ISP China Desk

အငြင်းပွားဖွယ်ဖြစ်နေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ OBOR စီမံကိန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် H.E. Mr.Chen Hai က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင် ၁၆ ရက်နေ့က တွေ့ဆုံစဉ်ပြောသည်။ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ရာ ဒေသတွင်တည်ရှိပြီး တရုတ်လုပ်ငန်းစု Jilin Yatai ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မှတ်ပုံတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး တရားမဝင်ကျော်လွန်ဆောက်လုပ်မှု၊ လောင်းကစားမှုများဖြင့် ဝေဖန်ခံနေရသည့် စီမံကိန်းတခုဖြစ်သည်။