ISP China Desk

ဝန်ကြီးချုပ် ဦးနု၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်းသည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် ရန်ကုန်သို့ အလည်အပတ်လာရောက်သည်။ ချူအင်လိုင်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။ ခရီးစဉ်တွင် ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရန် စသည့် အချက်ငါးချက်ကို သဘောတူညီကာ ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

၁၉၅၄ ခုနှစ် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

၁၉၅၄ ခုနှစ် နောက်ပိုင်းတွင် တရုတ်သည် နိုင်ငံခြားရေးပေါ်လစီအသစ်ကို တည်ဆောက်လာသည်။

၁၉၄၉ ခုနှစ်က အာဏာရလာချိန်တွင် “တဖက်ယိမ်း” နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးခဲ့သည်။ သို့သော် ၁၉၅၀ ပြည့်နှစ်အလွန်တွင် ပြည်တွင်းလိုအပ်ချက်များနှင့် နိုင်ငံတကာပတ်ဝန်းကျင်အခြေအနေများက ဘေဂျင်း၏သဘောထားကို ပြောင်းလဲလိုက်သည်။ ဘေဂျင်းသည် နိုင်ငံခြားရေးပေါ်လစီတွင် အမျိုးသားအကျိုးစီးပွားကို အလေးပေးလာသည်။ တရုတ်ပေါ်လစီသည် အာရှတိုက်အတွင်းမှ အနောက်၏ သြဇာအရှိန်အဝါကို မောင်းထုတ်ခြင်းမှ တဖြေးဖြေးပြောင်းလဲလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့်နည်းလမ်းဖြင့် အာရှအိမ်နီးချင်းများအား စည်းရုံးရန် ကြိုးပမ်းလာသည်။ ထိုမူဝါဒမှာ “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်” အဖြစ် အသက်ဝင်လာသည်။

၎င်း မူဝါဒသည် တရုတ်-မြန်မာဆက်ဆံရေးကို အပြောင်းအလဲဖြစ်စေခဲ့သည်။ ထိုအပြောင်းအလဲမှာ ၎င်းတို့တောင်းဆိုထားသော “အာရှငြိမ်းချမ်းရေးဇုန်” သည် ရန်ကုန်၏ ထောက်ခံမှုမပါဘဲ အထမမြောက်နိုင်ကြောင်း တရုတ်နိုင်ငံက လက်ခံလာစေခြင်း ဖြစ်သည်။ ဘေဂျင်းသည် အမျိုးသား အကျိုးစီးပွားအတွက် အင်အားစုတောင့်တင်းရေး အိမ်နီးချင်းအပေါ်ကောင်းမွန်စွာဆက်ဆံရန်လိုအပ်လာသည်ကို သဘောပေါက်လာသော အချိန်ဖြစ်သည်။

ရန်ကုန်သည် ၁၉၅၄ ခုနှစ်တွင် ကြားနေနှင့် ဘက်မလိုက်သော နိုင်ငံခြားရေးပေါ်လစီတခုကို စတင်ကျင့်သုံးရန် ရန်ဖြစ်လာသည်။ ၁၉၅၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိဘတ်နှင့် ကိုရီးယားစစ်ပွဲကို ဝင်ရောက်ခဲ့သည်။ ထိုအခြေအနေကို ခြိမ်းခြောက်မှုတခုအဖြစ် မြန်မာနိုင်ငံက မြင်သည်။ မြန်မာသည် ကိုရီးယားကဲ့သို့ အနောက်နိုင်ငံများအတွက် စစ်တလင်းဖြစ်လာမည့်အရေးကို ရှောင်ရှားရမည်ဆိုသည်ကို နားလည်လာကြသည်။

၁၉၅၄ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေးမှာ နိုင်ငံရေး၊ စီးပွားရေးအပြင် ပုဂ္ဂိုလ်ရေးပါသောဆက်ဆံမှုပါ ပါဝင်လာသည်။ ၁၉၅၄ မတိုင်ခင်က နှစ်နိုင်ငံအကြား ချစ်ကြည်သောဆက်ဆံရေးကို မတည်ဆောက်နိုင်သေးကြောင်း ဦးနုက တရုတ်နိုင်ငံနှင့် ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် သို့လောသို့လော ဒွိဟများ၊ သံသယများဖြင့် တရုတ်နိုင်ငံကို ဆက်ဆံခဲ့ရကြောင်း ဝန်ခံခဲ့သည်။

ယင်းနှစ် ဇွန်လတွင် လာရောက်သည့် ချုအင်လိုင်း၏ခရီးစဉ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို သဘောတူညီပြီးနောက်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေးအား အထိန်းအကွပ်တပ်မသဖွယ် အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုမူငါးချက်ကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးတင်းမာမှုကို စိတ်သက်သာရာရစေသည်ဟု ဦးနုကဝန်ခံခဲ့သည်။

ထိုအပြင် တရုတ်ဘက်ကလည်း ၁၉၅၄ မတိုင်ခင်က မြန်မာခေါင်းဆောင်များသည် ပစ္စည်းမဲ့လူတန်းစားများ၏ ရန်သူဖြစ်သည်ဟု မှတ်ယူခဲ့ကြောင်းဝန်ခံခဲ့သည်။ မြန်မာဘက်ကလည်း တရုတ်ခေါင်းဆောင်များသည် ဟစ်တလာနှင့် တူသည်။ ထို့အပြင် ကြွစောင်းစောင်းနိုင်သော၊ စိတ်ကြွပ်သော၊ လူလည်ကျသော နိုင်ငံခေါင်းဆောင်တဦးဖြစ်ကြောင်း ယူဆထားကြသည်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူငါးချက်

၁။ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊

၂။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊

၃။ နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊

၄။ တန်းတူညီတူ အပြန်အလှန်အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊

၅။ လူမှုစနစ်မတူညီသောနိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • In the Name of Pauk-Phaw by Maung Aung Myo
  • တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် – ဝင်းဝင်းသန်း(ဘာသာပြန်)