ISP China Desk

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရအဖွဲ့ကို ဘေဂျင်းမြို့တွင် ရုံးစိုက်လိုက်သည်။ ၎င်းတို့အစိုးရသည် တရုတ်ပြည်သူများကိုကိုယ်စားပြသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ အစိုးရသည် သာတူညီမျှမှု၊ အပြန်အလှန်အကျိုးပြုမှု၊ အပြန်အလှန်လေးစားမှုများကို လိုက်နာကျင့်သုံးရန် စိတ်အားထက်သန်ကြသည့် နိုင်ငံခြားအစိုးရအားလုံးနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် အသင့်ရှိနေကြောင်း တိအန်မင်ရင်ပြင်တွင် ကြေညာခဲ့သည်။

ချန်ကေရှိတ်ဦးဆောင်သည့် ကူမင်တန်တရုတ်အမျိုးသားအစိုးရမှာ တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံ၌ ဂျပန်ခေတ်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့အရေးတော်ပုံပါတီကို အမည်ပြောင်းလဲထားသည့် ဗမာပြည်ဆိုရှယ်လစ်ပါတီက တရုတ်နိုင်ငံသစ်ထူထောင်မှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်သည်။ ယင်းနောက် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလအစိုးရအဖွဲ့ကလည်း တရုတ်နိုင်ငံသစ်နှင့် အစိုးရချင်း သံတမန်ဆက်ဆံရေးထားရှိရန် ပြင်ဆင်သည်။

ယင်းအချိန်က အာရှတိုက်၏အခြားနိုင်ငံများသည် တရုတ်နိုင်ငံသစ်နှင့်ပတ်သက်၍ အခြေအနေကို စောင့်ကြည့်နေကြဆဲသာဖြစ်ပြီး တရားဝင်အသိအမှတ်မပြုကြသေးပေ။

မြန်မာနိုင်ငံ၏အသိအမှတ်ပြုကြိုဆိုမှုကို လှိုက်လှဲစွာဝမ်းသာကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံက တုံ့ပြန်ခဲ့သည်။

ကိုးကား –

  • Modern China-Myanmar Relations by David I. Steinberg and Hongwei Fan
  • In the Name of Pauk-Phaw by Maung Aung Myo