ISP China Desk

ရန်ကုန်တဖက်ကမ်းရှိ ဒေါ်လာဘီလီယံချီကုန်ကျမည့် တရုတ်စီမံကိန်းကြီးဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်းကို အပိုင်းလိုက်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်လိုက်ပြီး ထိုအပိုင်းလိုက်လုပ်ဆောင်မည့် စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီကို ရွေးချယ်ရေး ပြည်ပ အတိုင်ပင်ခံကုမ္ပဏီတခုကို ငှားရန် ပြင်ဆင်နေသည်။ ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ အစိတ်အပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အောက်တွင် အကျုံးဝင်သည်။ CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှ တောင်ဖက် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်တို့ကို ဆက်သွယ်မည်ဖြစ်သည်။