တရုတ်နှင့် မြန်မာအကြား နယ်နိမိတ်အငြင်းပွားလျက်ရှိသည်မှာ နှစ်ရှည်ကြာခဲ့သည်။ ကူမင်တန်အစိုးရက ဟူးကောင်းချိုင့်ဝှမ်းအပါအတွင် မြစ်ကြီးနားနှင့် ဗန်းမော်ဒေသတို့အထိပင် တရုတ်ပိုင်နယ်မြေများအဖြစ် တောင်းဆိုသတ်မှတ်ခဲ့ကြသည်။ မြန်မာပိုင်နယ်မြေများကို တရုတ်နိုင်ငံအဖြစ် ထည့်သွင်းဖော်ပြသည့် မြေပုံတို့ကိုလည်း ထုတ်ဝေခဲ့သည်။ ယင်းက လွတ်လပ်ပြီးစ မြန်မာနိုင်ငံအစိုးရအတွက် ခေါင်းခဲစေခဲ့သည့် ကြိမ်မီးအုံးပြဿနာတစ်ရပ်ဖြစ်သည်။တရုတ်-မြန်မာ နယ်နိမိတ်နှင့်ပတ်သက်၍ ၁၈၉၄ နှင့် ၁၈၉၇ ခုနှစ်တို့တွင် ချုပ်ဆိုထားသည့်စာချုပ်နှစ်ခုရှိသည်။ ၁၉၈၄ ခုနှစ်စာချုပ်တွင် နမ်ဝမ်ဒေသကို တရုတ်ပိုင်အဖြစ် ဗြိတိသျှတို့က အသိအမှတ်ပြုသော်လည်း ၁၈၉၇ ခုနှစ်စာချုပ်တွင် နမ်ဝမ်ဒေသသည် တစ်နှစ်လျှင် ရူပီးငွေ တစ်ထောင်ဖြင့် ရာသက်ပန်အငှားချထားနယ်မြေဖြစ်လာသည်ျ။ နမ်ဝမ်ဒေသသည် နမ်ဝမ်မြစ်နှင့် ရွှေလီမြစ်ဆုံရာတွင် တည်ရှိသည်။ မိုင်းမောတြိဂံဒေသဟူ၍လည်း ခေါ်သည်။ ၁၉၄၁ ခုနှစ်တွင် တရုတ်-မြန်မာ နယ်နိမိတ်ရှိ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့အား ပိုင်းခြားချုပ်ဆိုသည့် စာချုပ်ကို ထပ်မံ၍ ပြင်ဆင်ချုပ်ဆိုခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ငှားရမ်းခငွေကို တရုတ်ဘက်မှ လက်မခံလိုတော့ရာမှ နယ်နိမိတ်ပြဿနာသည် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ငှားရမ်းခငွေကို ပေးချေခြင်းမပြုခဲ့သောကြောင့် စာချုပ်သည် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရုတ်ဘက်က အကြောင်းပြသည်။၁၉၄၇ ခုနှစ်တွင် ကူမင်တန်အစိုးရသည် မြစ်ကြီးနားမြောက်ဘက်ပိုင်းကို တရုတ်ပိုင်နယ်မြေများအဖြစ် တောင်းဆိုခဲ့သည်။နှစ်နှစ်အကြာတွင် တရုတ်နိုင်ငံ၌ ကွန်မြူနစ်တို့က အောင်ပွဲခံလာခဲ့ပြီး ကူမင်တန်တို့သည် နိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့သော်လည်း နယ်နိမိတ်ပြဿနာသည် ဆက်လက်ကျန်ရှိနေခဲ့သည်။တရုတ်သိပ္ပံပညာအကယ်ဒမီအဖွဲ့၊ ပထမသိပ္ပံကျောင်းမှထုတ်ဝေသော တရုတ်နိုင်ငံပထဝီဝင်မြေပုံတွင် မြစ်ကြီးနားမြို့မြောက်ဘက် မိုင် ၅၀ အထက်ရှိ ကချင်ဒေသကို တရုတ်ပိုင်နယ်မြေများအဖြစ် ဖော်ပြထားသည်။ ယင်းကို မြန်မာအစိုးရက ကန့်ကွက်သည့်အခါ ကူမင်တန်အစိုးရဟောင်းလက်ထက်က ရေးဆွဲခဲ့သည့်မြေပုံများအဟောင်းများဖြစ်ပြီး ပြန်လည်မပြင်ဆင်နိုင်သေးသောကြောင့် ထိုသို့ဖြစ်ရသည်ဟု တရုတ်နိုင်ငံဘက်က ဆိုသည်။ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနုသည် ကချင်ပြည်နယ်ဝန်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်နှင့်အတူ နယ်နိမိတ်ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဖိမော်၊ ဂေါ်လန်နှင့် ကန်ဖန် စသည့် ကချင်ရွာ သုံးရွာကို ပေးရန် တရုတ်ဘက်က တောင်းဆိုသည်။ မိုင်းမောတြိဂံဒေသကို မြန်မာဘက်သို့ပေးရန်အသင့်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ယင်းအတွက် အစားထိုးအဖြစ် ဝနယ်အတွင်းမှ ၁၉၄၁ မျဉ်းကြောင်းနှင့်ကပ်လျက်ရှိသော နယ်မြေအချို့ကို တရုတ်သို့ပေးရမည်ဟု ဆိုသည်။နယ်နိမိတ်တိုင်းထွာရေး၊ နယ်ခြားမှတ်တိုင်စိုက်ထူရေး၊ နယ်နိမိတ်စာချုပ်ချုပ်ဆိုရေးတို့အတွက် နှစ်နိုင်ငံမှကိုယ်စားလှယ်ညီတူမျှတူပါဝင်သည့် ပူးတွဲကော်မတီကို ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်။မြန်မာအဖွဲ့တွင် တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ် အောင်ကြီးက ဦးဆောင်သည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း၊ ဗိုလ်မှူးချုပ် မောင်မောင်ကျော်ဝင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းဝန် ဦးရှမ်းလုံ၊ နယ်ခြားဒေသအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး စောမြင့်၊ ရှမ်းပြည်မြောက်ပိုင်း တိုင်းမင်းကြီး ဦးခွန်အုန်းကြာတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ဗိုလ်မှူးကြီးနှစ်ဦး၊ နယ်ခြားဒေသတွဲဘက်အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှူးတို့က အကြံပေးအဖွဲ့ဝင်များဖြစ်သည်။တရုတ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဦးဆောင်သည်။နယ်နိမိတ်ပြဿနာဖြေရှင်းခြင်းအတွက် ‘ဘဘစစ်ဆင်ရေး’ ဟု အမည်ပေးခဲ့ကြပြီး နှစ်နိုင်ငံ ပူးတွဲမြေတိုင်းအဖွဲ့လေးဖွဲ့ဖြင့် လပေါင်းများစွာ မြေတိုင်းတာမှုများဆောင်ရွက်ခဲ့ကြသည်။ ၁၉၆၀ နှင့် ၁၉၆၁ ခုနှစ်တို့ထဲတွင် နယ်ခြားမှတ်တိုင် ကျောက်တိုင် ၄၀၂(ငယ်၊ လတ်၊ ကြီး) ကို စိုက်ထူခဲ့ကြသည်။နယ်နိမိတ်တိုင်းထွာခြင်းနှင့် နယ်ခြားကျောက်တိုင်စိုက်ထူခြင်းအတွက် မြန်မာဘက်မှ အသုံးစရိတ် ကျပ်သိန်း ၆၀ ကုန်ကျခဲ့သည်။ တပ်မတော်သားများ၊ မြေတိုင်းစာရေးများနှင့် အရပ်သားများ စုစုပေါင်း လူအင်အား ၅၅၀၀ ကို အသုံးပြုခဲ့သည်။ ယင်းအပြင် သယ်ယူပို့ဆောင်ရေးအတွက် တောင်ပေါ်ဒေသသားများအပါအဝင် နောက်ထပ်လူအင်အား ၆၅၀၀ ကျော်နှင့် မော်တော်ယဉ် တစ်ထောင်ကျော်နှင့် လား ငါးထောင်ကျော်ကိုလည်း သုံးစွဲခဲ့သည်။ လား ၁၀၅ ကောင် သေဆုံးခဲ့ပြီး ၂၅ ကောင် ပျောက်ဆုံးခဲ့သည်။နယ်နိမိတ်တိုင်းတာခြင်းနှင့် နယ်ခြားကျောက်တိုင်စိုက်ထူခြင်းကိစ္စ၌ နယ်စပ်တွင် ပုန်းခိုလျက်ရှိသော ကူမင်တန်တရုတ်ဖြူအကြွင်းအကျန်များနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ နာဖျားခြင်းတို့ကြောင့် လူ ခုနစ်ဦးသေဆုံးခဲ့သည်။၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်မှ ကိုယ်စားလှယ်အဖြစ် ဝန်ကြီးချုပ် ချူအင်လိုင်းကလည်းကောင်း၊ မြန်မာနိုင်ငံတော်ကိုယ်စားလှယ်အဖြစ် ဝန်ကြီးချုပ် ဦးနုကလည်းကောင်း ဆောင်ရွက်ပြီး တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်ကို ဘေဂျင်းမြို့တော်ရှိ လွှတ်တော်အဆောက်အဦး ပြည်သူ့ခန်းမဆောင်တွင် လက်မှတ်ရေးထိုးကြသည်။ ထိုသို့ဖြင့် နှစ်ပေါင်း ၁၀၀ ကျော် အဆုံးမသတ်နိုင်ခဲ့သည့် နယ်နိမိတ်ပြဿသည်လည်း ပြီးဆုံးသွားခဲ့သည်။စာချုပ်အရ ကချင်ရွာသုံးရွာဒေသရှိ စတုရန်းမိုင် ၅၉ မိုင်နှင့် ဝနယ်ရှိ စတုရန်းမိုင် ၇၃ ကို တရုတ်ဘက်သို့ ပေးရသည်။ နမ်ဝမ်ဒေသရှိ စတုရန်းမိုင် ၈၅ မိုင်ကို မြန်မာက ရရှိသည်။ ယင်းအပြင် ကျေးရွာလေးရွာကို မြန်မာက ရရှိကာ နှစ်ရွာကို တရုတ်က ရရှိသည်။ မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ စတုရန်းမိုင် ၅ မိုင်ကို မြန်မာက ရရှိပြီး အရှေ့ပိုင်းရှိ စတုရန်းမိုင် နှစ်မိုင်ကို တရုတ်က ရရှိသည်။ကိုးကား –Modern China-Myanmar Relations by David I. Steinberg and Hongwei FanIn the Name of Pauk-Phaw by Maung Aung Myoတပ်မတော်သမိုင်း – စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး နယ်နိမိတ်ပြဿနာဗိုလ်ချုပ်ကြီး နေဝင်း၏ ခရီး