ISP China Desk

ဝန်ကြီးချုပ် ချူအင်လိုင်း၏ ဖိတ်ကြားချက်အရ ဦးနုသည် ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ တရုတ်ပြည်သို့ သွားရောက်ပြီး နှစ်နိုင်ငံနယ်စပ်ပြဿနာနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လူမျိုးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဝန်ကြီးချုပ် ဦးနု၏ ပထမဆုံးတရုတ်နိုင်ငံခရီးစဉ်ဖြစ်သည်။

လာရောက်လည်ပတ်ရခြင်းရည်ရွယ်ချက်သုံးခုရှိကြောင်း ဦးနုက ပြောဆိုသည်။

၁။ ရှေးဦးစွာ တရုတ်အမျိုးသားခေါင်းဆောင်ကြီးများနှင့် တရုတ်အမျိုးသားလူထုကြီးတစ်ရပ်လုံးသည် နိုင်ငံသစ်၊ လူမျိုးသစ်တည်ဆောက်ရာ၌ မည်သို့မည်ပုံ တည်ဆောက်လုပ်ကိုင်ကြသည်ကို လေ့လာကြည့်ရှုရန်၊

၂။ ကျွန်ုပ်ချစ်ခင်လေးစားရသည့် မိတ်ဆွေကြီး ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် ပိုမိုရင်းနှီးသည်ထက်ရင်းနှီးသော မိတ်ဆွေအဖြစ် ရောက်ရှိရန်နှင့် အခြားတရုတ်အမျိုးသားခေါင်းဆောင်ကြီးများနှင့်ပါ ရင်းနှီးသော မိတ်ဆွေများဖြစ်ရန် အခွင့်အရေးယူလိုခြင်း၊

၃။ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရင်းနှီးသော မိတ်ဆွေနိုင်ငံများအဖြစ် ပေါင်းသင်းနိုင်ရေးအတွက် ခိုင်မာသော အုတ်မြစ်ချနိုင်ရန် ရည်ရွယ်ကြောင်း ပြောဆိုခဲ့သည်။

ခရီးစဉ်တွင် မပြီးပြတ်သေးသည့် နှစ်နိုင်ငံနယ်နိမိတ်ပြဿနာကို သင့်တင့်လျောက်ပတ်တော့ကာလ၌ သင့်လျော်သော သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းသွားမည်ဆိုသည့် ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် မြန်မာ့ဆန်နှင့် တရုတ်ကုန်ပစ္စည်းများလဲလှယ်ရန် စာချုပ်တစ်ခုနှင့် တရုတ်က မြန်မာ့ဆန်တန်ချိန် ၁၅၀၀၀၀ ဝယ်ယူရန် နှစ်နိုင်ငံစာချုပ်ချုပ်ဆိုထားသည်။ ထိုအချိန်တွင် ဦးနု၏ခရီးစဉ်မှာ နှစ်နိုင်ငံကြားစီးပွားရေးဆက်ဆံမှုကို မြင့်စေခဲ့သည်။ ဝန်ကြီးချုပ်နှစ်ဦးစလုံးက တရုတ်-မြန်မာ လေကြောင်းလိုင်းဖွင့်ရန်၊ ကုန်လမ်းပို့ဆောင်ရေးပြန်စရန်၊ စာပို့တိုက်သဘောတူညီချက်များပါဝင်ရန် သဘောတူခဲ့ကြသည်။

၁၉၅၄ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးအရွေ့မှာ နိုင်ငံရေးဆက်ဆံမှုကိုမြှင့်တင့်ရန်ဟု မှတ်ယူနိုင်သလို နိုင်ငံရေးဖိအားပေးမှုအဖြစ်လည်း မှတ်ယူနိုင်သည်။ သို့သော် တရုတ်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်ရာတွင် မြန်မာနိုင်ငံထက် အရည်အသွေးသာလွန်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ၏လိုအပ်ချက်ကို တရုတ်နိုင်ငံ၏ပို့ကုန်ဖြင့် အလွယ်တကူဖြည့်ဆည်းပေးနိုင်သည်။ မြန်မာနိုင်ငံ၏ပို့ကုန်မှာမူ တရုတ်နိုင်ငံ၏ သွင်းကုန်လိုအပ်ချက်နှင့် လိုက်ဖက်မှုမညီပါဟု တရုတ်သံရုံးကဖော်ပြခဲ့သည်။

ခရီးစဉ်တွင် ပါဝင်ကြသူများ

ဝန်ကြီးချုပ်ကတော် ဒေါ်မြရီ၊ တရားလွှတ်တော်ချုပ် တရားသူကြီး သတိုးမဟာသရေစည်သူ ဦးမြင့်သိန်း၊ ဝန်ကြီးချုပ်၏အတွင်းဝန်နှင့် ဝန်ကြီးများအဖွဲ့အတွင်းဝန် သရေစည်သူ ဦးဝင်းဖေ၊ ဝန်ကြီးချုပ်၏ စီမံကိန်းအတွင်းဝန် ဦးသန့်၊ ဗိုလ်မှူးကြီး အောင်ကြီး၊ ဝန်ကြီးချုပ်၏ ကိုယ်ရံတော် ဗိုလ်ကြီး ပြည်စိုး၊ ဝန်ကြီးချုပ်၏အတွင်းရေး အတွင်းဝန် ဒေါ်ခင်စု၊ မဏ္ဍိုင်သတင်းစာ အယ်ဒီတာချုပ် ဦးလှကြည်၊ နယူးတိုင်းမ်သတင်းစာ အယ်ဒီတာချုပ် ဦးဖေတင်နှင့် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ် ဦးစိုးမောင်တို့ ဖြစ်သည်။

ဝန်ကြီးချုပ်၏ ခရီးစဉ်သည် ၁၇ ရက်ကြာမြင့်ခဲ့ပြီး ကွမ်တုန်း၊ ဟန့်ခို၊ ဘေဂျင်း၊ ဆန်ရန်၊ ချန်ချွင်း၊ အန်းဆန်း၊ တာ့လျန်၊ နန်ကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး စသည့် မြို့များသို့ လှည့်လည်ခဲ့ကြပြီး ကွမ်တုန်းမှတဆင့် မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသည်။ 

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် – ဝင်းဝင်းသန်း(ဘာသာပြန်)