စာတမ်းခေါင်းစဉ် – “Jagged Sphere: China’s Quest for Infrastructure and Influence in Mainland Southeast Asia“ရေးသားသူ – Greg Raymondထုတ်ဝေသည့်အဖွဲ့ – Lowy Instituteထုတ်ဝေသည့်ခုနှစ် – ၂၀၂၁၊ ဇွန်စာတမ်းအပြည့်အစုံရယူရန် – Jagged Sphere: China’s Quest for Infrastructure and Influence in Mainland Southeast Asia မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သလို မဲခေါင်အဖွဲ့၀င် နိုင်ငံတွေလည်း ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုက နိုင်ငံရေးအရရော စီးပွားရေးအရပါ သမိုင်းတလျှောက် အများအပြား ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်မှာ ‘လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး’ ကို ကျင်းပခဲ့ပြီး သြဂုတ်မှာ မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနဲ့ ပြည်သူ့ကျန်းမာရေး ကဏ္ဍတွေမှာ အကူအညီ ပေးအပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပိုးလမ်းမ အစီအမံအောက်မှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အခြေခံ အဆောက်အဦတွေ၊ စက်မှုဇုန်ကြီးတွေ၊ အမြန်လမ်းမတွေ၊ မီးရထားလမ်းတွေ၊ ရေနက်ဆိပ်ကမ်းတွေ စသဖြင့် တည်ဆောက်ကာ ကုန်းလမ်း၊ ရေလမ်းကြောင်း ကွန်ရက်များ ချိတ်ဆက်ပြီး ဒေသတွင်း စီးပွားရေးအရ လွှမ်းမိုးမှုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း ပဟေဠိ ဖြစ်ဖွယ် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို မဲခေါင်ဒေသတွင်းမှာ အများအပြား မြင်လာရပါတယ်။ ဒါကြောင့် အဲဒီ စီမံကိန်းတွေဟာ မဲခေါင်ဒေသအပေါ် စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင် နိုင်ဖို့အတွက် တရုတ်ရဲ့ အရေးပါသော လမ်းကြောင်းတခုအဖြစ် ပါလာနိုင်သလားဆိုတဲ့ အကြောင်းအရာကို ဆန်းစစ် လေ့လာ ထားတဲ့ သုတေသန အစီရင်ခံစာ တစောင်ကို မိတ်ဆက်ပေးပါမယ်။၂၀၂၁ ခုနှစ် ဇွန်မှာ Lowy Institute က ထုတ်ဝေခဲ့တဲ့ “Jagged Sphere: China’s Quest for Infrastructure and Influence in Mainland Southeast Asia” သုတေသန အစီအရင်ခံစာမှာ အထက်ဖော်ပြပါ အကြောင်းအချက်တွေကို ဆွေနွေးထားပါတယ်။ အစီရင်ခံစာကို ခေါင်း စဉ်ခွဲခြောက်ခုနဲ့ ရေးသားထားပြီး မဲခေါင်ဒေသတွင်း တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ အခြေခံ အဆောက်အဦနဲ့ အထူးစီးပွားရေးဇုန်ကဏ္ဍတွေကို အဓိကလေ့လာခဲ့ပြီး တွေ့ရှိချက်သုံးရပ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်တွေက –၁။ မဲခေါင်ဒေသတွင်း အခြေခံအဆောက်အဦဆိုင်ရာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေဟာ တရုတ်ရဲ့ ဒေသတွင်း အင်အားလွှမ်းမိုးမှု စက်ဝန်းကို ပံ့ပိုးပေးနေပါ တယ်။ ၂။ ဖွံ့ဖြိုးဆဲဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဖွံ့ဖြိုးမှု အတန်အသင့်ရှိကြတဲ့ ထိုင်း၊ ဗီယက်နမ် တို့အပေါ် မူတည်ပြီး မဲခေါင်ဒေသတွင်း တရုတ်ရဲ့ အင်အား လွှမ်းမိုးနိုင်စွမ်းဟာ ကွာခြားမှု ရှိပါတယ်။၃။ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ရှိကြတဲ့ ဘိုတန်၊ ရွှေကုက္ကို မြို့သစ်စီမံကိန်းတွေလို အထူးစီးပွါးရေးဇုန်တွေဟာ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်း တို့ကို အဓိက ပုံဖော်ပေးနေပါတယ်။ ဒါ့ကြောင့် အစီရင်ခံစာမှာ ပါဝင်တဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တချို့အပါအဝင် မြန်မာနိုင်ငံနဲ့ ဆီလျော်မယ့် အကြောင်းချင်းရာတွေကို ထုတ်နုတ်မိတ်ဆက်ပါမယ်။ မဲခေါင်မြစ်ဝှမ်းဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှု လမ်းကြောင်းသုံးသွယ်ကို ကြည့်တဲ့အခါ (၁) ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ (၂) အခြေခံအဆောက်အဦနဲ့ ဆက်သွယ်ရေး၊ (၃) အထူးစီး ပွားရေးဇုန်ဆိုပြီး မြင်နိုင်ပါတယ်။ ဒီလမ်းကြောင်းသုံးသွယ်ကို တခုချင်း ဖော်ပြပါမယ်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမဲခေါင် ဒေသတွင်း နိုင်ငံတွေအပေါ် စီးပွားရေးအရ တရုတ်ရဲ့ အင်အားလွှမ်းမိုးမှုကို ဆန်းစစ်ရာမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ ကဏ္ဍရပ်တွေဟာ အရေးပါပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ အင်အားလွှမ်းမိုးမှုအပေါ် အဓိက အဆုံးအဖြတ် ဖြစ်နိုင်လောက်တဲ့ အကြောင်းအရာမဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဆိုပါတယ်။ မဲခေါင်ဒေသအတွက် တရုတ်ဟာ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေလည်း အများအပြား လုပ်ထားပါ တယ်။ သတိပြုစရာတခုက ကမ္ဘောဒီးယား၊ ထိုင်းစတဲ့ နိုင်ငံတွေဟာ တရုတ်နိုင်ငံထက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ပဲ ကုန်သွယ်မှုပမာဏ ပိုများနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံ ၁၀ နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းပဲ တရုတ်နဲ့ ကုန်သွယ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးအရ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ထက် အခြေခံအဆောက်အဦ (Infrastructure) ကဏ္ဍ၊ ဆက်သွယ်ရေး (Connectivity) ကဏ္ဍတို့မှာ ရှိနေတာကို ပိုပြီး ဂရုပြုဖို့ လိုအပ်တာကို အစီရင် ခံစာမှာ ထောက်ပြခဲ့ပါတယ်။ အခြေခံအဆောက်အဦနှင့် ဆက်သွယ်ရေး မဲခေါင်ဒေသတွင်း နိုင်ငံများဟာ အခြေခံ အဆောက်အဦ လိုအပ်ချက် များပြားပေမဲ့လည်း အဲဒီကဏ္ဍကို အခြေပြုပြီး ပထဝီနိုင်ငံရေးနဲ့ စီးပွားရေး လွှမ်းမိုးမှုများ တည်ဆောက်ဖို့ တရုတ်အတွက် မလွယ်ကူနိုင်ဘူးလို့ အစီရင်ခံစာမှာ ဆိုပါတယ်။ အကြောင်းရင်းက ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာစတဲ့ နိုင်ငံတွေအကြား အခြေခံ အဆောက်အဦဆိုင်ရာ မဟာဗျူဟာ စဉ်းစားချက်တွေ မတူတာကြောင့် ဖြစ်ပါတယ်။ ပြီးတော့ မဲခေါင်ဒေသတွင်း အခြေခံအဆောက်အဦတွေ ချိတ်ဆက်နိုင်ရေး ကဏ္ဍမှာ ဂျပန်လို အခြားအာရှအင်အားကြီးနိုင်ငံတခုရဲ့ ပံ့ပိုးမှုလည်း အမြောက်အများ ရှိနေပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ ပထဝီနည်းအရ နီးစပ်မှုရှိပေမဲ့ အကန့်အသတ်များစွာ ရှိနေသလို စီးပွားရေး နည်းအရ ဆန့်ကျင်မှု အများအပြားကိုလည်း ကြုံနေရပါတယ်။ ဒါကြောင့်ပဲ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦနဲ့ ဆက်သွယ်ရေး အစရှိတဲ့ ကဏ္ဍနှစ်ခုထက် အထူးစီးပွားရေးဇုန် စီမံကိန်းတွေမှာ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးနိုင်စွမ်းက ပိုပြီး ထင်ရှား မြင်သာတယ်လို့ အစီရင်ခံစာမှာ ပြောခဲ့ပါတယ်။ အထူးစီးပွားရေးဇုန်မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံကနေ လာရောက်လုပ်ကိုင်နေတဲ့ “ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း”ဟာ ယူနန်ပြည်နယ်ကို ရေနံတင်ပို့ရာမှာ အဓိက ကျပါတယ်။ ဒီအထူးစီးပွားရေးဇုန် မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေ ပါဝင်ပြီး လက်ရှိမှာလည်း တရားဝင်လုပ်ကိုင်နေပါတယ်။ နောက်တခုက ရပ်ဝန်းလမ်းကြောင်းစီမံကိန်း (BRI) အောက် မှာ ရှိမနေတဲ့ “ရွှေကုက္ကို မြို့သစ်စီမံကိန်း” ဖြစ်ပါတယ်။ တရားမဝင် လောင်းကစားလောကနဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ “ရွှေကုက္ကို မြို့သစ်စီမံကိန်း”လို ပုဂ္ဂလိကပိုင်စီမံကိန်းတွေကလည်း အထူးစီးပွားရေးဇုန်များအဖြစ် အကောင်အထည် ဖော်နေ ကြတာ ဖြစ်ပါတယ်။ “ရွှေကုက္ကို မြို့သစ်စီမံကိန်း” ဟာ ကရင်ပြည်နယ် မြဝတီမြို့အနီး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ နယ်မြေမှာ Myanmar Yatai International Trading Co.Ltd က အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းရဲ့ အရွယ်အစားဟာ စီမံကိန်း အနီးဝန်းကျင်မှာ ရှိနေတဲ့ လူဦးရေ တသိန်းကျော်လောက် အတွက် အလုပ်အကိုင်ရနိုင်ပြီး ၂၀၂၇ ခုနှစ်အရောက်မှာ တရုတ်နိုင်ငံက တရုတ်လူမျိုး တသန်းခန့် အမြဲတမ်း လာရောက်နေထိုင် လုပ်ကိုင်နိုင်စေဖို့ ဒီဇိုင်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရွှေကုက္ကိုစီမံကိန်းဟာ လုပ်ငန်း ပြန်လည်လည်ပတ်နေပြီ လို့မီဒီယာတွေမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ “ရွှေကုက္ကို မြို့သစ် စီမံကိန်း” လိုမျိုး မူးယစ်နဲ့ လောင်းကစား အခြေခံ မြို့သစ်စီမံကိန်းတွေဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာလည်း အရင်ကတည်း က ရှိခဲ့ဖူးပါတယ်။ အဲဒီနိုင်ငံတွေမှာ ကာစီနိုရုံတွေ၊ ရေနက်ဆိပ်ကမ်းတွေ၊ နိုင်ငံတကာ လေဆိပ်တွေ ပါဝင်ကြတဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေနဲ့လည်း ပုံစံတူကြသလို စီးပွားရေး အရလည်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းရှင် အချင်းချင်းအကြား ချိတ်ဆက်မှု များစွာ ရှိနေကြတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ ဒါကြောင့် မဲခေါင်ဒေသတွင်း တရုတ်က အဓိကလွှမ်းမိုးထားနိုင်တဲ့ အရာတွေဟာ ဒေသတွင်းမှာ အကောင်အထည် ဖော်လျက်ရှိနေတဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းတွေ ဖြစ်လာလိမ့်မယ်လို့ အစီရင်စာက ထောက်ပြပါတယ်။ အနှစ်ချုပ်ဆိုရရင် တရုတ်ရဲ့ လမ်း၊ တံတား အခြေခံအဆောက်အဦများ ကွန်ရက် ချိတ်ဆက်ရေးဟာ မဲခေါင်ဒေသမှာ ထင်သလောက် မအောင်မြင်ပါဘူး။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာလုပ်နေတဲ့ “ရွှေကုက္ကို မြို့သစ်စီမံကိန်း” လိုမျိုး နယ်မြေဧရိယာကျယ်ပြန့်တဲ့ အထူး စီးပွားရေးဇုန် အများအပြားကို မဲခေါင်ဒေသမှာ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ စီမံကိန်းတွေကို ချိတ်ဆက်ခြင်းအားဖြင့်လည်း မဟာဗျူဟာ အားသာချက် တခု ဖြစ်တာကြောင့် မဲခေါင်ဒေသတွင်း တရုတ်ရဲ့ အင်အားလွှမ်းမိုးမှု ပုံစံတခု ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ မဲခေါင်ဒေသမှာ ထိုင်းနဲ့ ဗီယက်နမ်တို့လို စီးပွားရေး အတန်အသင့်ကောင်းမွန်ပြီး အခြားအင်အားကြီးနိုင်ငံတွေနဲ့လည်း ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတွေဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို သတိကြီးစွာ ထားနေကြပါတယ်။ မြန်မာနိုင်ငံဟာလည်း တရုတ်နဲ့ ပတ်သက်ပြီး အမြဲတစေ သံသယရှိနေခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေ အနေနဲ့က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရဖို့ တရုတ်နဲ့ မိတ်ဝတ်မပျက် ဆက်ဆံနေသလို အာဆီယံနိုင်ငံတွေကိုလည်း ပိုပြီးအားထားမယ့် သဘောရှိပါတယ်။ ဒါကြောင့် လက်တွေ့မှာ မဲခေါင်ဒေသတွင်း တရုတ်ရဲ့ စီးပွားရေးအရ အင်အား လွှမ်းမိုးမှု စက်ဝန်းဟာ ထိရောက်အောင်မြင်ဖို့ ခက်ခဲနေဦးမယ်(Jagged) လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်တွင် Lowy Institute မှ ထုတ်ဝေပြီး Greg Raymond ရေးသားခဲ့သော “Jagged Sphere: China’s Quest for Infrastructure and Influence in Mainland Southeast Asia“ သုတေသန အစီရင်ခံစာကို လင်းထက်အောင်က မိတ်ဆက်တင်ပြခြင်းဖြစ်ပါသည်။ လင်းထက်အောင်သည် ISP-Myanmar ၏ Research Assistant တဦး ဖြစ်ပါသည်။ ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်းလူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များအပေါ် သက်ရောက်နေသည့် တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများ