Review Essay Archives - ISP Myanmar China Desk

မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် (ယခု ဖမ်းဆီးချုပ်နှောင်ခံထားရသော) သရုပ်ဆောင် ပိုင်တံခွန်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ် (Photo – STR / AFP)

နိဒါန်း

၂၀၂၁ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ တရုတ်ရဲ့ အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်းကော်ရှန်ဟာ မြန်မာနိုင်ငံကို တပတ်ကြာ လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဩဂုတ်လဆန်းက ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို “မြန်မာအစိုးရ”လို့ ရည်ညွှန်းခေါ်ဆိုခဲ့ပြီး ဒါဟာ အာဏာသိမ်း စစ်ကောင်စီက အိမ် စောင့်အစိုးရအဖြစ် ဖွဲ့စည်းပြီး တပတ်အကြာမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။  တကယ်တော့ ဒီမတိုင်ခင်မှာလည်း တရုတ်နိုင်ငံအနေနဲ့  စစ်ကောင်စီ ဥက္ကဋ္ဌကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုပြီး သုံးစွဲတာ၊ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးလို့ခေါ်ပြီး တရုတ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ အာဆီယံနဲ့ မဲခေါင် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်စေတာတွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောဆိုပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဏာသိမ်းစစ်တပ်ကို ပြင်းထန်တဲ့ အရေးယူ တုံ့ပြန်မှုတွေ မရှိစေရေး အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပါတယ်။ ပြည်တွင်းရေးရာ အပြောင်းအလဲတွေကြောင့် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်တဲ့မူဝါဒကို ထိခိုက်မှာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းရွေးချယ်ရာမှာ တရုတ်ကကူညီပံ့ပိုးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို ပြောဆိုမှု တွေကြောင့်  အာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် တရုတ်နိုင်ငံက တရားဝင်အသိအမှတ်ပြုကြောင်း ဖော်ပြခြင်း လား ဆိုတာ ယူဆစရာ ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ နိုင်ငံရေးအကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး ဩဇာရှိတဲ့ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းတွေ၊ သတင်းဌာနတွေက လေ့လာ သုံးသပ်ဖော်ပြတဲ့ ဝေဖန်သုံးသပ်ချက်တွေ၊ သတင်း ဆောင်းပါးတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။

➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

ဩဇာကြီးမားတဲ့ The Economist မဂ္ဂဇင်းက ဆိုရင်  မြန်မာနိုင်ငံမှာ မဟာဗျူဟာကျ စီးပွားရေး စီမံကိန်းတွေကို အဓိကလုပ်ဆောင်လိုတဲ့ တရုတ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို မြင်တွေ့လိုခြင်း မရှိဘူး၊ ဒါပေမဲ့ ပြန်လည်တည်ငြိမ်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကတိကို ယုံကြည်ကိုးစားနေတယ်၊ ပြည်သူလူထုဘက်(သို့မဟုတ်) ပြည်သူလူထု ထောက်ခံသော အစိုးရဘက်မှာ ရပ်တည်သွားမယ့် အလားအလာ လည်း နည်းပါးနေတယ်၊ မြန်မာပြည်သူ အများစုက တရားဝင် အစိုးရအဖြစ် သတ်မှတ်ထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံရေး ကျဲတောက်နေပေမဲ့ စစ်ကောင်စီကိုတော့ တရားဝင်အသိမှတ်ပြုတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ ဆန်း စစ်ချက်ဆောင်းပါးမှာလည်း မြန်မာနိုင်ငံမှာတရုတ်ရဲ့ အဓိကအကျိုးစီးပွားတွေကိုအာဏာသိမ်း စစ်ကောင်စီ ကသာ ကာကွယ်ပေးနိုင်မယ်လို့ တရုတ်က ယုံကြည်ထားတယ်၊ တရုတ်ရဲ့ ပြည်တွင်းမစွက်ဖက်ရေးမူဝါဒဟာ သေနတ်ရှိတဲ့သူကိုသာ အသိမှတ်ပြုတဲ့မူဝါဒဖြစ်တယ်၊ မြန်မာနိုင်ငံကို အနောက်တိုင်းတန်ဖိုးများနဲ့ သြဇာ လွှမ်းမိုး မှုများမှထိန်းသိမ်းဖို့ စစ်မြေပြင်တခုအဖြစ် ရှုမြင်တယ်လို့ဆိုပါတယ်။ ဩဇာကြီးမားတဲ့ ကမ္ဘာ့စီးပွားရေး သတင်း စာ Financial Times ကတော့ ပြည်တွင်းမှာနိုင်ငံရေး အကျပ်အတည်းတွေဖြစ်နေပေမဲ့ တရုတ်နဲ့ မြန်မာအကြား သံခင်းတမန်ခင်းဆက်ဆံရေးနဲ့ကုန်သွယ်ရေးအခြေအနေတွေမှာ ပုံမှန်အနေအထားထက်ပိုတဲ့ အခြေအနေတွေကို တွေ့ရပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ စစ်ကောင်စီကိုကာကွယ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေသလဲ၊ စစ်အာဏာ သိမ်းမှုကို တုံ့ပြန်ရာမှာ တရုတ်ရဲ့ အခြေခံ စဉ်းစားချက်တွေက ဘာတွေလဲ၊ တရုတ်ရဲ့ မူဝါဒတွေကို ဘယ်လို လွှမ်းမိုး နိုင်မလဲဆိုတဲ့အပေါ်နိုင်ငံတကာ လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်၊ ကောက်ချက် ချမှုတွေကို ဒီဆန်းစစ်ချက်မှာ မိတ်ဆက်ဆွေးနွေးပါမယ်။

အဓိကဆွေးနွေးချက်များနှင့်အထောက်အထားများ

မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေမှာ အဓိက ဆွေးနွေးထားတဲ့ အချက်လေးခု ရှိပါတယ်။ ပထမဆုံးအချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းမှာကို တရုတ်က မလိုလားဘူး၊ စစ်အာဏာရှင်စနစ်ကိုသာပြန်လည်ရှင်သန်စေချင်တယ်၊ စစ်အာဏာသိမ်းမှုကို ထောက် ခံအားပေးနေတယ် ဆိုတဲ့အမြင်တွေ (မြန်မာပြည်သူတွေကြားမှာ)ကျယ်ကျယ် ပြန့်ပြန့် ရှိနေခဲ့တယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုဟာ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကြောင့် တရုတ်က မလိုလားဘူးလို့  တရုတ် နိုင်ငံနဲ့ပတ်သက်ပြီး တစိုက်မတ်မတ် လေ့လာနေတဲ့ နိုင်ငံတကာ သုတေသနအဖွဲ့တွေ၊ မီဒီယာတွေက ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရနဲ့ တရုတ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခဲ့တာအပြင် စစ်တပ်ဟာ ခန့်မှန်းရ ခက်တာကြောင့် စစ်အာဏာသိမ်းမှုကို နှစ်ခြိုက်လိုလားခြင်း မရှိပါဘူး (The Economist, 2021)။

အထူးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အနောက် နိုင်ငံတွေနဲ့ဆက်ဆံရေး ပြေလည်အောင် အားထုတ်ခဲ့တယ်၊ ဒါ့အပြင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတခု ဖြစ် တဲ့ ဧရာ၀တီ မြစ်ဆုံဆည်စီမံကိန်းကို တဖက်သတ်ရပ်နားခဲ့တယ်၊ စစ်တပ်ဟာ စစ်လက်နက် ပစ္စည်းတွေ တင်သွင်း ရာမှာ တရုတ်အပေါ် မှီခိုမှုလျှော့ဖို့အတွက် ရုရှားနဲ့ချိတ်ဆက်ပြီး တင်ပို့မှု မြှင့်တင်ခဲ့တယ်၊ စတဲ့အချက်တွေကြောင့် မြန်မာစစ်တပ်ကို တရုတ်က ယုံကြည်မှု အားနည်းပါတယ် (Wong, 2021)။ နောက်တချက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးတွေကိုပြန်လည်ကုစားဖို့လိုအပ်တာအပြင် ရိုဟင်ဂျာအရေးမှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရှိတာကြောင့် ရွေးကောက်ခံအစိုးရဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကိုပဲ ပိုမိုအားကိုးရမယ့် အနေအထားဖြစ်ပါတယ် (The Economist, 2021)။ ဒါကိုလည်း တရုတ်က တွက်ဆ ထားပုံပါပဲ။

ဒီအချက်အလက်တွေကို သုံးသပ်ကြည့်ရင်ပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်မှာကို မလိုလားတာကြောင့် စစ်အာဏာသိမ်းမှုကို တရုတ်က မီးစိမ်းပြ အားပေးထောက်ခံခဲ့တယ်ဆိုတာ ဖြစ်တန်ခြေ မရှိဘူးလို့ ဆိုကြပါတယ်။ ဒါဆိုရင် တရုတ်နိုင်ငံအနေနဲ့ဘာကြောင့် စစ်အာဏာရှင်ကို အသိအမှတ်ပြုအားပေးပြီး နိုင်ငံတကာ ဖိအားတွေ ကနေ ကာကွယ်ပေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေသလဲဆိုတာ မေးစရာရှိလာပါတယ်။ ဒီမေးခွန်းကို ဆောင်းပါးတွေထဲမှာ ဘယ်လိုဖြေဆိုထားသလဲ ဆိုတာနောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးပါမယ်။

ဒုတိယတချက်က အာဏာသိမ်းမှုကြောင့် ဖြစ်ခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ တရုတ်အကျိုးစီးပွားကို ခြိမ်း ခြောက်မှုတွေ ရှိလာတာကြောင့် ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆန့်ကျင် ဆန္ဒပြမှုတွေ၊ ဘဏ် လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှု ပုံမှန် မလည်ပတ်နိုင်တာတွေ၊ နိုင်ငံရေး တည်ငြိမ်မှု မရှိတာတွေက မြန်မာနိုင်ငံအပေါ် ထားတဲ့ တရုတ်ရဲ့ မဟာဗျူဟာ စဉ်းစားချက်တွေကို စိန်ခေါ်နေပါတယ်။ တရုတ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ် တခုဖြစ်တဲ့ ယူနန်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးအပေါ်မှာ များစွာ မှီခိုနေပါတယ်။ ရေနံပိုက်လိုင်းကတဆင့် ပို့နေတဲ့ ရေနံတွေဟာ ယူနန်ပြည်နယ် ကုန်ထုတ်လုပ်မှု အသားတင်တန်ဖိုးရဲ့  ရှစ်ရာခိုင်နှုန်း အထိရှိတယ်လို့ The Economist မဂ္ဂဇင်းကဆိုပါတယ်။ ဒါဟာ ဘေဂျင်းရဲ့ မဟာဗျူဟာအတွက် အရေးကြီးရုံသာ မက ယူနန်ပြည်နယ်ရဲ့ စီးပွားရေးအတွက်ပါ အရေးကြီးတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါပေမဲ့အာဏာသိမ်း ပြီးနောက် စီမံကိန်းတွေရဲ့ အချက်အချာနေရာတွေ၊ နယ်စပ်ဒေသတွေအပါအဝင်  နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာတွေ၊ ပြီးတော့ မြန်မာပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေးစိတ်တွေ ပိုမိုမြင့်မားလာပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေနဲ့ အဓိက အကျိုးစီးပွားဖြစ်တဲ့ ရေနံနဲ့သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေရဲ့ လုံခြုံရေးအထိ ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက် ပြောဆိုလာတာတွေဟာ တရုတ်အတွက် စိုးရိမ်စရာတွေဖြစ်ပါတယ် (Wong, 2021)။ ဆန္ဒပြမှုတွေကြောင့် တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ငန်းအကောင်အထည်ဖော်မှုနှောင့်နှေးမှာ၊ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ အောက် က စီမံကိန်းတွေ ပြန်လည်စတင်ဖို့ နှောင့်နှေးမှုရှိမှာကို တရုတ်အစိုးရ စိုးရိမ်နေပုံရတယ်လို့Financial Times သတင်းစာက သုံးသပ်ပါတယ်။

တတိယတချက်ကတော့ လက်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့အခြားအကျိုးစီးပွားကို ကာကွယ်ပေးလိုတဲ့ (ကာကွယ်ပေးနိုင်တဲ့) အလားအလာ နည်းတယ်လို့ တရုတ် မူဝါဒ အသိုက်အဝန်းကကောက်ချက်စွဲကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အနောက်နိုင်ငံ တွေက ကျောထောက်နောက်ခံပေးထားတယ်လို့ တရုတ်က လက်ခံ ယုံကြည်နေပါတယ်။ ဒါ့အပြင် စစ်အာဏာရှင် အန်တုရေး လှုပ်ရှားမှုတွေဟာ တရုတ်ရဲ့ သြဇာအာဏာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်တို့ ပါဝင်တဲ့ Milk Tea Alliance နဲ့ ချိတ်ဆက်မှုရှိလာတာကို မနှစ်သက်ပါဘူး(Clapp & Tower, 2021)။ ဒါကြောင့် စစ်အာဏာရှင်ကို အန်တုတဲ့ လှုပ်ရှားမှုတွေ အောင်မြင်ရင် မြန်မာနိုင်ငံမှာ တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပိုမို အား ကောင်းလာမှာ စိုးရိမ်နေပုံ ရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟာ အင်အားမရှိဘူး၊ တောင့်တင်းမှုမရှိဘဲ  တရားမဝင်တဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ နိုင်ငံတော် အကြည်ညိုပျက်မှုနဲ့ လည်းဝရမ်းထုတ်ခံထားရတယ် စသဖြင့်  တရုတ် သုတေသီတွေက ရေးသားဖော်ပြနေပြီး၊  အမေရိကန် ငြိမ်းချမ်း ရေး အင်တီကျုရဲ့ဆောင်းပါးမှာ အဲဒီရေးသားချက်တွေကို သုံးသပ်ခဲ့ပါတယ်။ ဟိုတစဒီတစ တိုင်းရင်းသား တပ်တွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ အန်တုလှုပ်ရှားမှုတွေဟာ စစ်တပ်ရဲ့ အာဏာ ချုပ်ကိုင် နိုင်မှုကို ခြိမ်းခြောက်နိုင်လောက်မယ့် အနေအထား မရှိဘူးလို့ တရုတ်က ယူဆထားတယ်ဆိုပြီး The Economist မဂ္ဂဇင်း ဆောင်းပါးမှာလည်း ပြောထားပါတယ်။

နောက်ဆုံးတချက်ကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ “အာဏာလက်ဝယ်ရှိသူနဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း” ဆိုတဲ့ အချက်က စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ အခြေခံအုတ်မြစ်တခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဟာ စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေမှာ ပြောနေသလို စစ်တပ်က ပြည်ထောင်စုမပြိုကွဲရေးကို တစိုက် မတ်မတ် ဆောင်ရွက်လာတဲ့ အဖွဲ့ဖြစ်တာကြောင့်မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို ပြန်လည် ထိန်းချုပ်နိုင်မယ်လို့ တရုတ်က ထင်မြင်ပုံရတယ်ဆိုပြီး သုံးသပ်ကြပါတယ် (The Economist, 2021)။ ဒါ့အပြင် ဘေဂျင်းအနေနဲ့ မြန်မာ နိုင်ငံဟာ နောက်ထပ် ကြာရှည်မယ့် စစ်အာဏာရှင် စနစ်ကို ထပ်မံရောက်ရှိသွားပြီလို့ အကဲဖြတ်ထားကြောင်း အမေရိကန် အခြေစိုက် Stimson Center တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်ပညာရှင် ယွန်ဆန်းကလည်း ပြောခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှု အောင်မြင်မယ်လို့ တရုတ်က ယူဆထားပုံပါပဲ။ (Financial Times, 2021)။ စစ်ကောင်စီကလည်း တရုတ်ရဲ့ အားပေးထောက်ခံမှုကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးအရ လိုက်လျောမှု ပြုတာတွေ၊တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ကတိပေးတာတွေ ပြုလုပ်လာခဲ့ပါတယ်။ စစ်အာဏာ သိမ်းပြီး လေးလအတွင်းမှာပဲတရုတ်ကအဆိုပြုထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂,၅၀၀ တန်ဖိုးရှိတဲ့ သဘာ၀ဓာတ်ငွေ့လျှပ်စစ်စီမံကိန်းကို အတည်ပြုပေးခဲ့ပြီး၊ အခြားစီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူ ရေနက် ဆိပ် ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းတွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ် (Clapp & Tower, 2021)။

ဒါပေမဲ့ တရုတ်အနေနဲ့ စစ်ကောင်စီကို အားပေးထောက်ခံခြင်းအားဖြင့် သူ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်မယ်လို့ ယူဆထားပြီး၊ ဒီလိုထောက်ခံခြင်းကပဲ သူ့အကျိုးစီးပွားတွေကို ထိခိုက်စေဖို့ ဖြစ်လာမယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိသလို အကြုံပြုချက်တချို့ ရေးသားခဲ့တာတွေလည်း ရှိပါတယ်။ အကြံပြုချက်တွေမှာ အဓိကအားဖြင့် –

(၁) ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အာဆီယံ သဘောတူညီချက်ငါးရပ်ကို အလျင်အမြန် အကောင်အထည်ဖော်ရေးအတွက် တရုတ်အနေနဲ့ စစ်ကောင်စီကို ဖိအားပေးဖို့၊ တရုတ်နိုင်ငံပိုင် လုပ်ငန်းတွေ ဘဏ်တွေ အနေနဲ့စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေမလုပ်ဖို့၊

(၂) သက်ဆိုင်ရာအဖွဲ့တွေအကြား ကြားဝင်ညှိနှိုင်းပေးဖို့၊

(၃) ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊

(၄) မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး တွန်းအားပေးဖို့ လိုအပ်တယ်လို့ အဓိကအားဖြင့် အကြံပြုထားပါတယ်။

ဆန်းစစ်သုံးသပ်ခြင်း

အခု ရည်ညွှန်းထားတဲ့ ဆောင်းပါးတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ် တရုတ်ရဲ့ ရှုမြင်ပုံ၊ ရပ်တည်ချက်တွေနဲ့ တုံ့ပြန်မှုတွေကို ယေဘုယျအားဖြင့် နားလည်စေနိုင်ပါတယ်။ ဒါပေမဲ့ သုံးသပ်ချက်အများစုဟာ တရုတ်-မြန်မာဆက်ဆံရေးရဲ့ အပေါ်ယံအလွှာက မြင်သာတဲ့ တစိတ်တပိုင်းကို သာ ထင်ဟပ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာအလွန်တရာရှုပ်ထွေးပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း တရုတ်ရဲ့ စဉ်းစားချက်တွေဟာ ပြက်ပြက်ထင်ထင်လည်း မရှိ၊ တသမတ်တည်းသဘော မဆောင်တာတွေလည်း အများအပြား ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပေါ်ထားတဲ့ တရုတ်ရဲ့ မူဝါဒတွေကို နားလည်ရာမှာ အရေး ကြီးပေမဲ့ ဆောင်းပါးတွေမှာ ထည့်သွင်းစဉ်းစားဖို့ ကျန်ခဲ့တဲ့အချက်သုံးချက်ကို ဖြည့်စွက် ဆွေးနွေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဆောင်းပါးရှင်တွေအားလုံးဟာ တရုတ်ရဲ့ တုံ့ပြန်မှုလို့ စဉ်းစားတဲ့အခါမှာ တရုတ်ကို တစုတစည်းတည်း တသွေးတသံတမိန့်ရှိတဲ့၊ အကျိုးစီးပွားစဉ်းစားချက် တခုတည်းရှိနေတဲ့ နိုင်ငံအဖြစ် အခြေခံ ထား စဉ်းစားကြတာ တွေ့ရပါတယ်။တကယ်တော့ တရုတ်-မြန်မာဆက်ဆံရေးမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပါတီ၊ ဝန်ကြီးဌာနတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ စသဖြင့်  ပလေယာ တွေ များစွာ ပါဝင်ပတ်သက်နေပါတယ်။  တရုတ်နိုင်ငံဟာ တပါတီစနစ် ကျင့်သုံးတဲ့နိုင်ငံ၊ ဗဟိုချုပ်ကိုင်မှု အားကောင်းသော နိုင်ငံရေးစနစ်ရှိတဲ့ နိုင်ငံမျိုးဖြစ်ပေမဲ့ မူဝါဒယန္တရားမှာ ပါတဲ့(သို့မဟုတ်) မူဝါဒယန္တရားမှာ လွှမ်းမိုးသက်ရောက်မှုရှိနိုင်တဲ့ အစုအဖွဲ့အသီးသီးဟာ အမြဲတမ်း အသွေးအမွေးတူ၊ အမြင်တူနေတာတော့ မဟုတ် ပါဘူး။ ဒါ့အပြင် နိုင်ငံအစိုးရယန္တရားရဲ့ အပြင်မှာရှိနေတဲ့ ပုဂ္ဂလိက အင်အားစုတွေကလည်းတရုတ်ရဲ့ မြန်မာ့မူဝါဒ အပေါ်ပုံစံအမျိုးမျိုးနဲ့ သက်ရောက် လွှမ်းမိုးမှုများစွာရှိနေပါသေးတယ် (Steinberg & Fan, 2012)။ ဥပမာ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ယူနန်ပြည်နယ်အစိုးရတို့ အကြားမှာ မတူညီတဲ့ စုဖွဲ့မှုသဘောတရားအရ မတူညီတဲ့ ဦးစားပေး စဉ်းစားချက်တွေနဲ့ လုပ်ပိုင်ခွင့်အကန့်အသတ်တွေရှိနေပါတယ်။ ဒါကြောင့် မြန်မာ့အရေးတုံ့ပြန်ရာမှာ တစုံလုံးစဉ်းစားချက်အရ များစွာမကွာခြားရင်တောင် နည်းနာပိုင်းဆိုင်ရာစဉ်းစားချက်တွေ၊ လတ်တလောအကျိုးစီးပွား စဉ်းစားချက်တွေ ကြောင့် တုံံ့ပြန်မှု ကွာခြားတာတွေ ရှိနိုင်ပါတယ်။

နောက်တချက်ကတော့ တရုတ်အကျိုးစီးပွား ဆိုတဲ့ စဉ်းစားချက် အပေါ်မှာ နားလည်မှုနဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု ဖြစ်ပါ တယ်။ တရုတ်နိုင်ငံက သူ့အကျိုးစီးပွားတွေကို ဖော်ဆောင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လိုက်ပြီ ဆိုတဲ့ သုံးသပ်ချက်တွေက တရုတ်ရဲ့ မတူညီတဲ့ အကျိုးစီးပွားစဉ်းစားချက်တွေ၊ ဦးစားပေးမှု ကွာခြားချက်တွေကို လစ်လျူရူရာ ရောက်ပါတယ်။ တကယ်တော့ ပလေယာတွေများသလို အကျိုးစီးပွား စဉ်းစားချက်တွေလည်း အများကြီးရှိပါတယ်။ တရုတ်အရေးလေ့လာတဲ့ သုတေသီတွေကတော့ ယေဘုယျအားဖြင့် တရုတ်နိုင်ငံခြားရေး မူဝါဒစဉ်းစားချက်အတွက် အကျိုးစီးပွားနယ်ပယ် ငါးခုခွဲခြားပါတယ်။ ဒါတွေက-

(၁) အဓိက အကျိုးစီးပွားတွေဖြစ်တဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တရုတ်နိုင်ငံပြန်လည်ပေါင်းစည်းရေး၊

(၂) အာရှပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ ဩဇာကိုချဲ့ထွင်ပြီးခေါင်းဆောင်မှုမြှင့်တင်နိုင်ရေး၊

(၃) တရုတ်နိုင်ငံရဲ့ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရေး၊

(၄) နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေး၊

(၅) တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ  အာဘော်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး စတာ တွေဖြစ်ပါ တယ်။

အလားတူ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း  အကျိုးစီးပွားစဉ်းစားချက်တွေ များစွာရှိပါတယ်။ ဥပမာ နယ်စပ်တည်ငြိမ်ရေး၊မြန်မာနိုင်ငံအရေးတွေမှာ နိုင်ငံတကာ စွက်ဖက်ပါဝင်မှု လျှော့ချရေး၊ မဟာဗျူဟာ စီမံချက် တွေ အကောင်အထည်ဖော်ရေး စသဖြင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါတွေက တခုနဲ့တခု အမြဲတမ်း လိုက်လျော ညီထွေ ရှိနေတာမဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါအရ ရံဖန်ရံခါမှာ ဦးစားပေးမှုတွေအလိုက် အကျိုးစီးပွားတခုကို မြှင့်တင်ဖို့အတွက် အခြားတခုကို အတိုင်းအတာတခုထိ လျှော့ပေါ့ စဉ်းစားတာတွေလည်း ရှိပါတယ် (Hirono, 2018)။ ဥပမာ- အခုအခြေအနေမှာ တည်ငြိမ်ရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ထိန်းဖို့ ကိုယ့်ရဲ့ ပုံရိပ်ကို ဘယ်လောက်အထိ အထိခိုက်ခံနိုင်မလဲ၊ မဟာဗျူဟာအကျိုးစီးပွားတွေ အကောင်အထည်ဖော်ဖို့ နယ်စပ် တည်ငြိမ်ရေးကို ဘယ်လောက် အလျှော့အတင်းလုပ်မလဲ စသဖြင့် ရွေးချယ်မှုတွေ ရှိနေတာကို သတိချပ် စဉ်းစား မယ်ဆိုရင် တရုတ်နိုင်ငံရဲ့မူဝါဒအပေါ် သက်ရောက်လွှမ်းမိုးနိုင်ဖို့ ကြိုးစားရာမှာအထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

နောက်ဆုံးတချက်က တရုတ်နိုင်ငံဟာ စစ်ကောင်စီကို နိုင်ငံတကာ အရေးယူမှုတွေကနေ ကာကွယ်ပေးတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာ ရှိပေမယ့် ဒါက အပေးအယူအလျှော့အတင်းမရှိ အမြဲတမ်း အားပေး ထောက်ခံမယ်ဆိုတဲ့သဘော မသက်ရောက်ပါဘူး။ နီးသောသမိုင်းကို ပြန်ကြည့်ရင်ပဲ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂစင်မြင့်မှာ ပြစ်တင်ဝေဖန် ပြောဆိုခံရတာတွေ၊ နိုင်ငံတကာ ဖိအားတွေ ကနေ သက်သာရာရောက်အောင် မြန်မာစစ်တပ်ကို တရုတ်က ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံတကာ အခြေအနေနဲ့ ပြည်တွင်း အကျိုးစီးပွား စဉ်းစားချက်တွေပေါ် မူတည်ပြီး စစ်အာဏာရှင်တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ သိသိသာသာ ဖိအားပေးခဲ့တာတွေ၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ တစုံတရာပူးပေါင်း ဆောင်ရွက်စေဖို့ တွန်းအားပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာဆိုရင် စစ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိအောင် မဆောင်ရွက်နိုင်ခဲ့ဘူး၊ အဲဒီအကျိုးဆက်ကတဆင့် ဖြစ်လာတဲ့ လူထုအုံကြွမှုတွေ၊ မတည်မငြိမ်မှုတွေကြောင့် တရုတ်ရဲ့ မဟာဗျူဟာကျ အကျိုးစီးပွားတွေကို ထိခိုက် လာမယ်လို့ တရုတ်အစိုးရ အရာရှိတွေက ယူဆခဲ့ပါတယ်။ အဲဒီအချက်က စစ်အစိုးရနဲ့ အမေရိကန်နိုင်ငံအကြားမှာ ဆက်ဆံရေး ကောင်းလာစေဖို့၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊အတိုက်အခံခေါင်းဆောင်နဲ့ပါ ဆက်ဆံရေး ကောင်းလာဖို့ ညှိနှိုင်းတဲ့နေရာမှာ တရုတ်ကို ပါဝင်လာစေတဲ့ အကြောင်းရင်းတရပ်ဖြစ်ခဲ့ပါတယ်။ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ညှိနှိုင်းဖို့ တိုက်တွန်းခဲ့သလို ၂၀၀၇ ခုနှစ် ဇူလိုင်မှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်အဲရစ်နဲ့ မြန်မာဘက်က အရာရှိသုံးဦး တွေ့ဆုံဆွေးနွေးပွဲအတွက် တရုတ်က ဦးဆောင် စီစဉ်ပေးခဲ့ပါတယ် (International Crisis Group, 2009)။ ဒါကြောင့် တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ တသတ် မတ်တည်း မူဝါဒတခုတည်းကို ကိုင်ဆွဲထားခြင်းမျိုး မဟုတ်ဘဲ ကိစ္စရပ်များကို ရပ်တည်တုံ့ပြန်ရာမှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှု အခြေအနေ၊ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက် ချမှတ်ရာမှာ အရေးပါတဲ့ ပလေယာများ အဆင့်အလိုက် ကွဲပြားမှု၊ တုံ့ပြန်မှု သက်ရောက်မယ့် နိုင်ငံနဲ့ ဆက်ဆံရေး အခြေအနေ အကျိုးစီးပွားတွေအပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ပြန်ချုပ်ရင် တရုတ်-မြန်မာဆက်ဆံရေးမှာ ပလေယာတွေများစွာ ပါဝင်နေပါတယ်။ ဒီပလေယာတွေမှာ လည်း အကျိုးစီးပွား စဉ်းစားချက်တွေနဲ့ လုပ်ဟန်တွေ မတူကြပါဘူး။ ဒါကြောင့် တရုတ်ရဲ့ မြန်မာမှာရှိနေတဲ့ အကျိုး စီးပွား စဉ်းစားချက်တွေ များစွာ ရှိနေပြီး ဝိရောဓိ ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။ အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး အကျိုးစီးပွား ဦးစားပေးမယ့် အပြောင်းအလဲတွေနဲ့ ရှေ့နောက် တွဲချိတ်စဉ်းစားတာတွေကလည်း တရုတ်ရဲ့ မူဝါဒကို လွှမ်းမိုးပုံဖော်မှာပဲ ဖြစ်ပါတယ်။ ဒီစဉ်းစားချက်တွေဟာ အလုံပိတ်ထားတဲ့ တရုတ်ရဲ့ မူဝါဒ ချမှတ်မှု ယန္တရားရဲ့  အထဲမှာ ရှိနေတာကြောင့် ဘယ်အချိန် ဘယ်အခြေအနေမှာဘယ်လို ဖြစ်တယ် ဆိုတာကို တိတိပပနားလည်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီအချက်တွေက တရုတ်အရေးမူဝါဒကို နားလည်ရာမှာ ထည့်သွင်း စဉ်းစားဖို့ အရေးကြီးတဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။

ဂယက်ရိုက်နိုင်တဲ့နောက်ဆက်တွဲများ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် တရုတ်ရဲ့ တုံ့ပြန်မှုကို လေ့လာသုံးသပ်ခဲ့ကြတဲ့ အထက်ဖော်ပြပါ ဆောင်းပါးတွေမှာ နောက်ဆက်တွဲ အကျိုးဆက်နှစ်ခု ရှိနိုင်ပါတယ်။ ဒီဆောင်းပါးတွေမှာ တရုတ်အနေနဲ့ သူရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ထောက်ခံဖို့ ရွေးချယ်ခဲ့ပေမဲ့ ရေရှည်မှာ အနုတ် လက္ခဏာ ဆောင်တဲ့ အကျိုးဆက် ဖြစ်လာနိုင်တယ်ဆိုတာကို စာရေးသူတွေက ထောက်ပြပြီး တရုတ်ရဲ့ မူဝါဒကို လွှမ်းမိုးလိုတဲ့ စိတ်ကို တွေ့ရပါတယ်။ ဒီနေရာမှာ စစ်အာဏာရှင်ကို အထောက်အပံ့ပေးတဲ့ တရုတ်ရဲ့လုပ်ရပ်တွေကို ပြည်သူလူထုအနေနဲ့ မလိုလားကြောင်း ထုတ်ဖော်ပြောဆိုတာအပြင် တရုတ်နဲ့ပတ်သက်ပြီး သပိတ်မှောက် တာတွေဟာ ဖြစ်သင့်ဖြစ်ထိုက်ပေမဲ့ စိတ်ခံစားမှုထက် နိုင်ငံရေးအပေးအယူအလျှော့အတင်းအဖြစ် စနစ်တကျ ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်ရင် ဆန့်ကျင်ဘက် ရလဒ်တွေ ပြန် ရလာနိုင်တာက သတိချပ်စရာ ဖြစ်ပါတယ်။ ဆောင်းပါးတွေရဲ့ အဓိက အာဘော်အဖြစ် “တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် စစ်အာဏာရှင်ကိုသာ ထောက်ခံဖို့ရွေးချယ်လိုက်ပြီ” ဆိုတဲ့ ကောက်ချက်ဟာ မြန်မာပြည် သူတွေအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုမိုများလာစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ လူထု လှုပ်ရှားမှုတွေဟာ အာဏာရှင်နဲ့အတူ တရုတ်ကိုပါ ပူးတွဲ ဆန့်ကျင်မှုတွေ ပိုများလာမယ်၊ တရုတ်ရဲ့ အကျိုး စီးပွားကို ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေကို ဖော်ဆောင်ရာမှာမဟာဗျူဟာမြောက် မဟုတ်ပဲ စိတ်ခံစားမှုအရ ဆောင်ရွက်မှုတွေ ပိုများလာမယ်ဆိုရင် အဲဒီနောက်ကွယ်မှာ နိုင်ငံရေးအရ၊ မဟာဗျူဟာအရ ပြိုင်ဘက်အုပ်စု ရှိနေ တယ်ဆိုတဲ့ တရုတ်ရဲ့ စိုးရိမ်မှုတွေ ခိုင်မာလာပြီး စစ်အာဏာရှင်ကို ပိုမိုထောက်ခံဖို့ တွန်းပို့သလို ဖြစ်စေနိုင်ပါတယ် (McKoy, M. K., & Miller, M. K., 2012)။ ဒုတိယတချက်ကတော့ တရုတ်အနေနဲ့ သူ့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ စစ်ကောင်စီကို ထောက်ခံလိုက်ပြီဆိုတဲ့ ကောက်ချက်ကို အဆုံးသတ် အဖြေအဖြစ် အခြေခံ စဉ်းစားမယ်ဆိုရင် အပိတ်သဘောဖြစ်သွားပြီး မြန်မာ့အရေးမှာ တရုတ်ကို အပြုသဘောဆောင်ပြီး ပါဝင်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ မူဝါဒအဖြေရှာဖို့ ပိုပြီး အလှမ်းဝေးစေပါမယ်။

နိဂုံးနဲ့ဆက်လေ့လာစရာရှိမရှိ

အထက်မှာ ဆွေးနွေးခဲ့တဲ့ ဆောင်းပါးအားလုံးနီးပါးမှာ “တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီရေးကို မလိုလား တာကြောင့် စစ်အာဏာရှင်ကို ထောက်ခံတာ မဟုတ်ဘူး” ဆိုပြီး ကနဦး ကောက်ချက် ချခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီကောက်ချက်က မြန်မာပြည်သူတွေရဲ့ တရုတ်အပေါ် ရှုမြင်မှုကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလမှာလည်း “မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားမှာကို တရုတ်က မလိုလားတာကြောင့် ရွေးကောက်ခံအစိုးရကို အားနည်းချည့်နဲ့ အကျပ်ရိုက်စေဖို့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်” ဆိုတဲ့ ပြောဆို ချက်တွေက မြန်မာပြည်သူတွေအကြား  ပြန့်နှံ့ စိမ့်ဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းချိန်မှာလည်း  “အာဏာသိမ်းမှု ဖြစ်စေဖို့ တရုတ်က မီးစိမ်းပြခဲ့ပြီး အာဏာရှင် စနစ်တည်မြဲစေဖို့ အထောက်အပံ့ ပေးနေတယ်” ဆိုတဲ့ အမြင်တွေ မြန်မာပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူလူထုအကြား တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေ၊ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ သုတေသနကိုအခြေခံတဲ့ အကဲဖြတ်မှုတွေထက် ဆိုရှယ်မီဒီယာနဲ့ သတင်းစာခေါင်းစီးတွေ၊ စိတ်ခံစားမှုကို အလွန်အမင်း စေ့ဆော်တဲ့ အာဘော်တွေကပဲ များစွာလွှမ်းမိုးခဲ့ပါတယ်။ ဒါကလည်း တရုတ်အရေး နားလည်ရာမှာ အထောက်အပံ့ဖြစ်စေမယ့်သတင်း အချက်အလက် ဂေဟစနစ် မရှိတာကို ပေါ်လွင်စေပါတယ်။ ဘယ်ကိစ္စရပ်မှာ မဆို ဖြစ်ရပ် တခုချင်းစီကိုအခြေခံတဲ့ သုံးသပ်ချက်တွေသာမက တစုံလုံး လွှမ်းခြုံမြင်ဖို့ အထောက်အကူပြုပြီး အချက်အလက် ကိန်းဂဏန်းတွေကို အခြေခံတဲ့ သုတေသနတွေလည်း များစွာလိုအပ်ပါတယ်။ ဥပမာ တရုတ်-မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုအတက်အကျ စတဲ့ အချက်အလက်တွေကို နိုင်ငံရေး လေ့လာ သုံးသပ်သူ တွေရဲ့ ကောက်ချက်တွေနဲ့ ပေါင်းစပ် နှိုင်းယှဉ်ချိန်ထိုး လေ့လာနိုင်ပြီး မတူညီတဲ့ ရှုထောင့်တွေကနေ တရုတ်နိုင်ငံရဲ့ မူဝါဒကို ပိုပြီး နားလည်နိုင်အောင် အားထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရာမှာရော၊ နောက်ပြီး အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ရေရှည်ဆက်ဆံရာမှာပါ တရုတ်နိုင်ငံကို ပိုမိုနားလည်စေဖို့၊ လေ့လာမှုတွေ၊ အားထုတ်မှုတွေများစွာ ပြုလုပ်နိုင်ဖို့နဲ့၊ ဩဇာရှိတဲ့ နိုင်ငံတကာ လေ့လာသုံးသပ်ချက်အမြင်တွေကို ပြည်သူတွေ ပိုမိုလက်လှမ်းမှီလာစေဖို့ ကြိုးပမ်းဆောင်ရွက်မှု များစွာ လိုအပ် နေပါသေးတယ်။

ရည်ညွှန်းကိုးကား

Chenyang, L. (2021, June 14). World Affairs: Why the International Community’s Attempts to Mediate Myanmar’s Political Crisis won’t Work. https://mp.weixin.qq.com/s/kkrCO-lIV2aLBdBywu5IdQ

Hirono, M. (2018, January). Exploring the links between Chinese foreign policy and humanitarian action: multiple interests, processes and actors. Humanitarian Policy Group. https://cdn.odi.org/media/documents/12015.pdf

International Crisis Group. (2009, September). China’s Myanmar Dilemma (Asia Report N°177). https://www.crisisgroup.org/asia/north-east-asia/china/china-s-myanmar-dilemma

Jakobson, L., & Knox, D. E. A. N. (2010, September). New Foreign Policy Actors in China. Stockholm International Peace Research Institute. https://www.files.ethz.ch/isn/120962/SIPRIPP26.pdf

McKoy, M. K., & Miller, M. K. (2012). The Patron’s Dilemma. Journal of Conflict Resolution, 56(5), 904–932. https://doi.org/10.1177/0022002711431795

PRIO. (2021, June). China in Myanmar: Complex Engagements, Complicated Relations (ISBN: 978–82-343-0211-4). https://www.prio.org/Publications/Publication/?x=12766

Steinberg, D., I., & Fan, H. (2012). Modern China-Myanmar Relations: Dilemmas of Mutual Dependence (Nias – Nordic Institute of Asian Studies Monograph). NIAS Press.

The post မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ appeared first on ISP Myanmar China Desk.