ISP China Desk

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူသည်။ အာဏာသိမ်းသည့်သတင်းကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ထိုနေ့မှာပင် ဘေဂျင်းသို့ အစီရင်ခံစာတင်ပြခဲ့သည်။ မြန်မာအစိုးရအနေနှင့် အစိုးရသစ်ဖွဲ့စည်းကြောင်းကို နိုင်ငံခြားသံရုံးများသို့ အကြောင်းမကြားသေးကြောင်း၊ အာဏာသိမ်းအစိုးရသည် အခြေအနေအရပ်ရပ်ကို ချုပ်ကိုင်ထားကြောင်း၊ အစိုးရဖွဲ့စည်းပြီးတပြိုင်နက် တရုတ်နိုင်ငံအနေနှင့် အသိအမှတ်ပြုရန်လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

နောက်တရက်(မတ်လ ၃)တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး ယယ်ဂျစ်ဟွမ်သည် ဗိုလ်ချုပ်ကြီး နေဝင်းကို သွားရောက်တွေ့သင့်၊ မသင့် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး အသစ်နှင့် တွေ့ဆုံရန် ခွင့်ပန်ရမည်လော၊ မြန်မာခေါင်းဆောင်သစ်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း စာပို့ရမည်လော စသည့် ညွှန်ကြားချက်များ ရရှိရန် တရုတ်သံရုံထံမေးမြန်းခဲ့သည်။ 

ထိုအချိန်တွင် ဘေဂျင်းသည် မြန်မာအစိုးရသစ်နှင့်ပတ်သတ်၍ အလျင်အမြန် မကြေညာသင့်သေးဘဲ အခြားနိုင်ငံများ၏တုံ့ပြန်မှုကို စောင့်ကြည့်ရန် အကြောင်းကြားခဲ့သည်။ သို့သော် အသစ်ခန့်ထားသော အစိုးရဝန်ကြီးများထံသို့  ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကိုမူ မိမိသဘောနှင့် မိမိ ပေးပို့နိုင်သည်ဟု ဆိုသည်။

မတ်လ ၇ ရက်နေ့တွင်လည်း ရန်ကုန်ရှိ တရုတ်သံရုံးသည် ဘေဂျင်းသို့ အောက်ပါအတိုင်း အကြောင်းကြားခဲ့သည်။ ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် အိန္ဒိယသံအမတ်သည် မြန်မာအစိုးရသစ်ကို အသိအမှတ်ပြုခဲ့သည်။ ထိုသို့ အသိအမှတ်ပြုကြောင်း စာပို့ရာတွင် နိုင်ငံခြားရေးဝန်ကြီးအသစ်က လက်ခံတွေ့ဆုံခဲ့ကြောင်း၊ အသိအမှတ်ပြုစာမပို့ပါက တရုတ်သံတမန်များကို လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း၊ တရုတ်အစိုးရအနေနှင့် အသိအမှတ်ပြုလွှာကို အမြန်ဆုံးပေးပို့ပေးစေလိုကြောင်း ဖြစ်သည်။

ယင်းအပြင် တရုတ်သံရုံးသည် အိန္ဒိယ၊ ဗြိတိန်တို့က အသိမှတ်ပြုလွှာတင်သွင်းပြီးကြောင်း ဘေဂျင်းသို့ ထပ်မံအကြောင်းကြားပြန်သည်။ စာပို့ပြီး နှစ်နာရီအကြာတွင် နိုင်ငံခြားရေးဝန်ကြီး ချင်ယီနှင့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့က အသိအမှတ်ပြုကြောင်းနှင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ကြေးနန်းပို့ခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် အာဏာသိမ်းမြန်မာအစိုးရသစ်ကို အသိအမှတ်ပြုကြောင်းကို မွန်းလွဲပိုင်းတွင် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးသို့ အသိအမှတ်ပြုစာလွှာ‌ ပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံသည် ဗိုလ်ချုပ်ကြီး နေဝင်း၏ အစိုးရသစ်ကို အသိအမှတ်ပြုသည့် စတုတ္ထမြောက်နိုင်ငံဖြစ်သည်။

အာဏာသိမ်းအစိုးရကို ရှုတ်ချကြောင်း တရုတ်နိုင်ငံရောက် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က ဩဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့မှုကိုလည်း တရုတ်နိုင်ငံအစိုးရက ခွင့်ပြုခဲ့သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • Burma-China Chronology by Burma Library