ISP China Desk

တရုတ်နိုင်ငံတွင် ကူမင်တန်(တရုတ်ဖြူ)အစိုးရနှင့် ကွန်မြူနစ်ပါတီတို့ နှစ်ရှည်ကြာစွာ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့ပြီး ၁၉၄၉ နှစ်ကုန်ပိုင်းတွင် ကွန်မြူနစ်တို့က နိုင်ငံအနှံ့တွင် အောင်ပွဲခံနိုင်ခဲ့ကြသည်။

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ကြောင်း ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်းက ကြေညာလိုက်သည်။

ကွန်မြူနစ်များ အာဏာရလာသည့်အခါ ကူမင်တန်ခေါင်းဆောင် ချန်ကေရှိတ်အပါအဝင် ထိပ်တန်းခေါင်းဆောင်များသည် ထိုင်ဝမ်(ဖော်မိုဆာ)ကျွန်းသို့ ထွက်ပြေးသွားခဲ့ပြီး မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ယူနန်ပြည်နယ်တောင်ပိုင်းမှ ကူမင်တန်တပ်အချို့သည် ရှမ်းပြည်နယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ထိုမှစ၍ မြန်မာနှင့် တရုတ်အကြား ကူမင်တန်ပြဿနာပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့တပ်မတော်(တရုတ်နီ)တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်လာသည့် ကူမင်တန် အမှတ် ၈ တပ်မတော်၊ အမှတ် ၂၆ တပ်မတော်နှင့် အမှတ် ၉၃ တပ်မတော်မှ တပ်ဖွဲ့အချို့သည် ၁၉၅၀ ပြည့်နှစ်အစောပိုင်းတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံဒေသမြောက်ဘက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ကနဦးတွင် အင်အား ၂၀၀ သို့ ၈၀၀ ခန့်သာဖြစ်ပြီး မကြာမီမှာပင် အင်အား ၁၅၀၀ ခန့်သည် နောက်ပါ မိသားစု ၅၀၀ ခန့်နှင့်အတူ ထပ်မံဝင်ရောက်ခဲ့သည်။ ခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး လီမီ ဖြစ်သည်။

ခြောက်လခန့်ကြာလာသည့်အခါ ကျိုင်းတုံဒေသရှိ မြန်မာတပ်မတော်က တရုတ်ဖြူတပ်များကို လက်နက်ချရန် သို့မဟုတ် မြန်မာ့ပိုင်နက်အတွင်းမှ ထွက်သွားရန် ရာဇသံပေးသည်။ လက်နက်ချမည်မဟုတ်ဘဲ မြန်မာတပ်မတော်က တိုက်ခိုက်လာလျှင် ပြန်လည်တိုက်ခိုက်ရန် အသင့်ရှိကြောင်း ၎င်းတို့က အကြောင်းပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနှင့် မြန်မာနယ်စပ်၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ မိုင်တိုင်အမှတ် ၈၁ မှ တာချီလိတ်မြို့အထိ သိမ်းပိုက်လိုက်သည်။

ထိုအတောအတွင်းမှာပင် မြန်မာတပ်မတော်အနေနှင့် ကျိုင်းတုံမြို့အတွင်းသို့ ရုပ်ဖျက်ဝင်ရောက်လာသည့် တရုတ်ဖြူ ထောက်လှမ်းရေးသမားနှင့် တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး မိတ္ထီလာနှင့် မန္တလေးမြို့တို့သို့ ပို့ဆောင်ချုပ်နှောင်လိုက်သည်။ မြန်မာတပ်မတော်သည် တရုတ်ဖြူတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာတွင် တာချီလိတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်ဖြူတပ်များသည် ကျိုင်းတုံ-တာချီလိတ်ကားလမ်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး မြန်မာ-ထိုင်းနယ်စပ်၊ မိုင်းဆတ်မြို့တွင် ပြန်လည်စုရုံးခဲ့ကြသည်။ ထို့အပြင် ထိုင်ဝမ်ကျွန်းနှင့် ပြန်လည်အဆက်အသွယ်ရရှိသွားကာ ၎င်းတို့၏ ကျူးကျော်ရေးစီမံကိန်းကို စနစ်တကျ ပြင်ဆင်လှုပ်ရှားလာသည်။ နယ်စပ်ဒေသတွင် တပ်သားသစ်များစုဆောင်းခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများနှင့် ပြည်ပမှ လက်နက်ခဲယမ်းမီးကျောက်များ၊ စစ်လက်နက်ပစ္စည်းများ စုဆောင်းခြင်းများကို လုပ်ဆောင်ခဲ့သည်။ မိုင်းဆက်လေယာဉ်ကွင်းကိုလည်း ပြန်လည်ပြုပြင်ပြီး ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့နှင့်ချိတ်ဆက်ပျံသန်းနိုင်ခဲ့ကာ စစ်နက်နက်ပစ္စည်းနှင့် တပ်ဖွဲ့ဝင်တို့ကို သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ တစ်နှစ်ဝန်းကျင်အကြာတွင် တရုတ်ဖြူတပ်များသည် အင်အား တစ်သောင်းနှစ်ထောင်ခန့်အထိ များပြားလာခဲ့ပြီး ဝ၊ ကိုးကန့်၊ သိန္နီဒေသများအပြင် ကရင်၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသအထိ တပ်ဖွဲ့များကို ဖြန့်ကျက်နိုင်လာသည်။

၁၉၅၁ ခုနှစ်၊ မေလထဲတွင် ဗိုလ်ချုပ်ကြီး လီမီ ဦးဆောင်သည့် ကူမင်တန်တို့သည် ဝဒေသကို အခြေပြု၍ တရုတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ကြသည်။ သို့သော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပြန်လည်တိုက်ထုတ်သဖြင့် နှစ်ပတ်အကြာမှာပင် အကျအဆုံးများစွာနှင့် ဆုတ်ခွာခဲ့ရသည်။

တရုတ်ဖြူများ၏နောက်ကွယ်တွင် အမေရိကန်နိုင်ငံက လျှို့ဝှက်စွာ လက်နက်တပ်ဆင်ကူညီနေခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)၏ မူဝါဒရေးရာညှိနှိုင်းမှုရုံးသည် ကူမင်တန်ကို ကူညီရန် ‘စစ်ဆင်ရေး စာတမ်း’ ကို အကောင်အထည်ဖော်ခဲ့သည်။ စီအိုင်အေသည် အမေရိကန်လက်နက်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို ထိုင်ဝမ်မှ ထိုင်းနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့ပြီး ယင်းမှတဆင့် မိုင်းဆက်သို့ လေယာဉ်ဖြင့် ချပေးသည်။ ယင်းဖြစ်စဉ်တွင် ထိုင်းနိုင်ငံအစိုးရ အာဏာပိုင်တို့ကလည်း ကူညီကြသည်။

ယင်းဖြစ်ရပ်က တရုတ်ကွန်မြူနစ်ပါတီအစိုးရကို လောလောလတ်လတ်ပင်အသိအမှတ်ပြုထားသည့် ဖဆပလအစိုးရအတွက် ခေါင်းခဲစေသည့် ပြဿနာဖြစ်လာသည်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးရပြီးစလည်းဖြစ်၊ ကြားနေရေးဝါဒကို ကိုင်စွဲခဲ့သည့်မြန်မာအစိုးရကို အကျပ်ရိုက်စေခဲ့သည်။

၁၉၅၂ နှစ်ဦးပိုင်းမှစတင်ကာ မြန်မာနယ်စပ်တွင် ကေအမ်တီ၏တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံသည် ကေအမ်တီပြသာနာကို ကုလသမဂ္ဂတွင်သံတမန်ရေးရာအရ ဖြေရှင်းချင်သည်။ သို့ရာတွင် အမေရိကန်ကြောင့် မအောင်မြင်ခဲ့ပေ။ ပြည်တွင်းတွင်လက်နက်ကိုင်များကြောင့် အင်အားချည့်နဲ့နေသော မြန်မာနိုင်ငံသည် အခြားတဖက်တွင် ကေအမ်တီပြဿနာကို အကြောင်းပြု၍ တရုတ်ကွန်မြူနစ်တို့က မြန်မာပြည်တွင်းသို့ ကျုးကျော်လာမည့်အရေးကို တွေးကာ ခေါင်းခဲရစေသည်။

၁၉၅၂ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ကေအမ်တီ တပ်ဖွဲ့များကို အမြစ်ပြတ်သုတ်သင်ရန်အငြင်းပွားနေသည့်နယ်စပ် ၁၉၄၁ မျဉ်းကြောင်းကို ဖြတ်ကျော်လာသည်။ ထိုကိစ္စကြောင့် မြန်မာသည် ကွန်မြုနစ်များကျုးကျော်လာမည်ကို ပိုမိုစိုးရိမ်ပူပန်လာသည်။

ထိုင်ဝမ်နှင့် အမေရိကန်တို့၏ ကူညီမှုဖြင့် အေအမ်တီတပ်ဖွဲ့ဝင်များပိုမိုအားကောင်းလာရာ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာအတွက် ရတတ်မအေးဖြစ်လာရသည်။

မြန်မာအစိုးရသည် တစ်ချိန်တည်းမှာပင် ကွန်မြူနစ်တော်လှန်မှုကို ဆင်နွှဲနေချိန်ဖြစ်ပြီး ကူမင်တန်များ မြန်မာ့မြေပေါ်တွင် ရှိနေခြင်းနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ငြိုငြင်မှုမခံရစေရေးကိုလည်း ရတက်မအေးရပေ။ သူ့ရန်သူ ကူမင်တန်ကို ခိုလှုံခွင့်ပေးထားသည်ဟု တရုတ်က စွပ်စွဲမည်ကိုလည်း မြန်မာက စိုးရိမ်နေရသည်။ ဖမ်းဆီးရမိသည့် စာရွက်စာတမ်းများအရလည်း ကူမင်တန်တို့သည် တရုတ်နှင့် မြန်မာအကြား ခလောက်ဆန်ရန် အကြံရှိနေကြောင်း မြန်မာအစိုးရက သိထားသည်။ မြန်မာပြန်ကြားရေးဝန်ကြီးဌာနသည် ကေအမ်တီ၏လျို့ဝှက်မှတ်တမ်းတစ်ခုကို သိမ်းဆည်းရမိလိုက်သည်။ ထိုမှတ်တမ်းတွင် မော်၏ကွန်မြူနစ်ဓားပြများဟန်ဆောင်ကာ မြန်မာစစ်တပ်၏ နယ်စွန်နယ်ဖျားစခန်းများတွင် တိုက်ခိုက်ရမည်။ မော်၏ကွန်မြူနစ်များ ကျုးကျော်နေသည်ဟုအထင်ရှိရန် လုပ်ဆောင်ရမည်ဟု ရေးသားထားသည်။

မြန်မာ့တပ်မတော်ကိုစွန့်ကာ တောခိုသွားခဲ့သည့် တိုင်းရင်းသားလူမျိုးစုစစ်ခေါင်းဆောင် နော်ဆိုင်းကို တရုတ်အစိုးရက ထောက်ပံ့ကူညီပေးပြီး မြန်မာကွန်မြူနစ်များဘက်မှ ဝင်ရောက်တိုက်ခိုက်ရန် အားပေးအားမြှောက်ပြုမည်ကိုလည်း ထိုစဉ်က တပ်မတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်းက ပူပန်လျက်ရှိသည်။

ဖဆပလအစိုးရအနေနှင့် ကူမင်တန်ပြဿနာကို သံခင်းတမန်ခင်းနည်းလမ်းအရရော စစ်ရေးနည်းလမ်းအရပါ ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ ကူမင်တန်များ မြန်မာ့မြေပေါ်မှ ပြောင်းရွှေ့သွားရေးအတွက် ကူညီရန် အမေရိကန်နှင့် အိန္ဒိယတို့ကို မြန်မာက ချဉ်းကပ်ခဲ့သည်။ သို့သော် အမေရိကန်က လျစ်လျူပြုခဲ့သည်။

၁၉၅၃ ခုနှစ်၊ မတ်လတွင် အမေရိကန်နှင့် မြန်မာချုပ်ဆိုထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(စီအီးအေ) စာချုပ်ကို ရပ်စဲတော့မည်ဖြစ်ကြောင်း မြန်မာက ကြေညာလိုက်သလို ဧပြီလတွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကိုယ်စားလှယ်စေလွှတ်ကာ တိုင်တန်းလိုက်တော့သည်။ တိုင်တန်းမှုသည် သက်သေခံအထောက်အထား အလုံအလာက်ပါရှိသဖြင့် အခြားနိုင်ငံများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။

ကျူးကျော်သူတပ်ဖွဲ့များ ထွက်ခွာပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံ ၆၀ အနက် ၅၉ နိုင်ငံက ထောက်ခံခဲ့ပြီး ကြားနေ တစ်နိုင်ငံရှိခဲ့သည်။ အဆိုပါ ကြားနေတစ်နိုင်ငံမှာ တရုတ်ဖြူများပင် ဖြစ်သည်။(ထိုစဉ်က ကုလသမဂ္ဂတွင် တရုတ်ဖြူတို့က တရုတ်နိုင်ငံကို တရားဝင်ကိုယ်စားပြနေသေးခြင်း ဖြစ်သည်။)

ကျူးကျော်သူများ ထွက်ခွာသွားရေးဆုံးဖြတ်ချက်တွင် ကျူးကျော်သူကို တရုတ်ဖြူဟူ၍ အမည်တပ်ခွင့်မရှိခဲ့ဘဲ ‘ကျူးကျော်သူ နိုင်ငံခြားတပ်များ’ ဟုသည် တပ်ခဲ့ရသည်။ တရုတ်ဖြူဟု အမည်တပ်မည်ဆိုလျှင် ၎င်းတို့ကို ကုလသမဂ္ဂမှ ထုတ်ပစ်ခြင်းအပါအဝင် အမေရိကနိုင်ငံကိုပါ ရိုက်ခတ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများမှ ရှောင်ရှားနိုင်ရန် အတွက်ဖြစ်သည်။

ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ဖြင့် မြန်မာ၊ ထိုင်း၊ အမေရိကန်နှင့် တရုတ်ဖြူ လေးနိုင်ငံပါဝင်သည့် စစ်ဘက်ရေးရာကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ သို့သော် ဆွေးနွေးရာတွင် မြန်မာအနေနှင့် တရုတ်ဖြူကိုယ်စားလှယ်နှင့် မျက်နှာစုံညီထိုင်ပြီး မဆွေးနွေးနိုင်ဟူသည့် ခြွင်းချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါကော်မရှင်သည်လည်း ပြဿနာပြေလည်ရေးအတွက် အလုပ်မဖြစ်ခဲ့ဘဲ နောက်ပိုင်းတွင် မြန်မာက နုတ်ထွက်ခဲ့ရာ ဆွေးနွေးပွဲများလည်း ပျက်သွားသည်။

၁၉၅၄ နှင့် ၁၉၅၅ နှစ်များတွင် မြန်မာအစိုးရသည် ကူမင်တန်ကျူးကျော်မှုကို ရှင်းလင်းရန် စစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့သည်။ ကျိုင်းတုံစစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ ယုဇနစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ ရန်ကြီးအောင်စစ်ဆင်ရေး စသည်တို့အပါအဝင် စစ်ဆင်ရေးပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ကူမင်တန်တို့ကို ရှင်းလင်းခဲ့သည်။  ကူမင်တန်တို့ကို ရှင်းထုတ်ခဲ့ရသည့် စစ်ဆင်ရေးတို့သည် နောင်တွင် မြန်မာတပ်မတော်၏ ဂုဏ်ယူဖွယ်ရာမှတ်တမ်းများဖြစ်လာခဲ့သည်။

ထိုအတောအတွင်း ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝန်ကြီးချုပ် ဦးနုသည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မော်စီတုန်းနှင့် တွေ့ဆုံခဲ့သည်။ ကူမင်တန်ပြဿနာတွင် မြန်မာကို တရုတ်နိုင်ငံက နားလည်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ဦးနုက ပြောဆိုခဲ့သည်။

လာအိုနှင့် ထိုင်းနိုင်ငံတို့ဘက်သို့ ထွက်ပြေးသွားသော ကူမန်တန်တပ်များသည် ၁၉၆၀ ပြည့်နှစ်အစောပိုင်းတွင် မြန်မာနိုင်ငံသို့ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး အင်အား နှစ်ထောင်မှ ခြောက်ထောင်အထိ များပြားလာခဲ့သည်။ မြန်မာအစိုးရအနေနှင့် မဲခေါင်မြစ်စစ်ဆင်ရေးဖြင့် တရုတ်လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းကာ ကူမင်တန်တို့ကို တိုက်ခိုက်ခဲ့သည်။ ၁၉၆၁ ခုနစ်၊ ဖေဖော်ဝါရီလတွင် ကူမင်တန်တို့ကို ရိက္ခာများချပေးနေသည့် အမေရိကန်ဗုံးကြဲလေယာဉ်တစ်စင်းကို မြန်မာတပ်မတော်က ပစ်ချနိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် မြန်မာတပ်မတော်(လေ)မှ ဗိုလ်ပီတာအပါအဝင် ၁၈ ဦးကျဆုံးပြီး ၈၉ ဦး ဒဏ်ရာရခဲ့သည်။

ကူမင်တန်တို့သည်လည်း ထိုင်းနှင့် လာအိုနိုင်ငံဘက်ခြမ်းသို့ အလုံးအရင်းအဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ယင်းနောက်တွင် ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့တွင်လည်း လူထုဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် မြန်မာနယ်စပ်ရှိ ကူမင်တန်တပ်ဖွဲ့များ ရွှေ့ပြောင်းရေးအတွက် ထိုင်ဝမ်အစိုးရကို အမေရိကန်က ဖိအားပေးခဲ့ပြီး မြန်မာ၊ ထိုင်းတို့နှင့် ညှိနှိုင်းကာ ကူမင်တန်များ ပြောင်းရွေ့ရေးကို လုပ်ဆောင်နိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ မတ်လတွင် ကူမင်တန် လေးထောင်ခန့်သည် မြန်မာ့မြေမှ စတင်ထွက်ခွာခဲ့ပြီး တစ်သုတ်ပြီးတစ်သုတ် ဆက်လက်ထွက်ခွာသွားခဲ့ကြသည်။

ဤမှာပင် ၁၁ နှစ်တာ ကြာမြင့်ခဲ့သော ကူမင်တန်ပြဿနာသည်လည်း အဆုံးသတ်သွားလေသည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • In the Name of Pauk-Phaw by Maung Aung Myo
  • တပ်မတော်သမိုင်း – စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး
  • ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ – ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော