Modern China-Myanmar Relations by David I. Steinberg and Hongwei FanIn the Name of Pauk-Phaw by Maung Aung Myo တရုတ်၏ကျူးကျော်မှုနယ်နိမိတ်ပြဿနာပြေလည်ခြင်း